ပလောင် တပ်နှင့် အစိုးရ တပ်တို့ တိုက်ပွဲ ဖြစ်ပွား

ပလောင် တပ်နှင့် အစိုးရ တပ်တို့ တိုက်ပွဲ ဖြစ်ပွား
by -
ရွှေဟင်္သာ

ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦး လက်အောက်ခံ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်မှ တပ်ရင်း ၁၁၂ နှင့် အစိုးရ၏ ခလရ ၁၄၃ နှင့် ခလရ ၄၅ တပ်ရင်း စစ်ကြောင်း အင်အား (၂၀၀) ခန့်တို့နှင့် ပြီးခဲ့သည့် အောက်တို ဘာလ (၂၈) ရက်နေ့၌ ကွတ်ခိုင်မြို့နယ် လုံကန် ရွာနှင့် လွယ်ဂျရန် ရွာကြား၌ တိုက်ပွဲ ဖြစ်ပွား ခဲ့ကြောင်း TNLA တပ်မှ ဗိုလ်ကြီး ဝင်းဖေက ပြောသည်။

“ကျနော်တို့ လှုပ်ရှားတဲ့ ဂွင်ကို အစိုးရ တပ်က ထိုးစစ် ဆင်လာတယ် ခင်ဗျ၊ အဲဒါကြောင့် အဲဒီ ဂွင်မှာ လှုပ်ရှား နေတဲ့ ကျနော်တို့ ၁၁၂ တပ်ရင်းရဲ့ ဗိုလ်မှူး ဝိန်းမာန် ဦးစီးတဲ့ တပ်တွေနဲ့ ထိတွေ့ ခဲ့ပြီး တိုက်ပွဲ ဖြစ်ခဲ့ ကြတယ်၊ ခန့်မှန်း ရတော့ တော်တော် ခက်တယ်ဗျ၊ ဆွေးနွေးပွဲ လုပ်နေပေမယ့် တိုက်ပွဲ တွေက ပုံမှန်လို ဖြစ်နေ တာပဲဗျ” ဟု ဗိုလ်ကြီး ဝင်းဖေက ပြောသည်။

ကွမ်လုံ-ဟိုပန် အခြေစိုက် ခလရ ၁၄၃ တပ်ရင်း စစ်ကြောင်းအား ဒုတိယ ဗိုလ်မှူးကြီး အောင်မျိုးမှ ဦးဆောင်ကာ ကွတ်ခိုင် အခြေစိုက် ခလရ ၄၅ တပ်ရင်း စစ်ကြောင်းအား ဒုတိယ ဗိုလ်မှူးကြီး ထွန်းထွန်းဇော်က ဦးဆောင်၍ အောက်တိုဘာလ (၂၈) ရက်နေ့တွင် စစ်ကြောင်းထိုး လှုပ်ရှား လာခဲ့ရာ ထိုဂွင်၌ ပျောက်ကြား လှုပ်ရှား နေသည့် တအာင်း၏ ၁၁၂ တပ်ရင်းနှင့် တိုက်ပွဲ ဖြစ်ခဲ့ ကြခြင်း ဖြစ်သည်။

“နေ့လည် ၁၂းဝဝ နာရီမှာ တစ်နာရီကြာ တစ်ခါ၊ ညနေ ၁း၃၀ နာရီမှ ၂း၃၀ နာရီကြားတစ်နာရီ နီးပါး တစ်ကြိမ်၊ ည ၁၀း၃၀ နာရီမှ ၁၁းဝဝ နာရီထိ တစ်ကြိမ် တစ်နေ့ တည်းကို သုံးကြိမ် ဆက်တိုက် ဖြစ်တာ” ဟု ၄င်းမှ ဆိုပါသည်။

၁၁၂ တပ်ရင်းသည် ယခင်က လွယ်ဂျရန်ရွာ အနီး၌ပင် လှုပ်ရှား နေသည့် တအာင်းတပ် ဖြစ်ကာ ၄င်းမှ အစိုးရ တပ်၏ ထိုးစစ် ဆင်မှုကြောင့် တောတွင်းသို့ ဆုတ်ခွာကာ ပျောက်ကြား လှုပ်ရှား ရလာခြင်း ဖြစ်ကာ ၄င်းအား အစိုးရမှ ခလရ ၄၅ အပြင် ခလရ ၁၄၃ အား အားဖြည့်၍ လှုပ်ရှား လာခြင်း ဖြစ်သည်။

ကွမ်လုံ-ဟိုပန် အခြေစိုက် ခလရ ၁၄၃ တပ်ရင်းသည် ယခင်က တအာင်းဒေသ၌ လှုပ်ရှား နေသည့် စစ်ကြောင်း မဟုတ်ပဲ ယခု ရက်သတ္တပတ် အတွင်း မှပင် အသစ် ဝင်ရောက် လှုပ်ရှား လာသည့် စစ်ကြောင်း ဖြစ်ကြောင်း ဗိုလ်ကြီး ဝင်းဖေက ဆိုပါသည်။

ထိုသို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် ယနေ့ အောက်တိုဘာလ ၂၉ ရက်နေ့၌ ခလရ ၁၄၃ တပ်ရင်းများ တိုက်ပွဲ ဖြစ်ပွားရာ နေရာမှ  အင်အား အချို့ကို ထုတ်နှုတ်၍ ငေါ့ငါး ရွာဘက်သို့ ဆုတ်ခွာ သွားသော်လည်း အချို့ကို တောစပ်၌ ချထားဆဲ ဖြစ်ပါသည်။

သို့သော်လည်း ခလရ ၄၅ တပ်ရင်းမှာမူ တိုက်ပွဲ ဖြစ်ပွားရာ နေရာဤပင် ဆက်လက် တပ်စွဲ ထားဆဲ ဖြစ်ကာ ၄င်းတို့၏ လှုပ်ရှားမှုအပေါ် မူတည်၍ တိုက်ပွဲများ ထပ်မံ ဖြစ်ပွား နိုင်ခြေ ရှိကြောင်း ဗိုလ်ကြီး ဝင်းဖေက သုံးသပ် ပြောဆိုသည်။

အစိုးရ၏ ခလရ ၄၅ တပ်သည် ထိုဒေသ၌ ပျောက်ကြား လှုပ်ရှား နေသည့် တအာင်း တပ်ရင်း ၁၁၂ အား လိုက်လံ စစ်ဆင် နေရာ ပြီးခဲ့သည့် အောက်တိုဘာ ၂၂ ရက်နေ့တွင်လည်း ငေါ့ငါးရွာ အနီး၌ တိုက်ပွဲ ဖြစ်ပွားခဲ့ကြ သေးသည်။

ပြီးခဲ့သည့် ဇူလိုင် လကုန်ပိုင်း မူဆယ် ငြိမ်းချမ်းရေး ဆွေးနွေးမှု နောက်ပိုင်း ယခု တိုက်ပွဲ အပါအဝင် သည် (၂၀) ကြိမ်ကျော်အတိုက်အခိုက် ခံခဲ့ ရပြီး ဖြစ်သည်။

သို့သော်လည်း လာမည့် နိုဝင်ဘာ လအတွင်း၌ နှစ်ဖက် ထပ်မံတွေ့ဆုံ နိုင်ရန် အတွက် အစိုးရ နည်းပညာ အထောက် အကူပြု အဖွဲ့များနှင့် အောက်တိုဘာလ (၁၅) ရက်နေ့၌ တရုတ် နိုင်ငံ ရွှေလီမြို့၌ တွေ့ဆုံစဉ် နှစ်ဖက် မူအားဖြင့် သဘောတူ ထားခဲ့ပါသည်။

လာမည့် ဆွေးနွေးပွဲ၌ ပလောင် အဖွဲ့အနေဖြင့် အပစ်အခတ် ရပ်စဲရေး ပြုလုပ် နိုင်ရန် အတွက် အဓိကထား ဆွေးနွေး ရမည်ဖြစ်ကာ ၄င်းအပေါ် တိုင်းရင်းသား အဖွဲ့များ၏ သဘောထားများကို သုံးသပ် နိုင်ရန် အတွက် ပလောင် အဖွဲ့မှ ဥက္ကဋ္ဌ တားအိုက်ဖုန်း၊ ဒုတိယ ဥက္ကဋ္ဌ တားဂျုတ်ဂျားနှင့် အတွင်းရေးမှူး ဖြစ်သူ ဒုတိယ ဗိုလ်မှူးကြီး တားဘုန်းကျော်တို့ သုံးဦး တို့သည် လိုင်ဇာ၌ ကျင်းပမည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ထိပ်သီး ညီလာခံသို့ တက်ရောက်ရန် ရောက်ရှိ နေပြီး ဖြစ်သည်။

၄င်း လိုင်ဇာ တိုင်းရင်းသား လက်နက်ကိုင်များ အဖွဲ့ ထိပ်သီး ဆွေးနွေးပွဲမှ တပြည်လုံး အပစ်အခတ် ရပ်စဲရေး မူအပေါ် ဘုံရပ်တည် ချက်ကို အခြေခံ၍ မိမိတို့ ပလောင်တပ် အနေနှင့် အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုး နိုင်ခြင်း အခြေအနေ ရှိမရှိကို ဆုံးဖြတ် သွားမည် ဖြစ်ကြောင်း အတွင်းရေးမှူး ဖြစ်သူ တားဘုန်းကျော်က ထုတ်ဖော် ပြောဆို ထားပါသည်။

Most read this week