လယ်ယာမြေ စုံစမ်းစိစစ်ရေးကော်မရှင်အဖွဲ့ ဖားအံမြို့တွင်ရှင်းလင်းပွဲပြုလုပ်

လယ်ယာမြေ စုံစမ်းစိစစ်ရေးကော်မရှင်အဖွဲ့ ဖားအံမြို့တွင်ရှင်းလင်းပွဲပြုလုပ်
by -
ကေအိုင်စီ

နေပြည်တော်လယ်ယာမြေ စုံစမ်းစိစစ်ရေးကော်မရှင်မှ ဦးအောင်သိန်းလင်း ဦးစီး၍ ကရင်ပြည်နယ် အတွင်း လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရသည့် ပြည်သူများအား လာရောက်တွေ့ဆုံကာ ရှင်းလင်းပွဲ တစ်ရပ်ပြုလုပ်ခဲ့ကြသည်။

လယ်ယာမြေစုံစမ်းစိစစ်ရေးကော်မရှင်အဖွဲ့(၉)မှ ဦးအောင်သိန်းလင်း အပါအဝင် ဦးကျော်မင်း၊ ဒေါ်နန်းစေအွာ၊ ဦးအောင်ကျော်နိုင်၊ မန်းကံညွှန့်တို့သည် အောက်တိုဘာ ၂၅ ရက်နေ့၊ နံနက် ၈ နာရီမှ နေလည် ၁၂ နာရီအထိ ကရင်ပြည်နယ်၊ ဖားအံမြို့၊ ဇွဲကပင်ခန်းမတွင် ဒေသခံလူထုများအား တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ထိုအခမ်းအနားတွင် ဦးအောင်သိန်းလင်းက လယ်ယာမြေသိမ်းဆည်းခံရမှု စုံစမ်းစိစစ်ရာတွင် ကရင်ပြည်နယ် တစ်ခုအတွင်းသာ ကြန့်ကြာသည် မဟုတ်သဖြင့် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးတွင်းလည်း ကရင်ပြည်နယ် နည်းအတူ ကြန့်ကြာမှုများရှိပြီး စုံစမ်းစိစစ်ရေး ကော်မရှင်အနေဖြင့် အဆင့်ဆင့်လုပ်ဆောင် မှုများ များပြားခြင်း လည်း ရှိသည်ဟု ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“အဓိကအားဖြင့် အရင်းတုန်းက ဌာနဆိုင်ရာ၊ အဖွဲ့အစည်းများ မြေသိမ်းဆည်းရာမှာ ဥပဒေနဲ့အညီ သိမ်းကြ ခြင်း ဟုတ်မဟုတ်၊ သိမ်းဆည်းနေတဲ့ ဌာနတွေကို စိစစ်ခြင်းအားဖြင့် သိနိုင်တယ်။ မြေခွန်၊ ပြေစာ၊ ဂရမ်စတဲ့ ပိုင်ဆိုင်မှုအထောက်အထား အပြည့်စုံပြနိုင်ရင် အကောင်းဆုံးဖြစ်တယ်”ဟု ဦးအောင်သိန်းလင်းကပြော သည်။

၎င်းတွေ့ဆုံရှင်းလင်းပွဲတွင် လယ်ယာမြေစုံ စမ်းစိစစ်ရေးကော်မရှင်အဖွဲ့(၉)၏ အဖွဲ့ဝင်များအပါအဝင် အစိုးရဌာန ဆိုင်ရာများ ဒေသခံများနှင့် မြေယာသိမ်းဆည်းခံရသည့် ဒေသခံများ စုစုပေါင်းလူ ၁၀၀ ကျော် တက်ရောက်ခဲ့ ကြသည်။

တွေ့ဆုံရှင်းလင်းပွဲသို့ တက်ရောက်သည့် ဒေသခံနှင့် မြေယာအသိမ်းခံရသူများက ၎င်းတို့မြေယာများ အခမဲ့ အသိမ်းခံရခြင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာ အစိုးရဌာနအဆင့်ဆင့်သို့ အကြိမ်ကြိမ်တင်ပြခဲ့မှုများ ရှိခဲ့သော် လည်း တစုံတရာ အကြောင်းပြန်ကြားခြင်းများ မရှိခဲ့ကြောင်း လယ်ယာမြေစုံစမ်းစီစစ်ရေးကော်မရှင်အဖွဲ့(၉)ကို တုံ့ပြန်ပြောဆိုခဲ့ကြသည်ဟု သိရသည်။

ရှင်းလင်းပွဲတက်ရောက်သည့် ဒေသခံတစ်ဦးဖြစ်သူ စောကျော်ထက်ခိုင်က “မြေသိမ်းတဲ့ ကိစ္စမှာ ကျနော်တို့ နေ တဲ့ဒေသဆိုရင် ဖားအံမြေစာရင်းနှင့် အထွေထွေအုပ်ချုုပ်ရေးမှူးတို့ကိုယ်တိုင်က ဒီလိုသိမ်းဆည်းထားတဲ့ မြေယာ တွေကို တပ်မတော် ဘိလပ်မြေစက်ရုံ တရားဝင်မြေဖြစ်အောင် မှတ်ပုံတင်ဖို့ တံဆိပ်ကောင်းဖိုးတွေ ငွေသိန်း ပေါင်းများစွာ ကုန်ကျတာဖြစ်တဲ့အတွက် အခမဲ့သိမ်းယူရတာဖြစ်လို့ ပြောသွားတာဖြစ်တယ်”ဟု ဆိုသည်။

ဆက်လက်၍ ယခုနှစ်၊ စက်တင်ဘာလတွင် ဖားအံမြေစာရင်းဦးစီးမှူး၊ မြေစာရင်းဒုဦးစီးမှူးနှင့် ဖားအံမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး၊ ဒုအုပ်ချုပ်ရေးမှူးတို့က ဖားအံဒေသအတွင်းရှိ လှာကာ၊ ဇရပ်ဖြူ၊ မြိုင်ကလေး စသည့် လယ်ယာမြေများကို ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေနှင့်အညီ သိမ်းဆည်းသွားခြင်းဖြစ်သည်ဟု ဒေသခံများအား ပြောဆိုသွားခဲ့သည်ဟု ထောက်ပြပြောဆိုခဲ့သည်။

လယ်ယာမြေစုံစမ်းစိစစ်ရေးကော်မရှင်အဖွဲ့(၉)သည် ယင်းကဲ့သို့ဖားအံမြို့တွင် ဒေသခံလူထုများနှင့် တွေ့ဆုံရှင်း လင်းပွဲ မပြုလုပ်မီ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် အလားတူ ရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သေးသည်ဟု သိရသည်။