တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ အစည်းများကွန်ဖရင့် (လိုင်ဇာ) ပထမနေ့စတင်

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ အစည်းများကွန်ဖရင့် (လိုင်ဇာ) ပထမနေ့စတင်
by -
သျှမ်းသံတော်ဆင့်

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများကွန်ဖရင့်အား ကချင်လွတ်လပ်ရေး တပ်မ တော်ဌာနချုပ် လိုင်ဇာမြို့တွင် ယနေ့ နံနက်ပိုင်းမှစ၍ သုံးရက်ကြာကျင်းပမည် ဖြစ်သည်။

၂၀၁၃ အောက်တိုဘာ ၃၀ ရက် နံနက် ၈:၃၀ နာရီခွဲတွင် ကွန်ဖရင့်စတင်ရာ သဘာပတိများအဖြစ် ဦးဇောင်းဟရား (KIO ဥက္ကဌ)၊ အရံသဘာပတိ ၁ အဖြစ် စောမူတူးစေးဖိုး (KNU ဥက္ကဌ)၊ အရံသဘာပတိ ၂ အဖြစ် ဒု ဗိုလ်ချုပ်ကြီး အင်ဘန်လ (UNFC ဥက္ကဌ) တို့က ဆောင်ရွက်ကြောင်း ကြားသိရပါသည်။

ညီလာခံတက်ရောက်သူများအား လိုက်လံနှုတ်ဆက်နေသော KIO ဗိုလ်ချုပ်ဂွမ်မော်

“ကျနော်တို့ ကွန်ဖရင့်ကျင်းပရေးကော်မတီ အရင်ဖွဲ့တယ်။ အဖွဲ့ဝင် ၁၁ ယောက်ပါတယ်။ ကော်မတီခေါင်းဆောင်က ဒုတိယဗိုလ်ချုပ်ကြီးဂမ်ရှောင်ပေါ့။ ဒု ခေါင်းဆောင်က ပဒိုကွယ်ထူးဝင်း၊ နိုင်ဟံသာက အတွင်းရေးမှူး၊ ဗိုလ်မှူးကြီး စိုင်းလက တွဲဖက်အတွင်းရေးမှူးပါ” - ဟု တက်ရောက်သူတဦးက ပြောပါသည်။

 အများသဘောတူညီချက်အရ လိုင်ဇာမြို့၌ ယနေ့ စတင်သော တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ ထိပ်သီး ခေါင်းဆောင်အစည်းအဝေးအား ‘တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ ကွန်ဖရင့်’ ဟု သတ်မှတ်ကြောင်းကြားသိရပါသည်။

ကွန်ဖရင့်ကျင်းပရေးစည်းမျဉ်းစည်းကမ်းအရ သတင်း၊ ဓါတ်ပုံ အချက်အလက်များ ကော်မတီခွင့်ပြုချက် မရဘဲပြင်ပ သို့ပေးပို့ခြင်း၊ ထုတ်ပြန်ခြင်းမပြုရဟု ပါရှိသောကြောင့် စည်းမျဉ်းစည်းကမ်းအရ အခြား အချက်အလက်များ ပြော ပြရန် အချိန်စောသေးကြောင်း တက်ရောက်သူတဦးက ပြောပါသည်။
 
နိုဝင်ဘာပထမပတ်အတွင်း တတိုင်းပြည်လုံးအပစ်ရပ်ရန် ဦးသိန်းစိန်အစိုးရက ပြင်ထားသောကြောင့် ကြိုတင်ပြင် ဆင်သည့်အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ထိပ်သီးများ လိုင်ဇာ၌ တွေ့ဆုံခြင်း ဖြစ်သည်။ အဆိုပါ လိုင်ဇာကွန်ဖရင့်တွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၁၈ ဖွဲ့ မှ ခေါင်းဆောင် များ၊ ကိုယ်စားလှယ်တော်များ ၆၀ ကျော်တက်ရောက်ပါသည်။

သို့သော်လည်း အင်အားအတောင့်တင်းဆုံးဖြစ်သည့် ၀ ပြည်စည်းလုံးညီညွတ်ရေးတပ်မတော် UWSA နှင့် မိုင်း လား တပ်ဖွဲ့တို့ကမူ တက်ရောက်ခြင်းမပြုပေ။