နှစ်ပေါင်းများစွာ လက်နက်ကို်င်ထားခဲ့သည် လူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်း ၁၃ ဖွဲ့မှ ကိုယ်စားလှယ် ၁၀၀ ကျော် တက်ရောက်သော ကချင်ပြည်နယ်၊ လိုင်ဇာမြို့ တိုင်းရင်းသားတို့၏ ထိပ်သိီးဆွေးနွေးပွဲ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ ဆွေးနွေးပွဲ၏ ရည်ရွယ်ချက်မှာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးနှင့် နိုင်ငံရေးအရ ဆွေးနွေးဖြေရှင်းခြင်းဖြင့် ပြည်တွင်းငြိမ်းချမ်းရေး ရရှိစေရေး အားလုံးလက်ခံသည့် မူဘောင် ရေးဆွဲဆွေးနွေးရန် ဖြစ်သည်ဟု တိုင်းရင်းသားခေါင်းဆောင်များက ပြောကြားခဲ့သည်။
ယင်းဆွေးနွေးပွဲကို သမ္မတဦးသိန်းစိန်ကလည်း ဤဆွေးနွေးပွဲမှ နိုင်ငံရေး ဆွေးနွေးမှုဖြင့် ငြိမ်းချမ်းရေး တည်ဆောက်ရန် အထောက်အကူ ဖြစ်စေမည်ဟု ယုံကြည်ပါကြောင်း ပါရှိသည့် သဝဏ်လွှာကိုပေးပို့ခဲ့ သည်။
မိမိတို့ နိုင်ငံသည် လွတ်လပ်ရေးရသည့်အချိန်နှင့် တစ်ချိန်တည်းမှာပင် လူမျိုးစုမများ လက်နက်စွဲကိုင်ကာ ယင်းတို့၏ ကိုယ်ပိုင်အခွင့်အရေးများအတွက် ရုန်းကန်ခဲ့ကြခြင်းဖြင့် ဖြစ်ပွားခဲ့ရသည့် ပြည်တွင်းစစ်မှာ ရာစုနှစ်ဝက်ကျော် ဖြတ်သန်းခဲ့ပြီ ဖြစ်သည်။ လွတ်လပ်ရေးရပြီးနောက် အာဏာရ အစိုးရ အဆက်ဆက်သာ ပြောင်းလဲသွားခဲ့သည်။ ပြည်တွင်းစစ်သည်မူ လျော့နည်း ချုပ်ငြိမ်းသွားသည်မရှိဘဲ ပို၍ပို၍သာကြီးထွားလာ ခဲ့သည်။
အဆိုးဝါးဆုံးရလဒ်မှာ နိုင်ငံသားအားလုံး စစ်စရိတ်ဝန်ထုပ်ဝန်ပိုးကြီးခဲ့ခြင်း မိမိနိုင်ငံသားများ၊ သူတစ်ပါး တိုင်းပြည်များအတွင်း စစ်ပြေးဒုက္ခသည်များအဖြစ် နှစ်ပေါင်းများစွာ ခိုလှုံနေထိုင်ရခြင်းနှင့် တိုင်းပြည်စီးပွား ရေး ချွတ်ခြံုကျရခြင်း အစရှိသော ဆိုးကျိုးများ ဖြစ်ပေါ်ခဲ့ရသည်။
အဆိုးရွားဆုံးရလဒ်မှာ တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပြိုကွဲကာ မယုံသင်္ကာဖြစ်မှု အငြိုးအတေးကြီးမှုနှင့် သွေးစွန်းသော နာကျည်းကြေကွဲမှု ရလဒ်ဆိုးကြီးပင် ဖြစ်သည်။
ယခုအခါ လိုင်ဇာဆွေးနွေးပွဲမှ ရရှိသည့် အကျိုးကျေးဇူးမှာ တိုင်းရင်းသားများ မကြံုစဖူးထူးကဲစွာစည်းလုံး စုစည်းမိကြခြင်းနှင့် ပြည်တွင်း ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းပေါ်တွင်သာ ရပ်တည်မည်ဟူသော တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများ၏ လိုင်ဇာကြေညာချက်ပင် ဖြစ်သည်။ ထိုသတင်းမှာ မင်္ဂလာသတင်းပင် ဖြစ်သည်။
သမ္မတ၏ သဝဏ်လွှာတွင် ပါရှိသည့် နိုင်ငံရေး ဆွေးနွေးခြင်းဖြင့် ငြိမ်းချမ်းရေး တည်ဆောက်ရန်ဟူသော အချက်နှင့်လည်း ကိုက်ညီနေသည်ကို တွေ့ရသဖြင့် အများပြည်သူ စိတ်ချမ်းသာစေသည့် သတင်းပင် ဖြစ်သည်။
ပြည်တွင်းငြိမ်းချမ်းရေး ပျက်ပြားရခြင်း၏ လက်သည်တရားခံမှာ တိုင်းရင်းသားများ၏ ကိုယ်ပိုင်အခွင့်အရေး များ ဆုံးရှုံးထိခိုက်ရခြင်းနှင့် ပြဿနာများကို လက်နက်ဖြင့် ဖြေရှင်းခြင်းတို့ပင် ဖြစ်သည်။
တိုင်းရင်းသားများဖြင့် ဖွဲ့စည်းထူထောင်ထားသည့် နိုင်ငံတစ်နိုင်ငံအဖို့ တိုင်းရင်းသားတို့ ကိုယ်ပိုင်အခွင့် အရေးများ ပြည့်ဝစွာ အသိအမှတ်ပြုရရှိရေးသည် အရေးကြီးသည်။ ထို့ပြင် မတူကွဲပြားခြားနားသူ အချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူသည် ပို၍ အရေးကြီးသည်။ ယင်းအချက်နှစ်ချက်အပေါ်အမှန် တကယ် ယုံယုံကြည်ကြည်ဖြင့် ရပ်တည်ဆောင်ရွက်မှသာ မိမိတို့ နိုင်ငံ ပြည်တွင်းစစ်ကြီး ချုပ်ငြိမ်းနိုင်မည် ဖြစ်သည်။
ယခုအခါ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးကို သဘောတူလက်မှတ်ထိုးရန် တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများက သဘောတူခဲ့ပြီ ဖြစ်သည်။ နောက်တစ်ဆင့်မှာ နိုင်ငံရေးအရ ဆွေးနွေးရေး ဖြစ်သည်။ ပြည်သူတွေအားလုံး မျှော်မှန်းထားရှိသည့် ပြည်ထောင်စု စစ်စစ် ဖြစ်ပေါ်လာရေးသည် နိုင်ငံရေးအရ ဆက်လက်အောင်မြင်အောင် ဆွေးနွေးခြင်းနှင့် ပြည်တွင်းစစ် ထာဝရချုပ်ငြိမ်းအောင် ဆောင်ရွက်နို်င်ရေး အပေါ်တွင် လုံးဝ မူတည်နေကြောင်း ယူဆရပေသည်။