လူနာများ သယ်ထုတ်ရန် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် မှ KIA အား တောင်းဆို

လူနာများ သယ်ထုတ်ရန် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် မှ KIA အား တောင်းဆို
by -
ရွှေဟင်္သာ

လူနာများ သယ်ထုတ်ရန် အတွက် လမ်းကြောင်း ရှင်းပေး ပါရန် မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်မှ ကချင် လွတ်လပ်ရေး တပ်မတော် KIA ဌာနချုပ်အား အကြောင်းကြားခဲ့သည်ဟု KIA စစ်ရုံးချုပ် အရာရှိ တဦးက ဆိုပါသည်။

“ KIA တပ်ရင်း (၁၂) ဂွင်မှာ ဖြစ်တဲ့ တိုက်ပွဲမှာ ထိခိုက်မှု များပုံ ရတယ်ဗျ။ အဲဒီတော့ သယ်ထုတ်ဖို့ လမ်းကြောင်း ရှင်ပေးဖို့ KIA ဌာနချုပ် ကို တောင်းဆို လာတာ ရှိပါတယ်။ ဘယ်လို အကြောင်းပြန် လိုက်တာတော့ ကျနော်မသိလိုက်ဘူး။ ဒါပေမဲ့ အဲဒီဖက်မှာ ဒီနေ့လည်း တိုက်ပွဲ ဆက်ဖြစ် နေတုန်း ပါဘဲ” ဟု စစ်ရုံးချုပ် အရာရှိက ဆိုသွားခဲ့ ပါသည်။

KIA တပ်ရင်း (၁၂) နှင့် အစိုးရ အထူး ကွပ်ကဲထား သည့် နည်းဗျူဟာ (၂) တပ်ဖွဲ့များ အပြင် စစ်ကူပေး လာသော အထူးကွပ်ကဲမှု နည်းဗျူဟာ (၃) တပ်ဖွဲ့နှင့် (၇) ရက်တိုင်တိုင် တိုက်ပွဲ ဖြစ်လာခဲ့ ပေသည်။ ဤတိုက်ပွဲများ ၌ အဝိုင်းခံ ထားရသည့် အခြေအနေ အပြင် မိုင်းကွင်း ထိခိုက်မှူများ ခြင်းကြောင့် လူနာ သယ်ထုတ်ရန် အတွက် လမ်းကြောင်း ရှင်းပေးရန် တောင်းဆိုခဲ့ ခြင်းဖြစ်ဖွယ် ရှိသည်ဟု KIA စစ်ရုံးက ခန့်မှန်းထား ပါသည်။

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၏ တောင်းဆိုမှု ကို KIA တပ်ရင်း (၁၂) မှူးအား လမ်းကြောင်း ရှင်းပေးခြင်း ရှိမရှိ ဆက်သွယ် မေးမြန်းခဲ့ သော်လည်း တိုက်ပွဲ ဖြစ်ပွားချိန် နှင့် တိုက်ဆိုင် ခဲ့သဖြင့်  ပြန်လည် ဖြေကြား နိုင်ခြင်း မရှိခဲ့ပေ။ ထို့အတူ ယမာန်နေ့ အထိ ဆဂနမ်ခွမ် (Saga Nam Hkum) ဂွင်တွင် အဝိုင်းခံ နေရသော အထူး နည်းဗျူဟာ (၂) ၏ နောက်ဆုံး အခြေအနေ နှင့် ဗျူဟာ (၃) တိုက်ခို်က်မှု ကိုလည်း မေးမြန်းနိုင်ခြင်းမရှိခဲ့ပေ။

ထို့အတူ မန်စီမြို့နယ် ကောင်ဂျာ ကျေးရွာဖက် တွင် လှုပ်ရှား နေသော တပ်ရင်း(၁၂) တပ်ဖွဲ့ များသည် အစိုးရ စကခ (၂၁) အထူးဗျူ ဟာ (၁) နှင့် ယနေ့ ညနေပိုင်းတွင် ထပ်မံ တိုက်ပွဲ ဖြစ်ပွားလျှက် ရှိပါသည်။ ဤတိုက်ပွဲကြောင့် နည်းဗျူဟာ (၁) မှ ထိမ်းသိမ်းထား သည့် ဒုက္ခသည် တရာကျော် ထွက်ပြေး လွတ်မြောက် စေခဲ့သည် ဟု ဆိုပါသည်။

ကချင် ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့မှ လမိုင်ခွန်ဂျာသည် မုန်းဒိန်ပါ ကျေးရွာဘုရား ကျောင်းဝင်းတွင် ဒုက္ခသည် များခေါ်ယူ စုဝေး ထားသည့် ကိစ္စကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထွန်းထွန်းနောင် နှင့် တွေ့ဆုံစဉ် တင်ပြ ခဲ့ပါသည်။

“တိုင်းမှူး ပြောတာက တပ်တွေက ရွာထဲမှာ နေဖို့ အမိန့်ပေးထားတာ မဟုတ်ဘူး ရွာပြင်မှာပဲ နေဖို့ အမိန့်ပေး ထားတာ၊ ပြည်သူ တွေကို ဒုက္ခရောက် စေမယ့် ပြုမူ မှုမျိုးကိုလည်း လုပ်လို့ မရ ဘူးလို့ တိုင်းမှူးက ညွှန်ကြား ထားတယ်လို့  ပြန်ပြောပြတယ်” ဟု ဦးလမိုင်ခွန်ဂျာ က ဆိုပါသည်။

ထိုသို့ တိုင်းမှူးအား တင်ပြခဲ့ပြီး နောက်တွင် ၄င်းမုန်းဒိန်ပါ ၌ တပ်စွဲ ထားသည့် အစိုးရ တပ်များ အောက်တိုဘာ (၂၅) ရက်နေ့ ညနေ၌ ဆုတ်သွား ကာ မခေါရန် ၊ နမ့်ဖုရွာသို့ ဝင်ရောက်သွား ခဲ့ပါသည်။ ထိုရွာများ ကိုလည်း အမျိုးသား သက်သက် တနေရာ အမျိုးသမီး သက်သက် တနေရာ ခွဲခြား ထားရာမှ ထိတ်လန့်ပြီး ရွာသား (၃၀၀) ခန် ့ဗန်းမော်သို့ ထွက်ပြေးသွား ခဲ့ကြောင်း ဆိုပါသည်။

KIA တပ်မဟာ (၃) တပ်ရင်း (၁၂) ဧရိယာတွင် လှုပ်ရှား နေသော အစိုးရတပ် များသည် ဗန်းမော် အခြေစိုက် အမှတ် (၂၁) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) တပ်ဖွဲ့ အများစု ဖြင့်စုဖွဲ့ ထားပြီး နေပြည်တော် စစ်ရုံးချုပ်မှ တိုက်ရိုက် ကွပ်ကဲခဲ့သည် ဟု ဖမ်းမိသော စစ်သုံ့ပန်း အဆိုအရ သိရပါသည်။

“ကျနော်တို့ကို ရထားတွဲ ပေါ်တင် ကတည်းက ဘယ်နေရာမှ မဆင်းရဘူး။ ဆင်းတဲ့ နေရာကနေ ထိုးစစ် စတင်တော့ တာဘဲ။ အခု စစ်ဆင်ရေးက ခါတိုင်းနဲ့ မတူဘူး။ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးက တိုက်ရိုက် ကွပ်ကဲတဲ့ စစ်ဆင်ရေး လို့ဆိုတယ်” ဟု စစ်သုံ့ပန်း ပြောကြောင်း KIA တပ်ရင်း (၁၂) မှူးက ဆိုပါသည်။

အစိုးရတပ်သည် KIA အား ကြည်းတပ် လေတပ်ဖွဲ့ များဖြင့် တိုက်ခိုက်ရန် စစ်ရုံး၏ တောင်းဆိုမှုကို သမ္မတမှ ကန့်သတ် စစ်ဆင်မှုဖြင့် တိုက်ခိုက်ခွင့် ပြုခဲ့ သည်ဟု သတင်းများ ပေါ်ထွက် ခဲ့ပါသည်။ ဤသည်ကိုထောက် ရှူ့ ပါက ယခု KIA တပ်ရင်း (၁၂) စစ် ဆင်ရေး သည်လည်း ကန့်သတ် စစ်ဆင်ရေး ဖြစ်ဖွယ် ရှိပြီး စစ်ရုံးချုပ်က တိုက်ရိုက် ကွပ်ကဲဖွယ် ရှိနေပါသည်။

Most read this week