ဘင်္ဂလာ လူမှောင်ခို စက်လှေမှ ဖမ်းမိသူ ၃၆ ဦး ရှိပြီ

ဘင်္ဂလာ လူမှောင်ခို စက်လှေမှ ဖမ်းမိသူ ၃၆ ဦး ရှိပြီ
by -
နိရဥ္စရာ

ရခိုုင်ပြည်နယ် ရသေ့တာင်မြို့နယ်သို့ ၀င်ရောက် ဆိုက်ကပ်လာသော လူမှောင်ခို စက်လှေမှ ထွက်ပြေး ပုန်းရှောင်နေသူများကို နယ်မြေခံ လုံခြံုရေး တပ်ဖွဲ့ဝင်များမှ လိုက်လံ ရှာဖွေ ဖမ်းဆီးနေရာ ယမန်နေ့ (အောက်တိုဘာလ ၂၉) ရက်နေ့ထိ ဖမ်းဆီးမိသူ အရေအတွက်မှာ ၃၆ ဦး ရှိသွားပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

၎င်းထွက်ပြေးတိမ်းရှောင်နေသူများကို ရသေ့တောင်နှင့် မောင်တောမြို့နယ် အတွင်း နယ်မြေခံ စစ်တပ် တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များက လိုက်လံ ရှာဖွေ ဖမ်းဆီးနေကြောင်း မောင်တော ခရိုင်ရဲမှူးကြီး ဦးရွှေသန်းက ပြောကြားသည်။

ဘင်္ဂလာဒေချ့်တွင်လည်း လှေစီး တရားမဝင်သွားသူများ မကြာခဏ ဖမ်းဆီးနေ။ ( ဓါတ်ပုံ- Reuters)

“ သူတို့ ထွက်ပြေးသွားနိုင်တယ်လို့ ယူဆတဲ့ နေရာတွေကို ရဲနဲ့ နယ်မြေခံ တပ်ဖွဲ့တွေက လိုက်လံ ရှာဖွေ ဖမ်းဆီးမူတွေ ပြုလုပ်နေပါတယ်။ မနေ့က ညနေပိုင်းထိ ဖမ်းဆီးမိသူ အရေအတွက်က ၃၆ ဦး ရှိသွားပါပြီ” ဟု ယင်းက ဆိုသည်။

လွန်ခဲ့သော တနင်္ဂနွေနေ့က လူပေါင်း ၁၈၀ ခန့်ကို တင်ဆောင်ပြီး မလေးရှားနိုင်ငံသို့ တရားမဝင် ထွက်ခွာလာသော မော်တော်ဘုတ် တစ်စီးသည် ဘင်္ဂလာဒေချ့်မှ အထွက်တွင် ရာသီ ဥတုဆိုးရွားပြီး မော်တော်ဘုတ် ၀မ်းဗိုက်ထဲ ရေများ ၀င်လာသဖြင့် မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ် ရသေ့တောင်မြို့နယ် ချိန်ခါလီ ကျေးရွာ ပင်လယ်ပြင် ကမ်းစပ်သို့ အတင်းထိုးတင်ခဲ့ရသည်ဟု သိရသည်။

ထိုသို့ ၀င်ရောက် ဆိုက်ကပ်လာသည်ကို ချိန်ခါလီ ကျေးရွာရှိ နယ်မြေခံ စစ်တပ်က သတင်းရသွားပြီး လိုက်လံ ဖမ်းဆီးရာ ပထမနေ့တွင် လူပေါင်း ၁၈ ဦးကို ဖမ်းမိခဲ့သည်။ ကျန်သူများမှာ အနီးရှိ မေယူတောင် ထဲသို့ ထွက်ပြေး တိမ်းရှောင်သွားခဲ့ကြသည်ဟု ဆိုသည်။

“ ကျွန်တော်တို့ တပ်ဖွဲ့တွေက လိုက်ရှာနေပါတယ်။ မောင်တောမြို့နယ် အတွင်းမှာရော၊ ရသေ့တောင် မြို့နယ် အတွင်းမှာရော ဖြစ်ပါတယ်။ မေယူတောင်က တောနက်ပြီး မောင်တော၊ ဘူးသီးတောင်ထိ သွားလာလို့ ရတယ်ဆိုတော့ ရှာဖွေ ဖမ်းဆီးရတာမှာ အခက်အခဲတွေ ရှိနေပါတယ်။ ပီးရင် သူတို့က လမ်းလည်း ကျွမ်းပုံရပါတယ်” ဟု ရသေ့တောင်ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိ တစ်ဦးက ပြောသည်။

ယခု မလေးရှားသို့ လူမှောင်ခိုတင်ပို့သည့် စက်လှေတွင် ပါလာသူများ ဘင်္ဂလာဒေချ့်နှင့် မြန်မာနိုင်ငံ မောင်တောမြို့နယ်မှ ဘင်္ဂလီလူမျိုးများ ဖြစ်ကြကြောင်း၊ ထိုအထဲတွင် အမျိုးသမီးလည်း (၅) ဦးပါ၀င်သည်ဟု သတင်းရရှိကြောင်း ၎င်းရဲအရာရှိက ပြောဆိုသည်။

ယခုအခါ ဖမ်းဆီးမိသူ ၃၆ ဦးကို မောင်တောရဲစခန်းတွင် ထိန်းသိမ်းထားပြီး စစ်ဆေးမေးမြန်းမူများ စတင်ပြုလုပ်နေပြီ ဖြစ်ကြောင်း ၎င်းရဲအရာရှိက ဆက်လက် ပြောဆိုသည်။

Most read this week