တော်လှန်ရေးနေ့အကြို ရန်ကုန်မြို့တွင် ဗုံးပေါက်ကွဲ တဦးသေ၊ နှစ်ဦးဒဏ်ရာရ

တော်လှန်ရေးနေ့အကြို ရန်ကုန်မြို့တွင် ဗုံးပေါက်ကွဲ တဦးသေ၊ နှစ်ဦးဒဏ်ရာရ
တော်လှန်ရေးနေ့အကြို မတ်လ ၂၆ ရက်နေ့က မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်တွင် ဗုံးတလုံး ပေါက်ကွဲရာ လူတဦး သေဆုံးပြီး ၂ ဦးဒဏ်ရာ ရရှိသွားခဲ့သည်။ “ဗုံးပေါက်ကွဲတာက ရန်ကုန်မြို့ မြောက်ဥက္ကလာပ မြို့နယ်က တည်ခိုခန်းတခုမှာ ပေါက်ကွဲတာ ...

မောင်ရမ္မာ (နိရဥ္စရာ) တော်လှန်ရေးနေ့အကြို မတ်လ ၂၆ ရက်နေ့က မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်တွင် ဗုံးတလုံး ပေါက်ကွဲရာ လူတဦး သေဆုံးပြီး ၂ ဦးဒဏ်ရာ ရရှိသွားခဲ့သည်။

“ဗုံးပေါက်ကွဲတာက ရန်ကုန်မြို့ မြောက်ဥက္ကလာပ မြို့နယ်က တည်ခိုခန်းတခုမှာ ပေါက်ကွဲတာ ဖြစ်ပါတယ်။ ဗုံးပေါက်ကွဲလို့ အမျိုးသား တဦးသေဆုံးပြီးတော့ အမျိုးသမီးနှစ်ဦး ဒဏ်ရာ ရသွားပါတယ်”ဟု အမည်မဖေါ်လိုသူ မျက်မြင်တဦးက ပြောသည်။

မြန်မာနိုင်ငံတွင် နအဖ စစ်အစိုးရ လက်ထက်တွင် ဗုံးပေါက်ကွဲမှုများ မကြာခဏဖြစ်ပွားနေခဲ့ပြီး မတ်လ အစောပိုင်း ကလည်း ရန်ကုန်မြို့၌ အသေးစားဗုံး ၂လုံး ပေါက်ကွဲခဲ့ပြီး အနည်းငယ် ပျက်စီးမှုများ ရှိခဲ့သော်လည်း ထိခိုက် ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း သိရသည်။

လွန်ခဲ့သောနှစ် အောက်တိုဘာလ တလတည်းတွင် ဗုံးပေါက်ကွဲမှု နှစ်ကြီမ် ရန်ကုန်တွင် ဖြစ်ပွားခဲ့ရာ တနေရာတွင် ဗုံးဒဏ်ကြောင့် အမျိုသားတဦးသေဆုံးခဲ့ပြီး တခြား ရန်ကုန်မြို့ပြင်ရှိ ဗွီဒီယိုရုံ ပေါက်ကွဲမှုတွင် အမျိုးသား ၂ ဦး သေဆုံးခဲ့သည်။

ဗုံးပေါက်ကွဲမှုများ ပေါ်ပေါက်တိုင်း နအဖ စစ်အစိုးရက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဒီမိုကရေစီအရေး လှုပ်ရှားသူများ၏ လက်ချက်ဟု စွပ်စွဲ လေ့ရှိပြီး လွန်ခဲ့သောနှစ် စက်တင်္ဘာလက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် ၂ဦးကို ဗုံးဖေါက်ခွဲ ရာတွင် ပါ၀င် ပတ်သက်သည်ဟု စွပ်စွဲပြီး ဖမ်းဆီးခဲ့သည်။

မြန်မာနိုင်ငံတွင် ယခုကဲ့့သို့ ရန်ကုန် အပါအဝင် နေရာအနှံအပြားတွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွား နေသော်လည်း ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်၍ မည်သူမည်ဝါ ဖေါက်ခွဲသည်ဟု တစုံတရာ ဖေါ်ထုတ်ပေးနိုင်ခြင်း မရှိသဖြင့် နအဖ စစ်အစိုးရအပေါ် ပြည်သူများက သံသယ ဖြစ်နေကြသည်ဟု အဆိုပါ မျက်မြင် သက်သေက ပြောဆိုသည်။

Most read this week