တိုင်းရင်းသားဒေသမြေယာသိမ်းဆည်းမှုများကြောင့် ဖွံဖြိုးရေးနောက်ကျနေ

တိုင်းရင်းသားဒေသမြေယာသိမ်းဆည်းမှုများကြောင့် ဖွံဖြိုးရေးနောက်ကျနေ
by -
မွန်အေဂျင်စီ

နိုင်ငံတကာမြန်မာသတင်းကွန်ယက် BNI ၏ မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်ရေးအဖွဲ့က ကျင်းပသော “ငြိမ်းချမ်းရေးနှင့် ပဋိပက္ခဆိုင်ရာ မြန်မာ့စီးပွားရေးအခြေအနေ” သတင်းစာရှင်းလင်းပွဲတွင် တိုင်းရင်းသားဒေသမြေယာသိမ်းဆည်းမှုကြောင့် ဖွံဖြိုးရေးနောက်ကျခဲ့ရကြောင်း BNI ဖွံ့ဖြိုးရေးအရာရှိနှင့် ကရင်သတင်းဌာန (KIC) တာဝန်ခံအယ်ဒီတာ နန်းဖောဂေက ပြောသည်။

နန်းဖော့ဂေက “ မြေရှင်ဖြစ်ပါလျက်နဲ့မြေငှားဘဝဖြစ်ရတာတွေ၊ ပိုင်ဆိုင်မှုပြေစာ၊ စာရွက်စာတန်းတွေ မပြနိုင်တဲ့အခါကျတော့ အသားလွတ် မြေအသိမ်းခံရတာ အများကြီးရှိခဲ့တယ်” ဟု ပြောသည်။

ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ Myanmar Media Library ၌ အောက်တိုဘာလ ၂၈ ရက်နေ့၊ မွန်းလွဲ ၂ နာရီခန့်တွင် နိုင်ငံတကာမြန်မာသတင်းကွန်ယက် BNI က သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ရာ သတင်းထောက် ၁၃၀ ခန့်တက်ရောက်သည်ကို တွေ့ရှိရသည်။

ယင်းသတင်းစာရှင်းလင်းပွဲအား BNI ဖွံ့ဖြိုးရေးအရာရှိ နန်းဖော့ဂေ (KIC အယ်ဒီတာချုပ်)၊ လွတ်လပ်သော မွန်သတင်း အေဂျင်စီအယ်ဒီတာချုပ် နိုင်ကစော့မွန်နှင့် ရွှေဂက်စ် အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းအောင်တို့က ဦးဆောင်ရှင်း လင်းခဲ့ပြီး မြန်မာ့အသွင်ကူးပြောင်းရေး ကာလတွင် တရားမျှတရေး၊ ဖွံဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေး ရရှိစေရေးအတွက် နိုင်ငံရေးအရ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းနိုင်ရန် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုရန် ရည်ရွယ်ပြုလုပ်ခြင်း ဖြစ်သည်ဟု သိရသည်။

ထိုသတင်းစာရှင်းလင်းပွဲတွင် စီးပွားရေးနှင့် ဖွံ့ဖြိုးရေးစီမံကိန်းသစ်များပြုလုပ်ခြင်းများ၊ စစ်စခန်းများ ဆောက်လုပ်ခြင်း၊ ပုဂ္ဂလိကအကျိုးစီးပွားများတွက် စစ်တပ်က အတင်းအကျပ် မြေသိမ်းပိုက်မှုများ နိုင်ငံတစ်ဝှမ်းတွင် ဆက်လက်ဖြစ်ပေါ်လျှက်ရှိပြီး မြေဧက ၂ သန်းကျော် သိမ်းဆည်းခဲ့သည့်အနက် မြေဧက ရ သိန်းကျော်ကို ပြန်လည်စိစစ်လျှက်ရှိသည်ဟု BNI အဖွဲ့က ခန့်မှန်းထားသည်။

ထိုသို့မြေယာသိမ်းဆည်းမှုများသည် တိုင်းရင်းသားဒေသမဟုတ်သည့် လက်ပံတောင်းတောင် ကြေးနီစီမံ ကိန်း ၊ မလက်တိုမြေယာသိမ်းဆည်းမှုကြောင့် ဆန္ဒပြမှု၊ အကြမ်းဖက်မှု ပဋိမက္ခများစွာဖြစ်ပွားခဲ့သည်ဟု လည်း နန်းဖေဂေက ထောက်ပြသည်။

လွတ်လပ်သောမွန်သတင်းအေဂျင်စီ (IMNA) အယ်ဒီတာချုပ် နိုင်ကစော့မွန်က “ကျနော်တို့တိုင်းရင်းသား လူမျိုးစုတွေရဲ့ ဆင်းရဲမွဲတေမှုနဲ့ခေတ်နောက်ကျနေရတာတွေဟာ တပ်မတော်က ပြည်သူလူထုနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ အင်အားမကြီးထွားအောင် ဖြတ်(၄) နည်းဗျုဟာစနစ် ကျင့်သုံးခဲ့တာ လည်းပါတယ်”ဟုပြောသည်။

ယင်းဖြတ် ၄ ဖြတ် ဆိုသည်မှာ (၁) တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများနှင့် ဆက်သွယ်ရေး ဖြတ်တောက်ခြင်း၊ ပိတ်ဆို့ခြင်း။ (၂) သူပုန်ဒေသများသို့ လူများ၊ ပစ္စည်းပို့ဆောင်မှုများကို ဖြတ်တောက်ခြင်း။ (၃) ပစ္စည်း၊ သတင်း၊ ရန်ပုံငွေ၊ လူသစ်ထောက်ပံ့သူ အမာခံများကို ဖြတ်တောက်ခြင်းနှင့် ချေမှုန်းခြင်း။ (၄) သူပုန်များ၏ ဝင်ငွေကျဆင်းစေရန် ကုန်သွယ်မှု ဖြတ်တောက် ခြင်းတို့ဖြစ်သည်ဟု ဆိုသည်။

ထိုဖြတ် (၄) ဖြတ်၏အကျိုးဆက်ကြောင့် ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံသို့ တိုင်းရင်းသားဒုက္ခသည် အများပြားရောက်ရှိသွားပြီး အထူးသဖြင့် ကရင်လူမျိုးများမှာ ၅ သိန်းခန့် အိုးအိမ်မဲ့ ဖြစ်သွားခဲ့ဟုလည်း ဆက်လက်ထောက်ပြသည်။

ထို့အတူ BNI မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်ရေးအဖွဲ့က နိုင်ငံရေးအရ ဆွေးနွေးပွဲများ မပြုလုပ်ရသေးခင် တိုင်းရင်းသား ဒေသများတွင် စီမံကိန်းကြီးများ မပြုလုပ်ကြရန်ထောက်ပြထားပြီး “ငြိမ်းချမ်းရေးနှင့် ပဋိပက္ခဆိုင်ရာ မြန်မာ့စီးပွားရေးအခြေအနေ” စာအုပ်ကိုလည်း မြန်မာဘာသာနှင့် အင်္ဂလိပ်ဘာသာဖြင့် “Economics of Peace and Conflict” သုတေသနစာတမ်းကို ထုတ်ဝေဖြန့်ချိခဲ့သည်။

အဆိုပါ သုတေသနစာတမ်းကို BNI အဖွဲ့ဝင်များနှင့်အတူ မြန်မာမြစ်ချောင်းများဆိုင်ရာ ကွန်ယက်အဖွဲ့၊ တိုင်းရင်းသားလူမျိုးများ လူထုဖွံ့ဖြိုးရေးဆုံရပ်အဖွဲ့၊ ရခိုင်ရေနံစောင့်ကြည့်ရေးအဖွဲ့၊ ကရင်နီလူမှုအဖွဲ့ အစည်းများ ကွန်ယက်အဖွဲ့၊ ကချင်ဖွဲ့ဖြိုးရေးကွန်ယက်အဖွဲ့၊ ကရင်သဘာဝန်းကျင်နှင့် လူမှုပတ်ဝန်း ကျင်လှုပ်ရှားမှုကွန်ယက်နှင့် ရွှေသဘာဝလှုပ်ရှားမှုအဖွဲ့တို့က ပ့ံပိုးကူညီခဲ့သည်။

၂၀၀၃ ခုနှစ်တွင်ဖွဲ့စည်းခဲ့သော BNI နိုင်ငံတကာမြန်မာ့သတင်းမီဒီယာကွန်ယက်တွင် တိုင်းရင်းသား သတင်းဌာနများဖြစ်ကြသည့် လွတ်လပ်သောမွန်သတင်းအေဂျင်စီ-IMNA၊ ကချင်သတင်းဌာန-KNG၊ ကုလားတန် သတင်းဌာန-KALADAN PRESS၊ ကန္တာရဝတီတိုင်း(မ်) (ကရင်နီ)၊ ရွှေဟင်္သာသတင်းဌာန၊ ကေအိုင်စီ(ကရင်)၊ ခိုနူမ်းထုန် သတင်းဌာန(ချင်း)၊ မဇ္ဈိမသတင်းဌာန၊ နိရဥ္စရာ သတင်းဌာန(ရခိုင်)၊ သတင်းနှင့်မီဒီယာကွန်ယက်၊ သျှမ်းသံတော်ဆင့်သတင်းနှင့် အဖွဲ့ဝင်သစ်သံလွင်တိုင်း(မ်) စသည့်သတင်းဌာန ၁၂ ခုတို့ ပါဝင်သည်။