ရခိုင်ပြည်နယ်တွင် ကျောက်ဖြူအထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရန် ကုမ္ပဏီများကိုတင်ဒါစနစ် ဖြင့်ခေါ်ယူခဲ့ရာ နိုင်ငံပေါင်း ၁၆ နိုင်ငံမှ ကုမ္ပဏီပေါင်း၃၀ကျော်က အဆိုပြုကမ်းလှမ်းထားသည်ဟု ကျောက်ဖြူ အထူးစီးပွားရေးဇုန် တင်ဒါရွေးချယ်ရေးကော်မတီ အတွင်းရေးမှူး ဦးအောင်ကျော်သန်းက အောက်တိုဘာ ၂၉ ရက်တွင် မဇ္စျိမသို့ ပြောသည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရန် ကုမ္ပဏီများကို စက်တင်ဘာ ၈ ရက်က စတင် တင်ဒါခေါ်ယူခဲ့ပြီး အောက်တိုဘာ ၂၉ရက်အထိ ပြည်ပကုမ္ပဏီပေါင်း သုံးဆယ်ကျော်အဆိုပြုခဲ့ခြင်း ဖြစ် သည်ဟုလည်း ၎င်းကဆိုသည်။
ဦးအောင်ကျော်သန်းက “ရခိုင်ပဋိပက္ခတွေကြောင့် ရင်းနှီးမြှုပ်နှံမှုတွေဝင်ရောက်မလာမှာ စိုးရိမ်မှုရှိခဲ့ပေ မယ့် နိုင်ငံတကာကကမ်းလှမ်းလာကြပါတယ်။ နိုဝင်ဘာ၁၉ရက်မှာတင်ဒါပိတ်ပြီး စိစစ်ရွေးချယ်သွားမှာ ပါ”ဟု ပြောသည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖော်ထုတ်နိုင်မည့် အထည်ချုပ်၊ ဘိနပ်ချုပ်စက်ရုံများ၊ အီလက်ထရွန်နစ်ပစ္စည်း တပ်ဆင်မှု၊ အအေးခန်းစက်ရုံအစရှိသည့် ကုန်ထုတ်လုပ်မှု စက်ရုံများကိုအခြေခံ၍ တင်ဒါစနစ်ဖြင့်ဆောင်ရွက်မည်ဖြစ်သည်ဟုလည်း ဦးအောင်ကျော်သန်းက ပြော သည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန် တင်ဒါခေါ်ယူရေးနှင့် စိစစ်ရွေးချယ်ရေးကော်မတီဝင်တစ်ဦး ဖြစ်သူ ဦးမြင့် သိန်းက “ဒေသခံအလုပ်သမားတွေ အလုပ်အကိုင်ရရှိရေးအတွက် လိုအပ်တဲ့သင်တန်းတွေပေးပြီး ဒေသ ခံအများစုကိုပဲ ခန့်သွားမှာပါ” ဟု မဇ္စျိမကို ပြောသည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့်ပတ်သက်၍ ဒေသခံကျေးရွာလေးဆယ်ကျော်က ဒေသဖွံ့ဖြိုးရေး လုပ် ကိုင်ပေးရန်၊ သိမ်းဆည်းခံရသည့် လယ်ယာမြေများ၏ လျော်ကြေးကို နိုင်ငံတကာစံချိန်စံညွှန်း နှင့်အညီ ပေးဆောင်ရန်၊ ဒေသခံများကို အထူးစီးပွားရေးဇုန်အတွင်း အလုပ်အကိုင်ခန့်ထားရန်၊ ပြောင်းရွှေ့ခံထား ရသောကျေးရွာများမှ အိမ်ထောင်စုများကို စနစ်တကျပြန်လည်နေရာချထားပေးရန်စသည့်အချက်များ ကိုအောက်တိုဘာ ၉ ရက်ကြေညာ ချက်ထုတ်၍တောင်းဆိုထားသည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန် အကောင်အထည်ဖော်မှုနှင့်ပတ်သက်၍ ဒေသခံများက ယင်းပြဿနာ များ ဖြေရှင်းနိုင်မှသာ ဆောင်ရွက်စေလိုသည်ဟု ကျောက်ဖြူလူမှုကွန်ရက်မှ ဦးထွန်းလွင်က မဇ္စျိမကို ပြောသည်။
“ဒေသဖွွံ့ဖြိုးမယ်၊ ဒေသခံတွေ အလုပ်အကိုင်ရရှိမယ်ဆိုရင် ကျွန်တော်တို့ဒေသခံတွေက ကြိုဆိုပါတယ်။ ဒါပေမဲ့ သူတို့ဘက်ကဒါတွေကိုဖြေရှင်းနိုင်မှု မရှိသေးတဲ့အပြင် သိမ်းဆည်းထားတဲ့လယ်ယာတွေ ကို လည်းလျော်ကြေးပြည့်ဝအောင် မပေးသေးပါဘူး။ ရွှေ့ပြောင်းရတဲ့ ကျေးရွာတွေလည်း ရှိပါတယ်”ဟု ဦး ထွန်းလွင်က ပြောသည်။
ကျောက်ဖြူတွင် တည်ဆောက်မည့် အထူးစီးပွားရေးဇုန်သည် ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း၊ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနှင့် ဆက်စပ်ကာ ၁၂၀ စတုရန်ကီလိုမီတာ အကျယ်အဝန်းအတိုင်းအတာထိ ဆောက် လုပ်ရန် စီစဉ်ထားသည်။
စီမံကိန်းဖော်ဆောင်နိုင်ရေး လုပ်ငန်းစဉ်များကို ဂျပန်နိုင်ငံကရေးဆွဲလျက်ရှိပြီး ၂၀၁၄ခုနှစ်တွင်စတင် အကောင်အထည်ဖော်ကာ ၂၀၁၆ ခုနှစ်တွင် ပထမအဆင့်လုပ်ငန်းစဉ်များပြီးစီးရန် မျှော်မှန်းထားသည်ဟု စီမံကိန်းရေးဆွဲနေသည့် JDI (Japan Development Institute) ၏ ထုတ်ပြန်ချက်များတွင် ဖော်ပြ ထားသည်။
ကျောက်ဖြူ အထူးစီးပွားရေးဇုန်ပြီးစီးမှုသည် မြန်မာနိုင်ငံကျောက်ဖြူမှ တရုတ်နိုင်ငံရွှေလီသို့ ကားလမ်း ဖောက်လုပ်ရန် စီစဉ်ထားမှု၊ ကျောက်ဖြူ ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းများနှင့်လည်း ဆက်စပ် လျက်ရှိသည်။