ဝ နှင့် မိုင်းလားအတွက် မှတ်ပုံတင်အပြင် နိုင်ငံကူးလက်မှတ်လည်းထုတ်ပေး

ဝ နှင့် မိုင်းလားအတွက် မှတ်ပုံတင်အပြင် နိုင်ငံကူးလက်မှတ်လည်းထုတ်ပေး
by -
သျှမ်းသံတော်ဆင့်

ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် နှင့် မိုင်းလားတပ်ဖွဲ့ဝင်များအတွက် နိုင်ငံတော်အစိုးရက မှတ်ပုံတင် များအပြင် အချို့ပုဂ္ဂိုလ်များအား နိုင်ငံကူးလက်မှတ်များ ထုတ်ဝေပေခဲ့ကြောင်း အရာရှိကြီးများနှင့် နီးစပ်သည့် ပုဂ္ဂိုလ်များက ပြောသည်။

အောက်တိုဘာလ ၂၉ ရက်နေ့ က ကျိုင်းတုံမြို့အခြေစိုက် ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာနမှ မိုင်းလားတပ်ဖွဲ့ဝင်များအတွက် နိုင်ငံသားစိစစ်ရေးကဒ်ပြား  (မှတ်ပုံတင်) နှင့် နိုင်ငံကူး လက်မှတ်ထုတ်ပေးခဲ့ရာတွင် အရာရှိပိုင်း အယောက် ၆၀ ခန့် နေ့ချင်းပြီး ရရှိခဲ့ကြောင်း၊ ထို့နည်းတူ ဝ တပ်ဖွဲ့အတွက်လည်း  ပြုလုပ်ပေးခဲ့ကြောင်း ကြားသိရ ပါသည်။

“မိုင်းလား တပ်ဖွဲ့ နဲ့ ဝ တပ်ဖွဲ့ကို သူတို့ ပေါ်လစီ က တစ်တန်းထဲထားတယ်။ မိုင်းလားကိုလုပ်ပေးရင် ဝ ကိုလဲ လုပ်ပေးမှာပါ။ အခုက မိုင်းလားတပ်ဖွဲ့က ၂၉ ရက်နေ့ က လုပ်ပေးတာ။ မှတ်ပုံတင်မှာလဲ ၁၃/မလန(နိုင်) ဆိုပြီးပေးတာ။ ထူးဆန်းတယ်ဒါတော့၊ နောက်ပြီး နိုင်ငံခြားသွားနိုင်ဖို့ ပတ်စပို့ကော တခါထဲ လုပ်ပေး တယ်” - ဟု အမည်မဖေါ်လိုသည့် အရာရှိတဦးက ပြောသည်။

သီးခြားအတည်ပြုချက်မရသည့် သတင်းအရ မှတ်ပုံတင်နှင့် နိုင်ငံကူးလက်မှတ်ရရှိရန် မိုင်းလား တပ်ဖွဲ့မှ လူတယောက်အတွက် ကျပ်ငွေ ရ သိန်းပေးဆောင်ရသည်ဟု ဆိုသည်။

စစ်အစိုးရလက်ထက် ၂၀၀၉ ခုနှစ်က အပစ်ရပ်တပ်ဖွဲ့နှင့် ၎င်းတို့မိသားစုများအတွက် နိုင်ငံသား စိစစ် ရေး ကဒ်ပြား (ယာယီ) သာထုတ်ပေးခဲ့ကြောင်း၊ ယခု ၁၃ /မလလ(နိုင်) ထုတ်ပေးမှုသည် ထူးခြားကြောင်း၊ လက်ရှိအစိုးရဖွဲ့စည်းအုပ်ချုပ်ပုံအရ မိုင်းယန်းမြို့နယ်အတွင်းတွင် ပါဝင်သည့် ဆီလူး  ဒေသခံအရာရှိများ လည်း မလလ(နိုင်) ကဒ်ရရှိကြောင်း ပြောပါသည်။

“ခရီးသွားတဲ့နေရာမှာ ခွဲခြားဆက်ဆံတာတွေ မခံရရင် ဝမ်းသာပါပြီ။ မလလ(နိုင်) ပါလို့ ဟိုရစ်ဒီရစ် ဆိုရင်တော့မမိုက်ဘူးလေ။ ကျနော်တို့လဲ ပြည်ထောင်စုမြန်မာနိုင်ငံသားဘဲ။ ဗမာတွေက သျှမ်းပြည်လာ လို့ရတယ်။ ကျနော်တို့ သျှမ်းပြည်သားတွေကတော့ သျှမ်းပြည်ထဲတောင် လွတ်လွတ်လပ်လပ် သွားလာ လို့ မရဘူး ဆိုရင်တော့ မဟုတ်သေးဘူးလေ” – ဟု တာချီလိတ်ရောက် မိုင်းလားတပ်ဖွဲ့ဝင်တဦးက ပြောသည်။

အထူးဒေသ ၄ မိုင်းလားတပ်ဖွဲ့၏ နယ်မြေတွင် ဆီလူးဒေသအား မိုင်းယန်းမြို့နယ်အတွင်း၌ လည်း ကောင်း၊ နမ့်ပန်းဒေသအား မိုင်းယောင်းမြို့နယ်အတွင်း၌လည်းကောင်း အစိုးရဖွဲ့စည်း အုပ်ချုပ်ပုံက သတ်မှတ် ထားပါသည်။

Most read this week