လှိုင်မျိုး-ဝါလကင်းလွတ် သီတင်းကျွတ်ပြီ။
သည်နှစ်သီတင်းကျွတ်က အတန်ငယ်စည်သည်။ ဘုန်းကြီးကျောင်းတွေမှာ ပရိသတ်မပြတ်သလို လမ်းပေါ်မှာလည်း ရှုပ်ရှုပ်ရှုပ်ရှုပ်။ မနက်က မိမိတို့ သွားခဲ့သည့် ကျောင်းမှာပင် ပရိသတ်က တစ်သုတ်ပြီး တစ်သုတ် ဝင်လာမစဲ တသဲသဲ။
တစ်သုတ်ပြီး တစ်သုတ်ရောက်လာတော့ သီလပေးသည့် ဆရာတော် ခမျာလည်း နားရသည်မရှိ။ ရင်းနှီးနေသည့် ဆရာတော်ကို အနီးကပ်သွားပြီး ဦးချတော့ သည်မနက် သီလပေးသည်မှာ ခုနစ်ကြိမ်မြောက်ဟု ဆရာတော်က မိန့်၏။
တစ်သုတ်လျှင် ခန့်မှန်းခြေ လူနှစ်ရာခန့် ရှိသည်ဆိုတော့ စုစုပေါင်း လူတစ်ထောင့်လေးရာခန့် လာသွားသည့်သဘော။ မိမိတို့ သီလယူပြီး ဆင်းအလာမှာပင် အောက်မှာ စောင့်ဆိုင်းနေသည့် ပရိသတ်က အတော်လေးများနေပြီ။အညာနှင့်တော့ ကွာသည်။ မိမိတို့အညာမှာတော့ ပရိသတ်အားလုံးစုံလောက်ချိန် နံနက် ကိုးနာရီခွဲခန့်မှာ တစ်စုတည်း၊တစ်ပေါင်းတည်း သီလပေးသည်။ အညာဘုန်းကြီးတွေက ဟောရပြောရတာ ပိုပြီးသက်သာမည်လား မသိ။
မနက်ပိုင်းသီလယူထားသည့် ဥပုသ်သည်တွေက ညနေပိုင်းရောက်တော့ ဘုန်းကြီးကျောင်းသို့ တစ်ခေါက်ထပ်သွားပြီး သီလဆေးကြရပြန်သည်။ အညာမှာတော့ တစ်ရက် တစ်ကျောင်းသာ သွားသည်။ သည်မှာလို တစ်ရက်ထဲမှာပင် တစ်ကျောင်းပြီးတစ်ကျောင်း ကျောင်းတက်သည့် အလေ့အထ မရှိ။
အညာဘက်မှာတော့ သီတင်းကျွတ်ပွဲတော်ကို တစ်ရွာနှင့်တစ်ရွာ ရက်လွှဲပြီး ကျင်းပကြသည်။ တစ်ရွာက သီတင်းကျွတ်လပြည့်နေ့ဆိုလျှင် နောက်တစ်ရွာက လပြည့်ကျော်တစ်ရက်၊ နောက်တစ်ရွာက လပြည့်ကျော်နှစ်ရက်။ တစ်ချိုု့ရွာတွေမှာ အငြိမ့်ပွဲ၊ဇာတ်ပွဲတွေပါ၏။
မိမိတို့ရွာကတော့ လပြည့်ကျော် တစ်ရက်နေ့မှာ ဆွမ်းတော်ကြီးလှည့်ပြီး နှစ်ရက်နေ့မှာ ဆွမ်းလောင်းပွဲ ကျင်းပသည်။ ဆွမ်းတော်ကြီး လှည့်ရာမှာ ရွာကအပျိုတွေ ကြီးငယ်လတ်မဟူ နိမ့်မြင့်ဆူကြံု အရွယ်စုံပါသဖြင့် စည်ကားသည်။
ဆွမ်းလောင်းပွဲမှာတော့ ရွာနီးချုပ်စပ်ဘုန်းကြီးကျောင်းတွေက သံဃာတော်တွေပါ ပင့်ဖိတ်၏။ ဆွမ်းလောင်းအပြီးမှာ ဘုရားပွဲမစမီ တစ်ပတ်အလိုခန့်က ကြိုတင်မဲနှိုက်ထားသည့်အတိုင်း မိမိတို့ မဲကျသော ဘုန်းကြီးကျောင်းက သံဃာတော်ကို ဆယ်အိမ်ခေါင်းအလိုက် ဆွမ်းနှင့်ခဲဖွယ်၊ဘောဇဉ်တွေ ဆက်ကပ်လှူဒါန်းပြီး ဟောကြားသည့်တရားတော်ကို နာယူကြရသည်။
ပြည်နယ်မြို့တော်ဖြစ်သော်ငြား လွိုင်ကော်က တောရနံ့တော့ သင်းနေသေးသည်။ အညာ ဘုရားပွဲတွေမှာ အိမ်တိုင်းစေ့ မုန့်လုပ်ကြသလို သည်မှာလည်း ဘုရားပွဲဆိုသည်နှင့် အိမ်တော်တော်များ မုန့်လုပ်ပြီးသား။ မုန့်တွေကလည်း အညာကအတိုင်းပါပဲ။ မုန့်ဆီကြော်၊မုန့်ပေါက်၊မုန့်နီထုပ်၊မုန့်ဖက်ထုပ်။
အချို့အိမ်တွေကတော့ ဆနွင်းမကင်းလုပ်ကြသည်။ အခေါ်အဝါ်တော့ နည်းနည်းကွာ၏။ အညာက မုန့်ပေါက်လိုမျိုးမုန့်ကို သည်မှာ မုန့်ပျားတူအုံဟု ခေါ်သည်။ မုန့်နီထုပ်ကိုတော့ အညာသား ကျောကုန်းတဲ့။
ဗြောက်အိုးဖောက်သည်ကလည်း အညာအတိုင်းပါပဲ။ ဗြောက်အိုးကတော့ အညာမှမဟုတ်၊ တစ်တိုင်းတစ်ပြည်လုံး ဖောက်မည်ထင်ပါရဲ့။ ဟိုက ဒိန်းကနဲ၊ သည်က ဖောက်ကနဲ။ သည်ဘက်ခေတ်မှာမှ ပေါပေါများများဖြစ်လာသော မီးရှူးမီးပန်းတွေကလည်း တရှူးရှူး တရွှီရွှီ။ သီတင်းမကျွတ်မီကတည်းက ဖောက်သည့်ဗြောက်၊ သီတင်းကျွတ်လွန်ကာ တန်ဆောင်တိုင်ပွဲပြီးမှသာ နားတော့သည်။
ဗြောက်အိုးဖောက်သံတွေကြားတော့ ငယ်စဉ်ကအဖြစ်အပျက်တစ်ခုကို သတိရ၏။ သီတင်းကျွတ် ဆွမ်းလောင်းပွဲမှာ အပျိုတွေကြား ဖောက်လိုက်သည့် ဗြောက်အိုးက အပျိုတစ်ဦးဝတ်လာသည့် လုံချည်ကို သွားမှန်ကာ လုံချည်ပေါက်သွားသဖြင့် ဖောက်မိသည့် ကိုကိုကာလသားခမျာ မရှိမဲ့၊ ရှိမဲ့ဖြင့် လုံချည် တစ်ထည်ဖိုး အလျော်ပေးလိုက်ရရှာသည်။ အင်းလေ...ကျွန်တော်ဖောက်မိ အပြစ်ရှိသည်ကိုး။
ညပိုင်းမှာ ကလေးနှစ်ယောက်ကို မြို့လည်ကဘုရားသို့ လိုက်ပို့ဖြစ်သည်။ ဘုရားရှေ့မျက်နှာစာက လမ်းမပေါ်မှာတော့ ကားတွေ၊ဆိုင်ကယ်တွေ ရှုပ်ထွေးနေသည်။ အဝင်ဝမှာ စျေးဆိုင်အချို့ရှိ၏။ မုန့်သိုင်းခြံုဆိုင် တစ်ဆိုင်တွေ့သည်။ ကောက်ညှင်းကျည်ထောက်သည်လေးတွေလည်း တွေ့ရ၏။ အအေးဓါတ်ဝင်ပြီမို့ ကောက်ညှင်းကျည်ထောက်တွေလည်း ရောင်းလာကြပြီပေါ့။
ဘုရားပရဝဏ်အတွင်းမှာ လူတွေက ခြေချင်းလိမ်နေ၏။ ရင်ပြင်ပေါ်ကိုတက်သည့် လှေကား အရင်းမှာ ကော်ဖီကုမ္ပဏီတစ်ခုက ဘုရားဖူးတွေကို ခွက်ငယ်လေးတွေဖြင့် ကော်ဖီတိုက်ပြီး စျေးကွက် မြှင့်တင်ရေးလုပ်သည်။ လူတော်တော်များများ သောက်ကြ၏။ ကျွန်တော်တို့နှစ်ယောက်တော့ မသောက်ဖြစ်။ သမီးသောက်ကြည့်တာ ကောင်းသည်ဟုပြောသည်။ သားငယ်ကတော့ မသောက်။
ရင်ပြင်တော်ပေါ်မှာလည်း လူကမနည်း။ ဆီမီးထွန်းသူကထွန်း၊ အမွှေးတိုင် ပူဇော်သူကပူဇော်၊ ပန်းလှူသူကလှူဖြင့် ပျားပန်းခပ်မျှ စည်ကားနေသည်။ နည်းနည်းရှင်းသည့်နေရာမှာ ဘုရားဝတ်ပြုပြီး ရင်ပြင်ထက်မှာ လှည့်ပတ်ကြည့်ရှုကာ ပြန်ဖို့ပြင်ကြသည်။ ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေဖြင့် ပြည်မနှင့် အလှမ်းဝေးသည့်နေရာ၌ ဘုရားရိပ်၊ တရားရိပ်မှာ နားခိုပြီး ဘုရားသံ၊တရားသံတွေ နာရ၊ကြားရတော့ ကြည်နူးမိသည်။
သို့သော်..... ကြည်နူးစိတ်နှင့်တစ်ဆက်တည်း ဘဝင်မကျသည့်စိတ်က ဖြစ်ပေါ်လာရသည်။ အကြောင်းရင်းက ဘုရားရင်ပြင်ပေါ်မှာ အားမနာတမ်းချထားသော ဘိနပ်တွေ။ ဘိနပ်အပ်ရန်နေရာ သီးသန့်မရှိသည့်အတွက် ဘိနပ်တွေ ရင်ပြင်ပေါ်အထိ ယူလာသည်ကို အပြစ်မဆိုချင်။ သို့သော် နင်းချင်ရာနင်းလာသည့် ဘိနပ်တွေကို သန့်ရှင်းနေသည့် ဘုရားရင်ပြင်ပေါ်မှာ သည်အတိုင်း ချထားတာကတော့ အမြင်မတော် ဆင်တော်နှင့်ခလောက်ဟု ဆိုချင်သည်။ မိမိဘိနပ်ကို အောက်မှာ ခတ်ထားခဲ့ဖို့ စိတ်မချဘူးဆိုလျှင်လည်း ကြွတ်ကြွတ်အိတ်ထဲ ထည့်ယူလာတာက သယ်ရပြုရ လွယ်ကူသလို ပိုပြီး အမြင်တင့်တယ်မည်ဟုထင်သည်။
နောက်တစ်ခုက ဘုရားပူဇော်ရာမှ ထွက်လာသည့် မွှေးတိုင်အခွံတွေ။ အမှိုက်ပုံး လုံလုံလောက်လောက် မရှိလို့လား။ အမှိုက်ကို ဖြစ်သလိုပစ်တတ်သည့် အကျင့်ဆိုးကြောင့်လားတော့ မသိ။ ရင်ပြင်ထက် နေရာအနှံ့အပြားမှာ မွှေးတိုင်အခွံတွေက ဟိုတစ်စ၊သည်တစ်စ။
တစ်ကယ်တော့ မွှေးတိုင်အခွံကို မိမိဘာသာ ပြန်သိမ်းလာပြီး လှေကားအတက်က အမှိုက်ပုံးထဲ ပစ်လိုက်လျှင် မပင်မပန်းပဲ သန့်သန့်ရှင်းရှင်း ဖြစ်သွားမည့်ကိစ္စ။ သို့တစေ ကုသိုလ်ပြုဖို့သာ အားသန်ပြီး အမှိုက်တွေကို အထားမမှန်တော့ အနားလန်သည့်တောင်းတွေလို ကြည့်မကောင်း၊ရှုမကောင်း ဖြစ်ရသည်။
ဘုရားဝတ်ပြုအပြီးမှာ သားအမိနှစ်ယောက် ပြန့်ကျဲနေသော မွှေးတိုင်အခွံတွေကို လိုက်ကောက်ကြသည်။ ကျွန်တော်ကတော့ အငယ်ကောင်ကိုထိန်းရင်း အရင်ဆင်းနှင့်သည်။ လှေကားရင်းက ကော်ဖီစျေးကွက်မြှင့်တင်ရေးလုပ်သည့် နေရာတစ်ဝိုက်မှာ ကြံုသလိုပစ်ထားသော တစ်ခါသုံးကော်ဖီခွက်တွေကို ဟိုဟိုသည်သည် တွေ့နေရသည်။ ကော်ဖီကုမ္ပဏီကပဲ အမှိုက်တောင်း ထားပေးဖို့ သတိမရတာလား၊ လူတွေကပဲ ဖြစ်ကတတ်ဆန်းလုပ်တာလားတော့ မသိ၊ ရောင်းသူနှင့်ဝယ်သူ အသံတူလွန်းလှသည်။
ဘုရားပရဝဏ်အတွင်း လူရှင်းသည့်နေရာမှာ သားအမိနှစ်ယောက်ကို စောင့်နေစဉ် ဆူညံလွန်းလှသော ဗြောက်အိုးနှင့်မီးရှူးမီးပန်းသံတွေကို သတိပြုမိသည်။ မီးရှူးမီးပန်းတွေက ကိုယ့်ဆီရောက်လာမည်ကိုလည်း သတိထားရသေး၏။ သီတင်းကျွတ်နှင့်တန်ဆောင်တိုင်ပွဲတွေမှာ ဘယ်ခေတ်အခါကတည်းက ဗြောက်အိုးဖောက်လာသည်ကို မစူးစမ်းမိ။ အေးချမ်းဆိတ်ငြိမ်မှုနှင့် ဆူညံပွက်လောရိုက်မှုတို့ မလိုက်ဖက်သည်ကိုတော့ လေးလေးနက်နက် ခံစားမိသည်။
“ကောင်းမှုတစ်ခု နေ့စဉ်ပြု”တဲ့။ ကောင်းမှုကုသိုလ်ဟူသည် ပွားများအပ်သောအရာတစ်ခု ဖြစ်သလို ကုသိုလ်ပြုရေးကိုလည်း တလေးတစား အားပေးကူညီသင့်သည်သာ။ သို့တစေ ကုသိုလ်ပြုခြင်း၏နောက်ဝယ် မရည်ရွယ်သည့် အကုသိုလ်တရားတွေက ပုံဖျက်ပေါ်ပေါက်လာတတ်သည်။ သည်သဘောကို တွေးတောဆင်ခြင်ပြီး ကုသိုလ်ပြုရာတွင် ကုသိုလ်မှ အကုသိုလ် မဖြစ်ရလေအောင် စနစ်တကျ စီမံဆောင်ရွက်ကြလျှင် ကုသိုလ်သန့်သန့်ကလေးတွေ ပိုမိုခန့်ညားလာမည်လား။
တစ်ပဲလား၊ တစ်ပိဿာလား။ ကုသိုလ်လား၊ ငရဲလား။ အသေအချာစဉ်းစားကြဖို့တော့ လိုပြီထင်၏။