ပြည်ပမီဒီယာတစ်ခုဖြစ်သော မဇ္ဈိမသတင်းဌာနကို မဇ္ဈိမမီဒီယာဂရု(ပ်) (Mizzima Media Group) အဖြစ် ပြောင်းလဲ ဖွဲ့စည်းခြင်း အခမ်းအနားကို အောက်တိုဘာ ၃၁ ရက် ညနေ ၄ နာရီမှ ရ နာရီအထိ အင်းလျား လိတ်ဟိုတယ် မြက်ခင်းပြင်တွင် ကျင်းပခဲ့သည်။
အခမ်းအနားသို့ အစ္စရေး၊ အိန်္ဒိယ၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ စင်ကာပူ၊ တရုတ်ပြည်သူ့သမ္မတ စသောနိုင်ငံ သံတမန်များ၊ ကုလသမဂ္ဂမှ ကိုယ်စားလှယ်များ၊ ပြည်တွင်း၊ ပြည်ပမှ စီးပွားရေးလုပ်ငန်းရှင်များ၊ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားကြသူများ၊ ပြည်တွင်း၊ ပြည်ပသတင်းဌာနမှတာဝန်ရှိ သူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် Miss Universe Myanmar ၏ 1st Runner Up ရရှိထားသူ အေးချမ်းမိုးက အခမ်းအနား မှူးအဖြစ်ဆောင်ရွက်ခဲ့သည်။ အခမ်းအနားတွင် ပထမအစီအစဉ်အဖြစ်အခမ်းအနားကို ဖွင့်လှစ် ကြောင်း ကြေညာခဲ့အပြီးတွင် ယခုပြန်လည်ဖွဲ့စည်းသည့် မဇ္ဈိမမီဒီယာဂရု(ပ်)တွင် ဦးဆန်နီဆွေ (Myanmar Time Journal ကို တွဲဖက်တည်ထောင်ခဲ့သူ) က အမှုဆောင်အရာရှိချုပ်အဖြစ် ဦးဆောင်မည်ဖြစ်ပြီး မဇ္ဈိမမီဒီယာ ကုမ္ပဏီကို စတင်တည်ထောင်ခဲ့သူ ဦးစိုးမြင့်က အယ်ဒီတာချုပ်အဖြစ် တာဝန်ယူလုပ်ဆောင်မည်ဖြစ်ကြောင်း ကို ဦးစွာရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက်တွင် မဇ္ဈိမမီဒီယာကို ပြည်ပတွင်စတင်တည်ထောင်ဖွဲ့စည်း လုပ်ကိုင်ရာမှပြည်တွင်းသို့ ၀င် ရောက်လာပုံများနှင့် လက်ရှိ ပြောင်းလဲလုပ်ကိုင်မည့် မဇ္ဈိမမီဒီယာဂရု(ပ်)၏ ဖွဲ့စည်းပုံများနှင့် လုပ်ကိုင် လျက်ရှိသော လုပ်ငန်းများကို ဦးစွာပရိုဂျက်တာဖြင့် မိတ်ဆက်ရှင်းလင်းအပြီးတွင် မဇ္ဈိမမီဒီယာ ဂရုပ်(ပ်) ၏အယ်ဒီတာချုပ် ဦးစိုးမြင့်ကအမှာစကားပြောကြားရာတွင် “မဇ္ဈိမရဲ့ လွတ်လွတ်လပ်လပ် သတင်းတင် ဆက်မှုဆိုင်ရာရှည်လျားတဲ့ သမိုင်းကြောင်းကိုဆက်လက်ပြီး ထိန်းသိမ်းသွားမှာပါ။ မြန်မာမီဒီယာကဏ္ဍ မှာ ဦးဆောင်တဲ့အပိုင်းကနေ ပါ၀င်လာအောင်ကြိုးပမ်းသွားမှာပါ” ဟု ပြောကြားသွားခဲ့သည်။
မဇ္ဈိမ မီဒီယာဂရု(ပ်) ၏ အမှုဆောင်အရာရှိချုပ်အဖြစ် ဦးဆောင်လုပ်ကိုင်မည့် ဦးဆန်နီဆွေက “မဇ္ဈိမသတင်း ဌာနဟာ အရင်ကပြည်ပအခြေစိုက် မီဒီယာတစ်ခုဖြစ်ခဲ့ပြီး လုပ်ငန်းလည်ပတ်ဖို့ အတွက်အလှူရှင်တွေကို မှီခိုခဲ့ရပါတယ်။ အခုအခါ စီးပွားရေးအရ မိမိဘာသာရှင်သန်လည်ပတ်နိုင်တဲ့ အ ဖွဲ့အစည်းတစ်ခု အသွင်ကူး ပြောင်းရေးမှာစိန်ခေါ်မှုတွေရှိမှာဖြစ်ပေမယ့် အောင်မြင်လိမ့်မယ်လို့ ကျွန်တော် တို့လုံးဝယုံ ကြည်ထားတယ်။ အခုကျွန်တော်တို့ရဲ့ မဇ္စျိမ မီဒီယာဂရု(ပ်)ကို တွေ့ဆုံစဉ်ခဏအတွင်းမှာပဲ စိတ်တူသဘောတူနဲ့ ပါ၀င်ပေးတဲ့ မြန်မာ့ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဦးသိမ်းဝေကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်” ဟု ပြောကြားခဲ့သည်။
ယင်းအပြင် TNS Research မှ MD ဖြစ်သူ ဂျေဆင်ကော်ပလန်ကလည်း မဇ္ဈိမ၏ လုပ်ကိုင်မှုများနှင့် ရှေ့အ လားအလားအပေါ် သုံးသပ်ပြောကြားသွားခဲ့သည်။
ဒီမိုကရက်တစ်ပါတီ(မြန်မာ) အတွင်းရေးမှူးချုပ် ဒေါ်သန်းသန်းနုကလည်း “ရလဒ်ကောင်းတွေနဲ့အတူ အောင်မြင်ကျော်ကြားနေမယ်ဆိုတာ ယုံကြည်ပါ တယ်” ဟု ပြောကြားသွားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသူများအား Rainbow တီးဝိုင်းဖြင့်ဧည့်ခံခဲ့သည်။ မဇ္ဈိမမီဒီယာဂရု(ပ်) ကို ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၂၈ ရက်တွင် ဦးစိုးမြင့်၊ ဦးဆန်နီဆွေနှင့် မြန်မာ့ထိပ်တန်းစီးပွားရေးလုပ်ငန်း ရှင် ဦးသိမ်းဝေတို့ကသာတူညီမျှ အစုစပ်သဘောဖြင့် လက်မှတ်ရေးထိုးကာစတင်ခဲ့သည်။
မဇ္ဈိမမီဒီယာဂရုပ်(ပ်)တွင် အပတ်စဉ်ထုတ် မဇ္ဈိမစီးပွားရေးမဂ္ဂဇင်း၊ မဇ္ဈိမသတင်းစာ၊ မဇ္ဈိမ အင်္ဂလိပ်ဝက်ဘ် ဆိုဒ်၊ မဇ္ဈိမ မြန်မာဝက်ဘ်ဆိုဒ်များ၊ မြန်မာ့ရုပ်မြင်သံကြားတွင် အပတ်စဉ်ထုတ်လွှင့်တင်ဆက်လျက်ရှိသော မဇ္ဈိမစီးပွားရေးသတင်း၊ မဇ္ဈိမအားကစားသတင်းအစီအစဉ်များကိုထုတ်လုပ်လျက်ရှိသည်။