နှစ်နှစ်ကျော်အတွင်း လောင်းကစားအမှုသိမ်းထားငွေသိန်း ၆၀၀၀ နီးပါးရှိနေ

နှစ်နှစ်ကျော်အတွင်း လောင်းကစားအမှုသိမ်းထားငွေသိန်း ၆၀၀၀ နီးပါးရှိနေ
by -
မဇ္ဈိမ

လောင်းကစားမှုပပျောက်ရေးအတွက် သမ္မတဦးသိန်းစိန်၏လမ်းညွှန်ချက်ဖြင့် ပြီးခဲ့သည့် ၂၀၁၁ ခု ဇူလိုင် လအတွင်းကစပြီး အရှိန်မြှင့်ဖမ်းဆီးခဲ့ရာတွင် ၂၀၁၃ ခုနှစ် စက်တင်ဘာလကုန်အထိ နှစ်နှစ်ကျော်အတွင်း လောင်းကစားမှုဖြင့်သိမ်းထားသည့် ငွေသိန်း ၆၀၀၀ နီးပါးရှိပြီး လူနှစ်သောင်းနီးပါးကိုလည်း လောင်းကစား အမှုဖြင့် ဖမ်းမိခဲ့ဟု ပြည်ထဲရေးဒု-၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ပြောသည်။

နိုင်ငံအဝန်းတွင် နည်းမျိုးစုံဖြင့်လောင်းကစားမှုများပြုလုပ်နေကြသဖြင့် မည်ကဲ့သို့ အရေးယူဆောင်ရွက် နေသည်ကို မန္တလေးတိုင်း၊ အမရပူရမြို့နယ်မှ လွှတ်တော်အမတ် ဦးသိန်းထွန်းဦး၏မေးမြန်းမှုကို အောက် တိုဘာ ၂၈ ရက်ကပြုလုပ်သည့် ပြည်သူ့လွှတ်တော်တွင် ဒု-၀န်ကြီးက အထက်ပါအတိုင်း ပြန်ဖြေခဲ့ခြင်း ဖြစ်သည်။

လောင်းကစားမှုများမှာ နိုင်ငံအတွင်းကင်းစင်ပပျောက်ခြင်းမရှိသေးသည်ကို ၎င်းတို့ဝန်ကြီးဌာနအနေဖြင့် “မျက်ကွယ်ပြုထားခြင်းမပြုဘဲ ပပျောက်သည်အထိ ဆောင်ရွက်နေသည်” ဟုလည်း ပြည်ထဲရေးဒု-၀န် ကြီးက လွှတ်တော်တွင် ပြောသည်။

ဦးသိန်းထွန်းဦးက “အချို့သော ကစားသူများမှာ တစ်ရက်တည်းဖြင့် ငါးသိန်းမှဆယ်သိန်းအထိ ကုန်ကျ နေကြောင်းကြား သိနေရပါတယ်”ဟု လွှတ်တော်တွင် မေးခွန်းထုတ်ခဲ့သည်။

ဒု-၀န်ကြီး ပြန်လည်ဖြေကြားချက်အရလောင်းကစားမှုဖြင့် လူပေါင်းနှစ်သောင်းနီးပါးကို ဖမ်းမိခဲ့သည့်အပြင် လောင်းကြေးငွေ သိန်းပေါင်း ၅၈၀၀ ကျော်ကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု အမတ်များကိုပြောသည်။

အထက်ပါ ဖမ်းဆီးရမိမှုများတွင် အီလက်ထရောနစ်ဂိမ်း(ရွှေငါးဂိမ်း၊ ပန်းသီးသရဖူဂိမ်း)ဖြင့် လောင်းကစား ခြင်းပြုသည့် အမှုပေါင်း ၂၈ မှုရှိပြီး တရားခံ ၂၀၉ ဦးကိုလည်း ဖမ်းမိသည့်အမှုများတွင် ဂိမ်း စက်ပေါင်း ၃၁၉ လုံးနှင့် လောင်းကြေး ငွေ ၅၁ သိန်းကျော်ကိုလည်း သိမ်းဆည်းထားသည်ဟု ဒု-၀န်ကြီး ကပြောသည်။

၎င်းအနေဖြင့် လွှတ်တော်သို့လာရောက်မဖြေခင် တစ်ရက်အလိုကပင်လျှင် မန္တလေးတိုင်း၊ အမရပူရမြို့ နယ်အတွင်း ဖဲချပ်ကစားဂိမ်းစက်ရှစ်လုံး၊ ဘောလုံးကစားဂိမ်းရှစ်လုံး၊ ရွှေငါးဂိမ်း ၁၄ လုံးနှင့် လောင်းကြေး ငွေ ၃၄ သိန်းကျော်တို့ကို သိမ်းဆည်းရမိပြီး ဆိုင်ရှင်အပါအဝင် လောင်းကစားပြုလုပ်သူ ၁၁ ဦး တို့ကို လည်းဖမ်းမိခဲ့သည်ဟုလည်း ဒု-၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က ပြောခဲ့သည်။

သို့သော်လည်း လောင်းကစားမှုပပျောက်ရန်အတွက်မှာမူ ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများနှင့် ပြည်သူလူထုက အမျိုးသားရေးတာဝန်အဖြစ်ပူးပေါင်းမှသာလျှင် လောင်းကစားကင်း စင်နယ်မြေအဖြစ် သတ်မှတ်နိုင်မည်ဖြစ်သည်ဟုလည်း ဒု-၀န်ကြီးကဆိုသည်။

လောင်းကစားမှုများအတွက် တရားခံများကိုဖမ်းဆီးခဲ့သည်ဟု ဒု-၀န်ကြီးက ပြောဆိုခဲ့သော်လည်း မည်ကဲ့ သို့အရေးယူဆောင်ရွက်ထားသည်ကိုမူ ထည့်ပြောသွားခြင်းမရှိပေ။

Most read this week