ကယား(ကရင်နီ)တပြည်နယ်လုံးအတွက် ကိုယ်စားပြုနိုင်မည့် လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ (ကယားပြည်နယ်) သည် လာမည့် ၂၀၁၅ခုနှစ် ရွေးကောက်ပွဲဝင်နိုင်ရန်အတွက် ပါတီစည်းရုံးရေးလုပ်ငန်းများ စတင်ပြုလုပ်နေပြီဖြစ်သည်ဟု ပါတီဥက္ကဌ ဦးဖိုးရယ်က ပြောသည်။
ဦးဖိုးရယ်က “ပါတီမှတ်ပုံတင်ကျပြီး သုံးလအတွင်းမှာ ကျနော်တို့ ပါတီအင်အားစုစည်းပြီးတော့မှ ဗဟိုကော်မတီ ကို တင်ပြဖို့ ရှိတယ်လေ အဲ့သုံးလအတွင်းမှာ ပါတီအင်အားအနည်းဆုံး ငါးရာရဖို့ စည်းရုံးလှုပ်ရှားနေတယ်ပေါ့၊ အခုကတော့ အင်အားငါးရာကျော် တစ်ထောင်နီးပါးလောက်ရပါပြီ ဒါကလည်း ကော်မရှင်ကိုတင်ပြထားပြီးသား ဖြစ်ပါတယ်” ပြောသည်။
ရွေးကောက်ပွဲဝင်ရာတွင် ပြည်နယ် ကိုယ်စားပြုပါတီတစ်ခုအနေဖြင့် လွှတ်တော်တွင်းရောက်ရှိရန် နှင့်ပြည်နယ်၏ အကျိုးကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ရွေးကောက်ပွဲဝင်ခြင်း ဖြစ်သည်ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ၂၀၀၈ခုနှစ်အခြေခံ ဥပဒေအား အသစ်ပြန်လည်ရေးဆွဲနိုင်ရေး နှင့် ပြန်လည်ပြင် ဆင်နိုင်ရေးအတွက် ပါတီသဘောထားအနေဖြင့် ပြည်နယ်အတွက် သင့်လျှော်သင့် ပြင်ဆင်မှုများ လိုအပ်လျက်ရှိကြောင်း ဦးဖိုးရယ်က ဆက်ပြောသည်။
ကယားပြည်နယ် လူမျိုးပေါင်းစုံဒီမိုကရေစီ ပါတီသည် ၂၀၁၀ ခုနှစ်တွင် တကြိမ်မှတ်ပုံတင်ထားရှိခဲ့သည့် ပါတီဖြစ်ပြီး ရွေးကောက်ပွဲမတိုင်မှီတွင် ကြံ့ခိုင်ရေးပါတီမှ ဆက်လက်မဖွဲ့စည်းရန် တားမြစ်ခြိမ်းခြောက်မှု များပြုလုပ်ခဲ့သဖြင့် ရွေးကောက်ပွဲ မဝင်နိုင်ခဲ့ပဲ ပျက်ပြယ်သွားခဲ့သည့် ပါတီတခုဖြစ်သည်။
ယခုအခါ အခြားနိုင်ငံရေးပါတီများ နည်းတူ ၂၀၁၅တွင် ရွေးကောက်ပွဲဝင်နိုင်ရန် ဒုတိယအကြိမ် ပြန်လည်ဖွဲ့ မှတ်ပုံတင် လျှောက်ထားခဲ့ပြီးနောက် သြဂုတ်လ ၁ ရက်နေ့တွင် တရားဝင်မှတ်ပုံတင် ရရှိခဲ့ခြင်းဖြစ်သည်။