ထိုင်းမြန်မာ နယ်စပ်ရှိ ဒုက္ခသည် စခန်းများမှ ဒုက္ခသည် များအား နေရပ် ပြန်ပို့ရေးမှာ ၄င်းတို့၏ ပုဂ္ဂလိက နေရပ် ပြန်ရေး မပြန်ရေး ဟူသည့် ဆုံးဖြတ်ချက် ပေါ်တွင်သာ မူတည်ကြောင်း နယ်စပ် အကူအညီ ပေးရေး ညွန့်ပေါင်း အဖွဲ့ (TBC) မှ မြန်မာပြည် တာဝန်ခံ ဒေါ်နီလာမြိုင်က ပြောသည်။
“ပြန်လည် နေရာ ချထားရေး ဝေါဟာရ အရကိုက အစ်မတို့ အနေနဲ့က ဒုက္ခသည် တွေရဲ့ မိမိတို့ စိတ်ဆန္ဒနဲ့ နေရပ် ပြန်ရေး (Volunteer Return) ကိုပဲ အားစိုက် ပါတယ်၊ ဘယ်အကူအညီ ပေးရေး အဖွဲ့တွေမဆို UN ပဲ ဖြစ်ဖြစ် ဘယ်အဖွဲ့ပဲ ဖြစ်ဖြစ် ဒုက္ခသည်တွေ စိတ်ဆန္ဒ အရပဲ နေရပ် ပြန်ပို့ နိုင်မှာပါ။ အတင်း ဖိအားပေး နေရာ ပြန်ချရေး (Force Relocation) လုပ်လို့ မရပါဘူး” ဟု ဒေါ်နီလာမြိုင်က ပြောသည်။
ထို့အတူ TBC အဖွဲ့၏ ပြန်ကြားရေးနှင့် ဆက်သွယ်ရေး ဆိုင်ရာ ကျွှမ်းကျင် အရာရှိ မစ္စတာ Mike Bruce ကလည်း ထိုင်းအစိုးရ မြန်မာ အစိုးရ၊ ဒုက္ခသည် အကူအညီ ပေးရေး အဖွဲ့နှင့် ကုလ လက်အောက်ခံ အဖွဲ့များ တို့နှင့် ညှိနှိုင်း သဘောတူ ထားခဲ့ပြီး ဖြစ်ကာ ယခု အခြေ အနေသည် ဒုက္ခသည်များ နေရပ် ပြန်ရေး အတွက် ကောင်းမွန် တည်ငြိမ်သော အခြေ အနေ မဟုတ် သေးကြောင်း အားလုံးမှ သုံးသပ် ထားသည်ဟု ဆိုပါသည်။
“ကျနော်တို့ TBC အဖွဲ့ ၊ ထိုင်းအစိုးရ၊ မြန်မာ အစိုးရ၊ ကုလ လက်အောက်ခံ အဖွဲ့ ဥပမာ - UNHCR တို့ ဒီကိစ္စကို အထက်မှာ ပြောသလိုပဲ နေရပ် ပြန်ရေး အတွက် ကောင်းမွန် တည်ငြိမ်တဲ့ အခြေ အနေတွေ မဟုတ်သေးဘူး ဆိုတာ သဘောတူ ထားပြီး သားပါ၊ ဒါ့ပြင်ကို ဒုက္ခသည် စခန်းတွေမှာ စားနပ် ရိက္ခာ လျော့တာလည်း နေရပ် ပြန်ဖို့ ဖိအားပေးတာနဲ့ လုံးဝ ပတ်သက်မှု မရှိပါဘူး၊ ငွေကြေး ထောက်ပံမှု အပေါ် မူတည်ပြီး လုပ်ဆောင် ရတာပါ” ဟု TBC အဖွဲ့၏ ပြန်ကြားရေးနှင့် ဆက်သွယ်ရေး ဆိုင်ရာ ကျွှမ်းကျင် အရာရှိ မစ္စတာ Mike Bruce က ပြောသည်။
မည်သည့် အချိန်၌ ဒုက္ခသည်များ နေရပ်ပြန်ရေး အတွက် ပြည်လည် နေရာ ချထားရေး အစီအစဉ်ကို အကောင်အထည် ဖော်မည် ဆိုသည်မှာလည်း အချိန် ကန့်သန်ချက်မရှိသေး ဟုလည်း ဆိုပါသည်။ TBC အဖွဲ့အား အဓိက အားဖြင့် EU မှ အဓိက ထောက်ပံ ပေးလျက် ရှိကာ ထောက်ပံသည့် ပမာဏကို ဖြေကြားရန် မစ္စတာ Mike မှ ငြင်းဆို ခဲ့ပါသည်။
ယခုနှစ် ၂၀၁၃ ခုနှစ် အတွင်း ပြီးခဲ့သည့် သြဂုတ်လခန့်မှ စတင်၍ ထိုင်းမြန်မာ နယ်စပ်ရှိ ဒုက္ခသည် စခန်း (၉) ခုမှ ရိက္ခာ ထောက်ပံ့ ပေးမှု ပုံစံ အချို့ကို ပြောင်းလဲ ခဲ့ပြီး ၄င်းသည် ဒုက္ခသည်များ နေရပ် ပြန်ရေး အတွက် ဖိအားပေးသည့် သဘောဟု ဒုက္ခသည် စခန်းနေသူ များက ပြောဆို ခဲ့ကာ ၄င်းအား TBC အဖွဲ့မှ မစ္စတာ Mike Bruce နှင့် ဒေါ်နီလာမြိုင်က ငြင်းဆို ခဲ့ခြင်းလည်း ဖြစ်ပါသည်။
အထောက်အပံ့ ပေးမှု ပုံစံ များကိုလည်း ဒုက္ခသည် စခန်း တွင်း၌ ထောက်ပံ့ ရိက္ခာ မလိုဘဲ ရပ်တည် နိုင်သည့် ဒုက္ခ သည်များ ၊ ပမာဏ အချို့ ထောက်ပံ့ရန် လိုသည့် ပုံမှန် လူတန်း စားများ၊ ထောက်ပံ့ သင့်သည့် လူတန်းစား များနှင့် အထူး ဂရုစိုက် ထောက်ပံ့ ကူညီ ရမည့် လူတန်းစား များဟူ၍ လေးမျိုး ခွဲက ထောက်ပံ့ ရိက္ခာ ပေးဝေမှု ပုံစံကို ပြောင်းလဲ ကျင့်သုံး ခဲ့ပါသည်။
ထိုသို့ အထောက်အပံ့ ပုံစံ ပြောင်းလဲ ရခြင်း၏ အဓိက အကြောင်းရင်း မှာလည်း TBC မှ ယခင်နှစ် များတွင် ရရှိနေသည့် အကူ အညီထက် သုံးပုံ တစ်ပုံခန့် အကူအညီ လျော့နည်း လာသည့်အတွက် ရိက္ခာထောက်ပံ့မှု ပုံစံအား ပြောင်းလဲရန် အဓိက အကြောင်းရင်း တစ်ရပ် ဖြစ်လာခဲ့သည်။
သို့သော်လည်း ကရင် အမျိုးသား အစည်းအရုံး KNU နှင့် ပြည်ထောင်စု အဆင့်၌ တွေ့ဆုံ ခဲ့စဉ် အစိုးရ ကိုယ်စားလှယ် များက ကရင် ဒုက္ခသည် စခန်းမှ ဒုက္ခသည် အိမ်ထောင်စု (၅၀) ခန့်အား အစမ်း ပြန်လည် နေရာချထားရန် ဆွေးနွေး ခဲ့ဖူး ပါသည်။
နယ်စပ် အခြေစိုက် ဒုက္ခသည်များ ပြန်လည် နေရာချထားရေး ဆိုရာ၌လည်း ယခု လက်ရှိ၌ မြေယာ သိမ်းဆည်း ထားမှု ပြသနာများ၊ ဖွံ့ဖြိုးရေး စီမံကိန်း အတွက် လျာထားသည့် မြေယာ များကြောင့် နေရပ် ပြန်မည့် ဒုက္ခသည် များအတွက်မူ မိမိတို့ လက်ငုတ် လက်ရင်း မြေယာ များတွင် ပြန်လည် ထွန်ယက် စိုက်ပျိုး လုပ်ကိုင် နိုင်ရန် အတွက် ကြီးစွာသော စိန်ခေါ် မှုများ အဖြစ် ရှိနေကြောင်း ဒေါ်နီလာမြိုင်က ဆိုပါသည်။
ထို့အပြင် ပြီးခဲ့သည့် နိုဝင်ဘာလ (၁) ရက်နေ့ ၌လည်း TBC အဖွဲ့မှ မြန်မာပြည် အရှေ့တောင်ပိုင်းရှိ တိုင်းရင်းသား လူမျိုးစု များသည် နာတာရှည် ဆင်းရဲ မွဲတေမှု၊ ကာလ ကြာမြင့်စွာ နေရပ်စွန့်ခွာ ထွက်ပြေး နေရမှုနှင့် အင်အား ချည့်နဲ့သည့် အုပ်ချုပ်မှု များကို မီးမောင်း ထိုးပြ ထားသည့် နှစ်ပတ်လည် စစ်တမ်း တစ်ရပ်ကို ထုတ်ပြန် ခဲ့ပါသည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အစိုးရ တို့အကြား ရရှိ ထားသည့် အပစ် အခတ် ရပ်စဲရေး သဘောတူညီမှု များ၏ ထိလွယ် ရှလွယ် မှုနှင့် ပဋိပက္ခ ဒေသများတွင် စည်းမျဉ်း ဥပဒေများ တိကျစွာ မသတ်မှတ်ပဲ စီးပွားရေး ရင်းနှီးမြုပ်နှံမှုများ ပြုလုပ် နေခြင်းကြောင့် နစ်နာမှု ဖြစ်နိုင်သည့် အခြေအနေ များကိုလည်း ၄င်း နှစ်ပတ်လည် စစ်တမ်းတွင် မီးမောင်းထိုး ဖော်ပြ ထားခဲ့ ပါသည်။
ပြည်တွင်း စစ်ဒဏ်ကြောင့် ၁၉၈၈ ခုနှစ်နောက်ပိုင်းမှ စ၍ ထိုင်းမြန်မာ နယ်စပ်ရှိ ဒုက္ခသည် စခန်း (၉) ခုတွင် ဒုက္ခသည် တသိန်းကျော် အထိ ရှိခဲ့ကာ ပြီးခဲ့သည့် ၂၀၁၂ ဒီဇင်ဘာလ TBC အစီရင် ခံစာအရ လက်ရှိတွင် ဒုက္ခသည် စခန်းများ၌ ၁၂၈, ၁၉၉ ဦး ရှိနေဆဲ ဖြစ်ကြောင်း ဖော်ပြ ထားပါသည်။ သို့သော်လည်း ၂၀၁၂ ခုနှစ်တွင် ဒုက္ခသည်ပေါင်း ၃,၀၀၀ ခန့် မြန်မာ ပြည်တွင်းသို့ ပြန်လည် ဝင်ရောက် သွားကာ ၁၀,၀၀၀ ဦးတို့မှာ အခြား လုပ်ငန်း ဆောင်တာများ လုပ်ကိုင်ရန် အတွက် စခန်းများအား ထွက်ခွာ ခဲ့ကြောင်း ၂၀၁၂ TBC အစီရင် ခံစာ၌ ဖော်ပြ ထားပါသည်။