ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး ဦးဆောင်သည့် နေပြည်တော် အထူးစစ်ဗျူဟာ အဝိုင်းခံထားရ

ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး ဦးဆောင်သည့် နေပြည်တော် အထူးစစ်ဗျူဟာ အဝိုင်းခံထားရ
by -
ရွှေဟင်္သာ

ကချင် လွတ်လပ်ရေး တပ်မတော် (KIA ) တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း (၁၂) သည် အစိုးရ အထူး စီမံထားသည့် နေပြည်တော် စစ်ဗျူဟာ (၂) အား (၇) ရက် တိုင်တိုင် ၀ိုင်းထားဆဲ ဖြစ်သည့် အပြင် စစ်ကူ လာပေး နေသည့် အထူး စစ်ဗျူဟာ (၃) ကိုလည်း ယနေ့ မနက် ပိုင်းတွင် ထပ်မံ တိုက်ခိုက် နေဆဲ ဖြစ်သည်ဟု KIA တပ်ရင်း (၁၂) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး လဘန်ဂျွန်းအောင် (Major Labang Jawn Awng) က ဆိုပါသည်။

“ ဒီနေ့ မနက် (၆း၃၀) နာရီ ကနေ အခုထိ (၂ နာရီခွဲ) တိုက်ပွဲက ဖြစ်နေ တုန်းဘဲ။ ဗျူဟာ (၃) ကနေ“လား” အကောင် (၅၀) ကျော်နဲ့ ရိက္ခာလား၊ ကျည်ဆံ လားတော့ မသိဘူး၊ ဗျူဟာ (၂)ကို လာပြီး စစ်ကူ ပေးတာလေ။ အဲဒါကို ကျနော်တို့ လူတွေ ဖြတ်တိုက် နေတာပေါ့။ တိုက်ပွဲ ကတော့ မနေ့ ညနေ ကတည်းက နည်းနည်း စဖြစ် လာခဲ့ တယ်လေ ဗျူဟာ (၃) နဲ့က” ဟု ဆိုပါသည်။

KIA ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်နှင့် ကစထ မှူး ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး တို့အား ပြီးခဲ့သည့် မြစ်ကြီးနား တွေ့ဆုံ ပွဲ၌ အတူ တွေ့ရစဉ်(Photo-KIA)

ဗိုလ်မှူးကြီး မင်းနိုင်ဦး ဦးဆောင်သည့် နေပြည်တော် အထူး စစ်ဗျူဟာ (၃) သည်အဝိုင်းခံ နေရသည့် အထူး စစ်ဗျူဟာ (၂) အား စစ်ကူ ပေးနေခြင်း ဖြစ်ပါသည်။ ယင်း ဗျူဟာ (၃) အား KIA တပ်ရင်း (၁၂) ကွန်မန်ဒို တပ်များက မနက် (၆) နာရီ ခွဲမှ ညနေ (၂) နာရီခွဲ အထိ ဖြတ်တိုက် နေခြင်း ဖြစ်သဖြင့် တိုက်ပွဲများ ပြင်းထန်လျှက် ရှိပါသည်။ ယင်း ဗျူဟာတွင် ရိက္ခာနှင့် ကျည်ဆံများ တင်ဆောင် လာသည့်လား အကောင် (၅၀) ကျော်လည်း ပါလာ ခဲ့သည်ဟု ဆိုပါသည်။  စစ်ဗျူဟာ (၃) တွင် ခလရ (၂၇၆)၊ ခလရ (၂၂၃)၊ ခမရ (၆၀၁) တပ်ရင်းမှ တပ်ဖွဲ့ များဖြင့် စုဖွဲ့ ထားပါသည်။

ဗိုလ်မှူးကြီး မိုးဇော် ဦးဆောင်သည့် နေပြည်တော် အထူးဗျူဟာ (၂) သည် ပြီးခဲ့သည့် အောက်တိုဘာ (၂၂) ရက်နေ့ ကတည်းက ရှမ်းပြည်နယ် မြောက်ပိုင်း မဘိန်း မြို့နယ် ဆဂနမ်ခွမ် (Saga Nam Hkum) ရွာဟောင်း တိုက်ပွဲ ဂွင်တွင် အဝိုင်းခံ ခဲ့ရခြင်း ဖြစ်သည်ဟု KIA တပ်ရင်းမှူးက ဆိုပါသည်။

ဤသို့ကြောင့် ရိက္ခာ ပြတ်တောက်ခြင်း၊ ကျည်ဆံ ပြတ်လတ်ခြင်း ဖြစ်လာ နေသည့် အတွက် အကူအညီ တောင်းခံ ထားသည်ဟုဗျူဟာ (၂) မှ အဖမ်းခံ ထားရသည့် အစိုးရ တပ်မှ သုံ့ပန်း တဦး ဖြစ်သူ တပ်ကြပ်ကြီး ကိုနိုက ဆိုပါသည်။ စစ်ဗျူဟာ (၂) တွင် ခမရ (၄၈၉) ၊ ခမရ (၃၂၀) နှင့် ခလရ (၄၇) တပ်ဖွဲ့များ ပါ၀င်သည်။

KIA တပ်ရင်း (၁၂) သည် နယ်မြေ ကျွှမ်းကျင် မှုကို အသုံးချပြီး အစိုးရ စစ်ဗျူဟာ (၂) အား၊ ကွန်မန်ဒို တပ်ဖွဲ့ဖြင့် လည်းကောင်း၊ ခံစစ် အသွင်ဖြင့် လည်းကောင်း မိုင်းကွင်း များဖြင့် လည်းကောင်း၊ ပျောက်ကျား တပ်ဖွဲ့ များဖြင့် လည်းကောင်း ဗျူဟာ အမျိုးမျိုး သုံးကာ ၀ိုင်းထားခြင်း ဖြစ်သည်ဟု ဆိုပါသည်။ ဤကဲ့သို့ ၀ိုင်းထားသော အထူး စစ်ဗျူဟာ (၂) တပ်ဖွဲ့ကို တည်ကြက် ထားပြီး ပေးလာသော စစ်ကူ အထူး စစ်ဗျူဟာ (၃)ကို KIA ကွန်မန်ဒို တပ်များက ထပ်မံ တိုက်ခိုက် နေခြင်း ဖြစ်ပါသည်။

ဗိုလ်မှူးကြီး မင်းနိုင်ဝင်း ဦးဆောင်သော အထူး စစ်ဗျူဟာ (၁)တွင် ခမရ (၃၈၇)၊ခမရ (၃၁၉)နှင့် ခလရ (၅၆) တပ်များ ပါ၀င်သည်။ ဤ စစ်ဗျူဟာသည် နယ်မြေထိမ်း စစ်ဗျူဟာ ဖြစ်ပြီး ကျေးရွာ များ၏ အဝင် အထွက်နှင့် ဆက်သွယ်ရေး များကို ထိမ်းချုပ် ထားပြီး မုန်းဒိန်ပါ ဒုက္ခသည် စခန်း ကိုလည်း ၀င်ရောက် တိုက်ခိုက်ခဲ့သော စစ်ဗျူဟာ ဖြစ်သည်ဟု ဆိုပါသည်။

ထို့ပြင် မန်စီ မြို့နယ်မှ မိုင်းခေါင်နှင့် ဘန်ခမ်း ဖက်တွင်လည်း အထူး စစ်ဗျူဟာ တခု ရံထား သေးသည်ဟု ဆိုပါသည်။ ဤ အထူး စစ်ဗျူဟာ (၃) ခုသည် ကချင်ပြည်နယ် ဗန်းမော် ခရိုင်တွင် အခြေ စိုက်သည့် KIA တပ်မဟာ (၃) အား စစ်ဆင် နေသည့် အထူး စစ်ဗျူဟာ (၆) ခု အနက်မှ (၃) ခု ဖြစ်ပါသည်။

ဤစစ်ဗျူဟာ များသည်  အစိုးရ နေပြည်တော် စစ်ရုံး ချုပ်မှတိုက်ရိုက် ကွပ်ကဲသော အထူး စစ်ဗျူဟာများ ဖြစ်ပြီး ကစထ မှူး ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးမှ တိုက်ရိုက် ကွပ်ကဲ နေခြင်း ဖြစ်သည်ဟု ဖမ်းမိသော သုံ့ပန်း၏ ထွက်ဆိုချက် များအရ သိရကြောင်း တပ်ရင်းမှူး လဘန် ဂျွန်းအောင်က ဆိုပါသည်။

အစိုးရ တပ်များသည် KIA နှင့် အစိုးရ ကိုယ်စားလှယ်တို့ တိုက်ခိုက်မှု လျှော့ချရေး သဘော တူညီချက်များ ရရှိပြီး နောက်ပိုင်းမှ ယခု ကဲ့သို့ တိုက်ပွဲများ ပြင်းထန် လာခဲ့ သည်ဟု ဗိုလ်မှူး လဘန်ဂျွန်း အောင်က ဆိုပါသည်။ ယခင် ကမူ ဒေသခံ တပ်ရင်း စစ်ကြောင်း များဖြင့် တစ်လလျှင် နှစ်ကြိမ်သာ တိုက်ပွဲ ဖြစ်ခဲ့ ကြရာမှ ယခု ကဲ့သို့ အထူး ဗျူဟာမြောက် စစ်ဆင် လာခဲ့ခြင်း ဖြစ်သည်ဟု ဆိုပါသည်။