ပြည်တွင်းတွင် တိုက်ပွဲ ခဏခဏ ဖြစ်လာသည့် အတွက် ပြည်တွင်း စစ်ပြေး ဒုက္ခသည်များ ဖြစ်လာရသည်။ အစိုးရတပ်များသည် ပလောင် ဒေသ ဖြစ်သည့် နမ်းဆန်၊ ကွတ်ခိုင်၊ နမ့်မတူ၊ တန့်ယန်း၊ နမ့်ခမ်း နှင့် မန်တုန် မြို့နယ် တလျှောက်၌ ထိုးစစ်ဆင်လျှက် ရှိပါသည်။
ဒေသ စိုးမိုးရေး၊ လုံခြုံရေး နှင့် ငြိမ်းချမ်းရေး အတွက် ဖိအားပေးရေး စသည့် အကြောင်း အမျိုးမျိုး ပြကာ စစ်ဆင်နေပြီး ဒေသခံများအား အဓမ္မ စွပ်စွဲကာ ရိုက်နှက်ခြင်း၊ ပေါ်တာခေါ်ခြင်း၊ အကြောင်းမဲ့ ပစ်သတ်ခြင်း၊ ကျေးရွာအတွင်း တိုက်ပွဲဖေါ်ခြင်း၊ ရွာအပြင် မထွက်စေခြင်း စသဖြင့် ဒေသခံ လူထုအား ကြောက်လန့် နေစေရန် ဖန်တီး နေခဲ့ပါသည်။
ဤကဲ့သို့ ကြောက်လန့် တကြား စိုးရိမ်နေရသော လူထုများသည် နီးစပ်ရာမြို ့သို့ လည်းကောင်း၊ တောထဲတွင် လှည့်လည် သွားလာ နေရခြင်း (IDP)၊ စစ်ထဲ မဝင်မဖြစ် ၀င်ခဲ့ရခြင်းများ ဖြစ်လာ ခဲ့ပါသည်။ အလုပ် လက်မဲ့များ ဖြစ်လာခြင်း၊ မူးယစ်ဆေးဝါး ပြဿနာ ထူပြောလာခြင်း၊ အကျင့်ပျက်မှုများ နှင့်ကျေးရွာ ရွှေ့ပြောင်းခြင်း ကြောင့် ဒုက္ခသည် ဘဝများ ဖြစ်လာ ခဲ့ပါသည်။
ဤကဲ့သို့ ဖန်တီးထားသည့် အပြင် တချိန်ထဲတွင် ဒုက္ခသည် စခန်းမဖွင့်ရ။ နေရပ်ပြန်ကြ ဟူ၍ ပြန်လည် မောင်းထုတ် ပြန်ပါသည်။ ဘာအညှိးဖြင့် ဤကဲ့သို့ လူထုအား အကြောက်တရားဖြင့် နှိပ်ကွပ်နေသည်ကို စဉ်းစား၍ မရလောက်အောင် လူမှုတရားတွေ ပျက်ပြား နေရသနည်း။ “ငါတို့သာ အစိုးရ ဖြစ်တယ်။ ငါတို့သာ အုပ်ချုပ်မယ်။ ငါတို့ တိုင်းပြည်မှာ ငါတို့ကြိုက် သလို အုပ်ချုပ်မယ်” ဆိုသည့် အဆင့်နိမ့်သော အမြင်များဖြစ်နေကြသနည်း။
ဤသို့ကြောင့် ပလောင်(တအာင်း) ဒေသတွင် ဒုက္ခသည် စခန်းများ ဖြစ်လာ ခဲ့ပါသည်။ ဤကဲ့သို့ နှစ်ပေါင်းများစွာ ဖြစ်လာသည နှင့်အမျှ ပြေလည်သွားခြင်း မရှိသေးဘဲ တဖြည်းဖြည်း ဆိုးရွားလာ နေခဲ့ကြောင်း၊ ပလောင်အမျိုးသမီးအဖွဲ့(PWO) မှ တွဲဖက် အတွင်းရေးမှူး (၂) လွေပိုးညိူဝ်းက ဆိုပါသည်။
ဤသို့ကြောင့် တိုးလာနေသည့် ဒုက္ခသည်ဘဝ အခြေအနေမှန်ကို လက်တွေ့ ကွင်းဆင်းပြီး လေ့လာခဲ့သည့် လွေပိုးညိူဝ်း အားဆက်သွယ်ခဲ့ခြင်းဖြစ်ပါသည်။
မေး ။ ။ပလောင်(တအာင်း) ဒေသမှာ စစ်ပြေး ဒုက္ခသည်တွေများ လာတယ်လို့ ကြားတယ်။ ဒီတော့ ဘယ်နေရာ၊ ဘယ်ဒေသက ဒုက္ခသည် စခန်းများမှာ တိုးလာနေတာလဲ။
ဖြေ ။ ။ ပလောင်ဒေသ ဖြစ်တဲ့ ကွတ်ခိုင် ဘက်မှာ ဒုက္ခသည် စခန်း (၂) ခုရှိတယ်။ တစ်ခုက ကာလန်လို့ ခေါ်ပြီး နောက်တစ်ခု ကတော့ မိုင်းယု လို့ခေါ်တယ်။ မိုင်းယုမှာက နဂိုကတည်းက ရွာပေါင်း (၃) ရွာကနေ စုပေါင်းပြီး နေကြတာ လူ(၁၀၀၀) ထောင် ကျော်တယ်။ ကွတ်ခိုင် အောက်ဘက်နားက ငေါ့ငါး ရွာဆိုရင် လည်း တိုက်ပွဲတွေ ခဏခဏဖြစ် နေတော့ ရွာလုံးကျွတ်ဘဲ ထွက်ပြေး လာကြတယ်။ စာရင်း အတိကျရထား တာက ဒုက္ခသည် တွေက လျော့မသွားတဲ့ အ ပြင် အခု မိုင်းယုမှာ (၃၀၀) ကျော် ထပ်ပြီး တိုးလာပြန်တယ်။ နောက်ထပ် (၂၀၀) ကျော် ကလည်း နမ့်ဖက်ကာ ဒုက္ခသည် စခန်းဖက်ကို ထွက်ပြေး ကြတယ်။ နောက်ထပ် (၅၀၀) နီးပါးလောက် ကလဲ မြို့ပေါ်က နီးစပ်သူ ဆွေမျိုးတွေဆီမှာ ထွက်ပြေး ခဲ့ကြသလို တောတွေမှာ တောင်ယာတွေမှာ လယ်ယာတွေမှာခြံတွေမှာ တဲလေးထိုးပြီး နေနေကြ တာလည်း ရှိပါတယ်။ စုစုပေါင်း (၁၀၀၀) နီးပါးလောက် ထပ်ပြီး ထွက်ပြေး နေရတာလည်း ဖြစ်ပါတယ်။ အဓိက ပြဿနာက ပလောင် ဒေသမှာ တိုက်ပွဲ ခဏခဏ ဖြစ်တဲ့ ပြသနာကြောင့် ပါဘဲ။ ဟိုတစ်နေ့ အောက်တိုဘာ (၂၅) ရက်နေ့ ကလည်း TNLA နဲ့ အစိုးရ တိုက်ပွဲဖြစ် ခဲ့တယ်။
မေး ။ ။ စုစုပေါင်း ပလောင် ဒေသမှာချည်းပဲ ဒုက္ခသည် စခန်းပေါင်း ဘယ်နှစ်ခု ရှိသလဲ။
ဖြေ ။ ။ နမ့်မတူ၊ တန့်ယန်း၊ကွတ်ခိုင်မှ ၂ ခု၊ ၊ နမ့်ခမ်းက (၂)ခု၊ မန်တုန်မှာ (၃) ခု ပလောင်ဒေသ တစ်ခုလုံးပြောရ ရင်တော့ ဒုက္ခသည်စခန်း(၉) ခုရှိပါတယ်။ တန့်ယန်းစခန်းက အရင် ကတည်းက(၇၀၀) ကျော် ရှိတဲ့စခန်းဖြစ်ပါတယ်။
မေး ။ ။ တိုက်ပွဲ ကြမ်းလာတဲ့ (၃)နှစ်အတွင်း မှာသူတို့က ဒုက္ခသည် စခန်းမှာ ခိုလှုံနေကြတယ် ဆိုတော့ဟုတ်ပါပြီး။ တိုက်ပွဲ ပြန်မဖြစ်တဲ့ နေရာလည်း ရှိပါတယ်။ အဲဒီနေရာက လူတွေရောသူတို့ ကျေးရွာကို မပြန်ကြဘူးလား။
ဖြေ ။ ။ ပြန်ကြတဲ့ သူတွေလည်း ရှိပါတယ်။ ပြန်တဲ့ သူတွေက သူတို့ ကျေးရွာကို ပြန်ကြတာမဟုတ်ဘူး။ ပုန်းခိုလို့ ရမယ့် တောင်ယာတွေ မှာ တော မှာ နေနေကြတာပါ။ တချို့ကတော့ သူတို့ ရွာရောက်တော့ သူတို့ အိမ်တွေ မရှိတော့ဘူး နေဖို့ လည်း မရှိတော့ဘူး ဆိုတော့ ဒုက္ခသည် စခန်းက မပြန်သေးတဲ့ လူတွေထက် အများကြီး ဒုက္ခရောက် ပြန်ပါတယ်။ သူတို့ ထင်ထားတဲ့ အခြေနေနဲ့ တခြားစီ ဖြစ်နေတာလည်း ရှိတယ်လေ။
ဘာဖြစ်လို့လဲ ဆိုတော့ အစိုးရ စစ်တပ်က သူတို့အိမ်က ပစ္စည်းတွေ ယူလိုက် ကုန်တယ်။ နောက်ပြီး ရွာကအိမ်မှာ လူမရှိတော့ တချို့ အိမ်ကလည်း ပျက်စီးပြီး ပြိုသွားတာ ရှိသလို တချို့အိမ်ကိုလည်း အစိုးရ စစ်တပ်က ဖျက်စီးထား ကြတယ်။ အိမ်တိုင်တွေကိုလည်း မီးရှို့ထားပြီး ထင်းလုပ်ကြတယ်။ တချို့ လူတွေက တောင်ယာလုပ် နောက်ကျသွားတဲ့ အချိန်မှ ရောက်တော့ တောင်ယာ မလုပ်ရတဲ့ အပြင် ထောင်ထားတဲ့ မြေမြှုပ်မိုင်းတွေ ကြောင့် ရွာအပြင် မထွက်ရဲ ကြဘူး။ ဒီတော့ ရွာပြန်သွားတဲ့ လူတွေမှာက ဘာမှ လုပ်စားလို့ မရတဲ့ အပြင် စားစရာဆိုလို့ မြှစ်ပြုတ် စားကြရတယ်၊ ၀ ဥတွေ ကို ပြုတ်စား ကြရတယ်။ ဆန်လဲမရှိဘူး။ ပြီးတော့ အစိုးရစစ် ကြောင်းတွေနဲ့ တိုးမှာကိုလည်း ကြောက်နေ ကြရပြန် ပါ တယ်။
ဒုက္ခသည် စခန်းမှာ ဆက်နေပြန်ရင်လည်း အလုပ်ကမရှိ။ စားစရာကလည်း ခက်ခဲ ဆိုတော့ ရွာပြန်ကြည့်ရင် ကောင်းမလား ဆိုတဲ့ဘဝမျိုး ဖြစ်နေကြ တယ်လေ။
မေး ။ ။ ဘယ်လူမျိုး တွေက ဒုက္ခသည် စခန်းကို ရောက်လာ ကြသလဲ။ ဘာကြောင့် တိုးလာကြသလဲ။
ဖြေ ။ ။အထူးသဖြင့်က ပလောင် (တအာင်း) လူမျိုး၊ ကချင်၊ လီစူလူမျိုးတွေ ဖြစ်ပါတယ်။ အစိုးရနဲ့ TNLA ကတော့ တွေ့ဆုံကြတာပဲ ဒါပေမယ့် အစိုးရ ဘက်က သဘောတူထားတဲ့ အတိုင်း လိုက်နာ ဆောင်ရွက် ပေးတာမရှိ ဘူး။ တိုက်ပွဲတွေ လျှော့ချမယ်။ ယုံကြည်မှုတွေ တည်ဆောက်မယ်။ ငြိမ်းချမ်းရေး အတွက် ဆွေးနွေးမယ်ပေါ့။ ဒါပေမဲ့ အစိုးရ စစ်တပ်က အဲဒီလမ်းကြောင်းကို မသွားဘူးလေ။ ပလောင်ဒေသနဲ့ နီးစပ်ရာမှာ စခန်း တွေချပြီး ပလောင်ကို လိုက်တိုက် နေတော့ တိုက်ပွဲက မရပ်တော့ဘူး ဖြစ်နေတယ်။ မကြာသေးခင်ကပဲ မိုင်းယုဘက် ကိုထွက်ပြေး လာတဲ့ ဒုက္ခသည် တစ်ယောက် ကတော့ကျမတို့ကို ပြောပြတာက ရွာထဲကို လက်နက်ကြီးတွေ ကျလာတယ်။ အိမ်ကိုထိပြီး မီးလောင် သွားတာလည်း ရှိသလို သေနတ်ကျည်မှန် ထားတာလည်း အများကြီးပဲ။ တကယ်လို့ ရွာအနားမှာ တိုက်ပွဲဖြစ် ရင် အစိုးရိမ် ရဆုံးပါဘဲ။ မလိုရင် မလိုသလို ရွာသားကိုပါ ပစ်သတ်တယ်။ သူတို့ဘက်က လူတွေက တိုက်ပွဲမှာ လူထိခိုက်မှု နည်းရင် တော်သေး တယ်။ ထိခိုက်မှုများလာရင်တော့ သူတို့ကရွာသားကိုပါ ရန်ရှာလာတော့တာဘဲ။
ပြီးတော့ မြန်မာစစ်တပ်က ရွာကို လာပြီးဆိုရင် ရွာထဲမှာ အနည်းဆုံး တစ်ပတ်မှ နှစ်ပတ်အထိ ကြာတယ်။ ရွာသားတွေ မွေးထားတဲ့ ကြက်တို့၊ ၀က်တို့တွေ့တာ သတ်စားတယ်။ ပလောင်ဒေသမှာ ဗမာစစ်သား လာပြီးဆိုရင် အားလုံးက ထိပ်ထိပ်လန့်လန့်နဲ့ အရမ်းကို ကြောက်နေ ကြရတယ်။ သူတို့ မပြောနဲ့ ကျမတို့ တောင်ကြောက်တယ်။ ဒါကြောင့် စစ်ဆင် ရေးရှိလေ၊ တိုက်ပွဲဖြစ်လေ ဒုက္ခသည်များလာ လေပါဘဲ။
မေး ။ ။ ဒုက္ခသည် စခန်းကို ရောက်ရှိသွားတဲ့ စစ်ပြေးဒုကု္ခသည် တွေရဲ့ စားဝတ်နေရေး၊ အထူးသဖြင့် ကျန်းမာရေး အခြေနေတွေက ဘယ်လိုရှိလဲ။
ဖြေ ။ ။ စားဝတ်နေရေး ကိုတော့ ကချင်အဖွဲ့၊ မတ်ဂင်း ယူရို့က အထောက်ပံ့ ပေးတဲ့ အဖွဲ့တချို့၊ UN အဖွဲ့၊ ကမ္ဘာ့ စားနပ်ရိက္ခာ အဖွဲ့က ပေးပါတယ်။ အဲဒီအဖွဲ့တွေက ကွတ်ခိုင်၊ နမ့်ခမ်း၊ မန်တုန်တို့လို မြို့ပေါ် ဒုက္ခသည် စခန်းကိုသာ လာကြပေမယ့် မြို့နဲ့ဝေးတဲ့ ဒုက္ခသည် စခန်းကိုတော့ လာခဲပါတယ်။
ဒီတော့ စစ်ပြေး ဒုက္ခသည် ဆိုတာက ရွာက နေထွက်လာ ကတည်းက စုဆောင်းထားတဲ့ ရွှေငွေ နဲနဲပါးပါးသာ ရလာခဲ့ တာပါ။ ပြီးတော့ ကိုယ့်နေရာဒေသ မဟုတ်တော့ လုပ်ငန်း ကလည်းမရှိတော့ ပုံမှန်ဝင် ငွေလည်းမရှိ ဘူးပေါ့။ သူများ ကျွေးတာစားပြီး သူမျာပေး တာကိုပဲ ယူနေရတယ်။ နမ်းခမ့်က ဒုက္ခသည် တွေဆိုရင် နေ့တိုင်း လိုလို “ပဲ” ကိုဘဲ စားနေရတယ်။ အဲဒီလို နေ့တိုင်း စားနေရတော့ ဗိုက်နာလာတယ်။ “အီ”လာတယ်။ ၀မ်းလျော တာတို့ ဖြစ်လာတယ်။ အမျိုးမျိုးပါဘဲ။
အကူညီ မရောက်တဲ့ ဒုက္ခသည် စခန်းတွေလည်း ရှိတယ်။ အဲဒီစခန်းက လူတွေက တိုဟုန် ဘက်က လူတွေဆီမှာ စပါး ကို အရင်နှစ် ကတည်းက အခုထိ ချေးစားနေတယ် ပြန်မပေး နိုင်သေးတော့ အလုပ်သမား အဖြစ် ပြန်လုပ်တယ်။ ဒီလိုပဲ သူတို့ လည်ပတ် လုပ်စား နေရတာပေါ့။ ကျန်းမာရေး ကတော့ ဒုက္ခသည် တချို့မှာ စခန်းလုံးကျွတ် ဖျားတာတွေ ရှိတယ်။ တကယ်တော ့ငှက်ဖျား ထိနေတာ ဖြစ်တယ်။ ငှက်ဖျား ဖြစ်နေကြမှန်း တောင်မသိကြဘူး။ အဲဒီတော့ ကျမတို့ ဆီကပါလာတဲ့ ပလောင် အမျိုးသမီးအဖွဲ့ ကျန်းမာရေး ဌာနက ဆေးဆရာမ တွေက ရှိသလောက် ကုသပေး ရပါတယ်။
အထူးသဖြင့် ကလေးတွေ ၀မ်းလျော၊ ၀မ်းပျက်၊ ယားနာ၊ ငှက်ဖျား ရောဂါတွေ အများဆုံး တွေ့ရတယ်။ တချို့ ဒေသတွေမှာကျတော့ ကျန်းမာရေး အကူညီ ရတယ်။ ဒါပေမယ့် အလုံအလောက် မရပဲဖြစ်နေတာ တွေ့ရတယ်။ နောက်ထပ်ပြီး ကျောင်းက ဖွင့်နေတာကြာပြီး ကလေးတွေကို ကျောင်းမထားနိုင်ကြသေးဘူး။ စားဖို့ သောက်ဖို့ အတွက် ငွေမရှိတော့ ကလေးတွေရဲ့ ပညာရေးကိုလည်း မစဉ်းစား နိုင်ခဲ့ကြဘူး။ သူတို့မှာ စားဖို့ သောက်ဖို့အပြင် ကျန်းမာရေး လူမှုရေး ပြသနာ ပေါင်းစုံရင် ဆိုင်ကြံု တွေနေရပါတယ်။
မေး ။ ။ အစိုးရ ဖက်ကတော့ ဒုက္ခသည် တွေကို နေရပ် ပြန်ပို့ ချင်နေပါတယ်။ ဒုက္ခသည် တွေက ဘာဖြစ်လို့ မပြန်ကြ တာလဲ။
ဖြေ ။ ။ ဒုက္ခသည် တွေက ကိုယ့်ရပ်ကိုယ့်ရွာကို ပြန်ချင် ကြတာပေါ့။ ပလောင်ဒေသမှာ အခုထိ စစ်ပွဲတွေက မငြိမ်းနိုင်သေး ဘူးလေ ဖြစ်လိုက် ရပ်လိုက်ပဲ။ အစိုးရ ဖက်က ဒုက္ခသည် တွေကို နေရပ်ပြန်ပို့ ချင်တဲ့ စေတနာက အမှန်ကန် မဟုတ်ပါဘူး။ လူကြား ကောင်းအောင်ပြော နေတာပါ။ ဘာဖြစ်လို့ လည်းဆိုတော့ ဒီလိုဖြစ်လာအောင် သူတို့ဖက်ကဘဲ ဖန်တီးနေတာလေ။ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA နဲ့ အစိုးရ တို့တွေ့ဖြစ်ပေမယ့် တိုက်ပွဲ က ထပ်ဖြစ်နေတာ ဘဲမဟုတ်လား။
ကချင်ဘက် မှာလဲဆက်ဖြစ် နေတုန်းပဲ ဘယ်လိုမှ ဒုက္ခသည် တွေအတွက် လုံခြံုမှုမရှိဘူး။ ပြန်ချင် တောင်မှ ကိုယ်ပြန် မယ့်ဒေသက ရွာတွေအိမ်တွေ လုပ်ငန်းဂွင်တွေ မီးရှို့ခံလိုက် ရတာရှိတယ် တချို့ဆို ကြာလာတော့ ပျက်စီးကုန်နေ ပါပြီး။ ဘာမှမရှိတော့ဘူး။ ဘယ်လို လုပ်ကိုင် စားသောက်ကြ ရမလဲ။ ကျမတို့လေ့လာ ချက်အရဆိုရင် ဒုက္ခသည် တွေက အနာဂတ်မဲ့ နေတယ်။ ဘာကို ဘာမျှော်လင့် ရမလဲ မသိဘူး။ ဒုက္ခသည် စခန်းမှာ နေရင် ဘယ်သူက ရေရှည် ထမင်းကျွေး နိုင်မှာလဲ။ ကျမတို့လည်း ကိုယ့်ရပ်ကိုယ့်ရွာကို ပြန်ချင်တာပေါ့ တစ်နှစ်ကျော်ကျော် ဒုက္ခသည် စခန်းမှာ နေနေရတာ အခုထိ မပြန်နိုင်သေး ဘူး ဖြစ်နေတယ်။ သူတို့ အနေနဲ့ ရင်ဖွင့် ပြောလာတာတွေ ရှိပါတယ်။
မေး ။ ။ ပလောင်ဒေသက တိုက်ပွဲဟာ ယနေ့ အချိန်ထိ ဘာကြောင့် အစိုးရဖက်က မရပ်ရတာလဲ ပလောင်အမျိုး သမီး အဖွဲအနေနဲ့ ဘယ်လို သုံးသပ်ပါသလဲ။
ဖြေ ။ ။ ကျမတို့အဖွဲ့ ရဲ ့သဘောထား ကိုပြောရမယ်ဆိုရင် အစိုးရရယ်လို့ဖြစ်လာရင် ပြည်တွင်းစစ် ငြိမ်းချမ်းအောင် လုပ်ရမှာက အစိုးရ တာဝန်ဖြစ်ပါတယ်။ ကျမတို့ တိုင်းရင်းသားတွေက ပြည်တွင်း စစ်တွေကို လုံးဝမလိုချင်ကြဘူး။ နှိပ်စက်လို့ ကျွန်ပြု အနိုင့်ကျင့်လို့ မခံနိုင်တဲ့အဆုံး ပြန်ခုခံတယ်။ အဲဒါကို အကြောင်းပြပြီး အစိုးရ ဖက်က စစ်ခင်းလာတော့ ပြည်တွင်း စစ်ဖြစ်လာတယ်။ ပြည်တွင်းစစ် ဖြစ်လာခဲ့ရင် အများဆုံးနှင့် အဆိုးဆုံး ရင်ဆိုင်ရမှာကတော့ ကလေး၊ အမျိုးသမီး နဲ့ သက်ကြီးရွယ်အိုတွေကဘဲ ခံရတာပါ။
ဆိုလိုချင် တာက အစိုးရက TNLA နဲ့ စကားပြောနေတယ် ဆိုပေမယ့် ဘာမှ အာမခံချက်တွေ မပေးထားသလို နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲလဲ မလုပ်နိုင် သေးဘူး။ TNLA ကလိုချင်တဲ့ အချက် တွေကို လည်း အစိုးရဖက်က မလိုက် လျောနိုင်ဘူး။ အစိုးရ စစ်တပ်တွေလည်း တပ်မဆုတ်ပေးတဲ့ အပြင် ထပ်ပြီး တိုးတိုးလာ တာလေ။ အဲဒီလို အစိုးရဘက်က တိုင်းရင်းသား တွေရဲ့ လိုအပ်ချက်ကို မလိုက်လျောနိုင်ဘူး ဆိုရင်တော့ ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့က တော်တော် လေး ကို အလှမ်းဝေး နေဦးမယ်။ တဖက်နဲ့ တဖက်က အပေးယူကတော့ ရှိရမှာပေါ့။
လူထုကို စစ်ဆင်နေတာက အစိုးရလေ။ ဒီလို အစိုးရမျိုးက ငြိမ်းချမ်းရေး ယူမယ်လို့ မထင်ပါဘူး။ အသံကောင်းတော့ ဟစ်နေလိမ့်မယ်။ သူတို့ရဲ့ အခြေခံ စီးပွားရေး ကတော့ စစ်စီးပွားရေးဘဲ လို့ပြောလို့ ရသလို ဒီလိုစစ်ခင်း နေမှ ရပ်တည်နိုင်မဲ့ အာဏာရှင်မျိုး ဖြစ်နေပါပြီး။ငြိမ်းချမ်းရေးကို တကယ်မြတ်နိုးပြီး တကယ်လိုချင် နေတာက ပြည်သူတွေပါ။ အစိုးရမဟုတ်ပါဘူးလို့ ပြောချင်ပါတယ်။