မုန်းဒိန်ပါ ကျေးရွာသားများ ဒုက္ခသည်စခန်းရှိရာသို့ ထွက်ပြေးတိမ်းရှောင်

မုန်းဒိန်ပါ ကျေးရွာသားများ ဒုက္ခသည်စခန်းရှိရာသို့ ထွက်ပြေးတိမ်းရှောင်
by -
ကေအဲန်ဂျီ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မန်စီမြို့နယ် မုန်းဒိန်ပါ (Mung Ding Pa) ကျေးရွာရှိ ဘုရားကျောင်း၌ ထိန်းသိမ်းထားသော ရွာသား ၅၀၀ ကျော်သည် ဗန်းမော် ဖန်းခါးကုန်း စစ်ပြေးဒုက္ခသည်စခန်းဘက်သို့ ထွက်ပြေးတိမ်းသွားနေကြပြီဖြစ်ကြောင်း ရွာသားများထံမှ သိရသည်။

အစိုးရတပ်များအနီးဝန်းကျင်တွင် တပ်ဆုတ်ထားချိန် မုန်းဒိန်ပါရွာသားများအား KIO တပ်ဖွဲ့မှလုံခြုံရေးယူကာ ထွက်ပြေးတိမ်းရှောင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း မုန်းဒိန်ပါ (Mung Ding Pa) မှ ဒေသခံ ဆရာဇယ်ထောင်း (Sara Ze Htawng)က KNG ကချင်သတင်းဌာနသို့ ပြောသည်။

ဆရာဇယ်ထောင်းက “သူတို့က ကျနော်တို့ ဘုရားကျောင်းမှာဘဲမနေတာ ကျန်တဲ့နေရာအားလုံး အစိုးရစစ် သားတွေဘဲ ရွာအောက်ဘက်မှာလည်း အပြည့် သူတို့ဘဲနေနေတော့ KIA နဲ့ အစိုးရတပ်ကလည်း နီးနီးကပ်ကပ်မှာ ဘဲရှိနေကြတော့ နေလို့မရတော့ဘူး ရွာသားတွေနေဖို့ ခက်လာတယ် စိုးရိမ်တယ် ဒါကြောင့် တစ်ရွာလုံး ထွက်ပြေးတာ”ဟု ပြောသည်။

ထွက်ပြေးတိမ်းရှောင်နေသော ရွာသားများတွင် ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ ကျောင်းသူ/ကျောင်းသားများ၊ အသက်ကြီး လမ်းမလျှောက်နိုင်သူများဖြစ်ပြီး မိုးရွာသွန်းမှုကြောင့်လမ်း ခရီးခက်ခဲကြမ်းတမ်းချိန် သွားလာရန်ခက်ခဲသည့် တောလမ်းခရီး၌ ၁ နာရီတွင် ၁ မိုင် နှုန်းပင် မသွားနိုင် ကြောင်းသိရသည်။

မုန်းဒိန်ပါ (Mung Ding Pa) ရွာသားများသည်  ရွာမှ ၅ မိုင်ကွာသည့် ခဒန်ပါ (Hkadan Pa) လယ်ကွင်းတွင် တစ်ညအိပ်စက်ပြီး မန်တာ (Man Ta) ရွာသို့ ရောက်ရှိလာရာ ကားများဖြင့် ဖန်းခါးကုန်းဒုက္ခသည်စခန်း သို့ပို့မည် ဖြစ်ကြောင်းသိရသည်။

ဖုန်းခါးကုန်းတွင် ကချင်နှစ်ခြင်းခရစ်ယာန် အိမ်ခြေ ၂၈ ရှိသောရွာဖြစ်ပြီး စခန်းတွင် ဒုက္ခသည်ပေါင်း ၂၁၉ ယောက်ရှိရာ ဒုက္ခသည်များ ထပ်မံရောက်ရှိလာမည်ဖြစ်သောကြောင့် ပြင်ဆင်နေဆဲဖြစ်သော်လည်း လိုအပ်မှုများလည်း ရှိနေဆဲဖြစ်ကြောင်း ဖုန်းခါးကုန်းဒုက္ခသည်စခန်း တာဝန်ခံ ဒူဝါ လထော် ဇော်ဘောက် (Duwa Lahtaw Zau Bawk) KNG ကချင်သတင်းဌာန သို့ပြောသည်။

ဒူဝါ လထော် ဇော်ဘောက်က “လောလောဆယ်ရောက်လာသူများကို ဒီမှာထားမယ်၊ တချို့ကိုမန်ဂျေ မှာထားမယ် ထွယ်ဆန် (Htoi San) နှစ်ခြင်း ဘုရားမှာတချို့ထားမယ်။ ကျောင်းတက်နေတဲ့ ကလေး မိဘတွေကို ဒီမှာထားမယ်၊ ယာယီအဆောင် လုပ်ပြီး ဒီမှာစာသင်နိုင်မယ်လို့ လျာထားတယ် ၁၅၀ ယောက် လောက်နေမယ်လို့တွက်ထားတယ်”ဟု ပြောသည်။

ဒုက္ခသည်များအတွက် နေရာထိုင်ခင်း စားဝတ်နေရေးအတွက် ရေ၊ မီး၊ ထင်းများအတွက် ကူညီမှု လိုအပ်နေဆဲဖြစ်ကြောင်း ဒုက္ခသည်စခန်းမှပြောသည်။

အစိုးရစစ်ကြောင်းများသည် မုန်းဒိန်ပါ၊ မခေါ်ယန်၊ နမ်ဖူ၊ ကောင်ဂျာများတွင် အစိုးရတပ်များ ဆက်လက် လှုပ်ရှားနေသောကြောင့် ရွာသားများသည် တောတောင်များနှင့် ဒုက္ခသည်စခန်းအသီးသီးသို့ ထွက်ပြေး တိမ်းရှောင်နေရခြင်းဖြစ်သည်။

Most read this week