အစိုးရနှင့် အပစ်ရပ်ထားသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ခေါင်းဆောင် ကိုယ်စားလှယ်များ လိုင်ဇာမြို့သို့ စတင်သွားရောက်နေကြောင်း နီးစပ်သည့် ပုဂ္ဂိုလ်များက ပြောပါသည်။
ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် (KIO/KIA) ဌာနချုပ် လိုင်ဇာမြို့သို့ အပစ်ရပ်ထားသည့် တိုင်းရင်းသားလက် နက်ကိုင် တပ်ဖွဲ့များဖြစ်ကြသည့် RCSS/SSAခေါင်းဆောင် ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းလ ဒုဗိုလ်မှူးကြီး စိုင်းငင်း၊ဒုဗိုလ်မှူးကြီးစိုင်းမိဏ်း၊ SSPP/SSA မှ စဝ်ခွန်ဆိုင်၊ စဝ်ကျော်လ၊ ဗိုလ်မှူးဘထွန်း၊ကေအဲန်ယူမှ ဗိုလ်ချုပ်မူတူးဆေးဖိုး၊ ဗဒိုကွယ်ထူးဝင်း၊ ဗဒိုတူးတူးလေး တို့က ညီလာခံတက်ရောက်ရန် လိုက်ဇာမြို့သို့ ထွက်ခွါသွားကြခြင်းဖြစ်သည်။
ချင်းမိုင်အခြေစိုက် UNFC အဖွဲ့မှ ဧပရယ်ထွိ၊ ဒေးဗစ်တာကဘော၊နိုင်ဟံသာ တို့ဦးဆောင်သော၁၂ ဦးပါအဖွဲ့ ယမန်နေ့က လိုင်ဇာသို့ထွက်ခွာသွားပြီးဖြစ်ကြောင်း UNFC အသိုင်းအဝိုင်းက ပြောပါသည်။
အဆိုပါ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးကြမည့် လိုင်ဇာညီလာခံသို့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၏ အတိုင်အပင်ခံအဖြစ် ယူရိုဘားမားရုံး စဝ်ဟန်ယောင်ဟွေ့နှင့် ပြည်ထောင်စုအင်စတီဂျုမှ စဝ်ခင်းဆိုင် တို့လည်းတက်ရောက်မည်ဟု ကြားသိရပါသည်။
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ခေါင်းဆောင်များ၏ လိုင်ဇာညီလာခံအား အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၁ ရက်နေ့ အထိ ကျင်းပမည်ဖြစ်သည်။ အဓိကအားဖြင့် တတိုင်းပြည်လုံး အပစ်ရပ်ရေးအတွက်၊ နိုင်ငံရေးဆွေးနွေးရေးအတွက် အစိုးရနှင့်တွေ့ဆုံလျှင် အဓိကထား ဆွေးနွေးတောင်းဆိုမည့်အချက်များ ရယူရေးအတွက် ဖြစ်သည်ဟု တက်ရောက်သည့်ခေါင်းဆောင်များက ပြောသည်။