အသေးစားနှင့်အလတ်စားလုပ်ငန်း SME များအား မှတ်ပုံတင်ကြေးနှင့် အခွန်ကင်းလွတ်ခွင့်ပေးရေးဆိုင် ရာအစီအစဉ် အကောင်အထည်ပေါ်လာသည်အထိ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မင်္ဂလာ မြန်မာလူမှုအဖွဲ့အစည်း၏ ညွှန်ကြားရေးမှူး ဒေါက်တာဖုန်းဝင်းက မဇ္ဈိမသို့ ပြောသည်။
လူ ၂၅ ဦးအောက် SME လုပ်ငန်းများအား အခွန်ကင်းလွတ်ခွင့်၊ မှတ်ပုံတင်ကြေးကင်းလွတ်ခွင့်များ ရရှိ မည်ဖြစ်၍ စီးပွားရေးလုပ်ငန်းများ စတင်နိုင်ရန် တိုက်တွန်းမှုများကို ရုပ်သံများမှတစ်ဆင့် မင်္ဂလာမြန်မာက လုပ်ဆောင်နေသည်။
သို့သော် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးအောင်က အခွန်ကင်းလွတ်ခွင့် နှင့် မှတ်ပုံတင်ကြေး ကင်းလွတ်ခွင့်ပေးရန် အစီအစဉ်မရှိသေးကြောင်း အောက်တိုဘာ ၁၄ ရက်ကကျင်းပသည့် ပြည်သူ့လွှတ် တော်တွင် ပြန်လည်ဖြေဆိုခြင်းရှိလာ၍ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ရှင်းလင်းခြင်းဖြစ်သည်။
ဒေါက်တာဖုန်းဝင်းက “ကျွန်တော်တို့က အစိုးရဝန်ကြီးဌာနပိုင်းနဲ့ တွေ့ဆုံမှုအကြိမ်ကြိမ်လုပ်ပြီးမှ ဒီလို တိုက်တွန်းတာ တောင်းဆိုတာကို လုပ်တာပါ။ အခု လွှတ်တော်မှာ အစီအစဉ်မရှိသေးဘူး ပြောခဲ့ပေမယ့် တကယ်ကင်းလွတ်ခွင့်ရလာတဲ့အထိ ဆက်ပြီးဆောင်ရွက်သွားမှာပါ”ဟု ပြောသည်။
လက်ရှိအချိန်တွင် မင်္ဂလာမြန်မာသည် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများမှ တွေ့ဆုံခွင့်ပေး မည့်အချိန်အား စောင့်ဆိုင်းနေလျက်ရှိကာ ခေါ်ယူတွေ့ဆုံချိန်တွင် အဆိုပါ အစီအစဉ် အမြန်ဆုံးဆောင် ရွက်ပေးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောသည်။
မင်္ဂလာမြန်မာသည် အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးအစီအစဉ်၊ သောက်သုံးရေရှားပါး မှုလျော့ကျရေးအစီအစဉ်နှင့် အမျိုးသမီးဦးဆောင်သည့်အဖွဲ့အစည်းများ ပေါ်ပေါက်လာရေးအစီအစဉ်များ ဆောင်ရွက်နေသော အစိုးရမဟုတ်သော အဖွဲ့အစည်း (NGO) တစ်ခုဖြစ်သည်။
မြန်မာနိုင်ငံတွင် အသေးစားနှင့်အလတ်စားစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်မှုဝန်ကြီး ဌာနနှင့် အသေးစားနှင့်အလတ်စားစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာနတို့ လုပ်ကိုင်နေသည်။
အသေးစားလုပ်ငန်းများအနေဖြင့် လက်ရှိအချိန်တွင် သမဝါယမမှတစ်ဆင့်ချေးငွေရရှိနိုင်သည့်ပမာဏမှာ ငွေကျပ်ငါးသိန်းဝန်းကျင်သာဖြစ်နေခြင်းကြောင့် မှတ်ပုံတင်ကြေးပေးဆောင်ရပါက အခြေခံလူတန်းစား များ အနေဖြင့် လုပ်ငန်းလုပ်ကိုင်ရန် အခက်အခဲရှိကြောင်း ယင်းက ဆက်လက်ပြောသည်။
ထို့အပြင် ပြည်ပရင်းနှီးမြုှပ်နှံသူများကိုပင် နိုင်ငံတော်အနေဖြင့် အခွန်ကင်းလွတ်ခွင့်များကို သုံးနှစ်မှ ငါးနှစ် အထိပေးနေခြင်းများရှိရာ ပြည်တွင်းမှ အခြေခံလုပ်ငန်းများကို သုံးနှစ်အခွန်ကင်းလွတ်ခွင့်ပေးခြင်းမှာ အစိုးရအနေဖြင့် ဆောင်ရွက်ပေးသင့်သဖြင့် ဆက်လက်တောင်းဆိုသွားမည်ဟု ပြောသည်။
ဒေါက်တာဖုန်းဝင်းက “ကျွန်တော်တို့ တောင်းဆိုတယ်ဆိုတာက အခွန်ကင်းလွတ်ခွင့်ကို သုံးနှစ်နဲ့ မှတ်ပုံ တင်ကြေးမပေးရဘဲ မှတ်ပုံတင်လုပ်ခွင့်ပေးဖို့ပါပဲ။ နိုင်ငံတော်က လူတန်းစားအများစုဖြစ်တဲ့ အခြေခံလုပ် သားတွေ စီးပွားရေးလုပ်ကိုင်ပြိီး လူနေမှုအဆင့်အတန်းမြင့်လာဖို့ ဦးစားပေးဆောင်ရွက်ရမယ့်အချိန်ကို ရောက်နေပါပြီ။ ဒါကလည်း အချိန်ဆွဲနေလို့မရတဲ့အတွက် အမြန်ဆုံးဖြစ်လာစေချင်တယ်”ဟု ဆိုသည်။
လက်ရှိအချိန်တွင် စီးပွားရေးတိုးတက်မှု အင်အားကြီးနိုင်ငံများအတွင်း ပါ၀င်နေလျက်ရှိသော ဟောင် ကောင်နှင့် စင်ကာပူနိုင်ငံများသည် ယင်းတို့၏ ပြည်တွင်းစီးပွားရေးဖွံ့ဖြိုးမှု စတင်ချိန်က လုပ်ငန်းအသေး များကို အခွန်ကင်းလွတ်ခွင့်၊ မှတ်ပုံတင်ကြေးကင်းလွတ်ခွင့်များဖြင့် စတင်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။
မြန်မာနိုင်ငံတွင် စက်မှုလက်မှုလုပ်ငန်းများနှင့်သက်ဆိုင်သည့် လုပ်ကိုင်ခွင့်မှတ်ပုံတင်များကိုမူ စက်မှုကြီး ကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတွင် ခွင့်ပြုပေးခြင်းဖြစ်ကာ မှတ်ပုံတင်ကြေးနှုန်းထားကိုမှု ကျပ်ငွေ ၁၀ သိန်း သတ်မှတ်ထားခြင်းဖြစ်သည်။
အသေးစားနှင့်အလတ်စားစက်မှုဖွံ့ဖြိုးရေးဗဟိုဌာန၏ စာရင်းများအရ မြန်မာနိုင်ငံတွင် စက်မှုလုပ်ငန်း ပေါင်း ၁၂၆,၉၀၀ ကျော်ရှိခြင်းဖြစ်သော်လည်း ယင်းအနက်မှ ၉၀ ရာခိုင်နှုန်းကျော်မှာ အသေးစားစက်မှု လုပ်ငန်းများ အဆင့်တွင်သာ ပါ၀င်နေခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင်SME လုပ်ငန်းများအား သတ်မှတ်ချက်နှင့်ပတ်သက်သည့် တိကျသည့်ဥပဒေတစ်ရပ် ပေါ်ပေါက်လာရန်အတွက် လာမည့်လွှတ်တော်တွင် တင်သွင်းနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အသေးစား နှင့်အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဗဟိုဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ အိရွှေစင်ထွန်းက ပြောထားသည်။