ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေး အမေရိကန်ဒေါ်လာ၂၂သန်းကျော် အသုံးပြုမည်

ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေး အမေရိကန်ဒေါ်လာ၂၂သန်းကျော် အသုံးပြုမည်
by -
မဇ္ဈိမ

ရခိုင်ပြည်နယ်အတွင်း ဂီရိမုန်တိုင်းကျရောက်ခဲ့သည့် ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် အသက်မွေးဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာဖူလုံရေးရန်ပုံငွေ LIFT က အမေရိကန်ဒေါ်လာ ၂၂ သန်း (ကျပ်သန်း ၂၂၀၀၀)ကျော် အသုံးပြုပြီး ထောက်ပ့ံပေးသွားမည်ဟု ယင်းအဖွဲ့နှင့် တွေ့ဆုံခဲ့သူ ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းက အောက်တိုဘာ ၂၃ တွင် မဇ္စျိမသို့ ပြောသည်။

ရခိုင်ပြည်နယ် မြေပုံ၊ ပေါက်တော၊ ကျောက်ဖြူ၊ မင်းပြားမြို့နယ်များသည် ၂၀၁၀ ခုနှစ်က ဂီရိမုန်တိုင်း တိုက်ခတ်မှု ခံခဲ့ရပြီး ယင်းမြို့နယ်များမှ ဒေသခံများ၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများအတွက် နိုင်ငံပေါင်း ဆယ်နိုင်ငံမှ လှူဒါန်းထားငွေ အမေရိကန်ဒေါ်လာ ၂၂,၁၁၈,၀၆၆ ကို အသုံးပြုဆောင်ရွက်သွားမည်ဟု အဆိုပါအဖွဲ့ တာဝန်ရှိ သူက ပြောကြားခဲ့ကြောင်း ဦးလှသိန်းက ပြောသည်။

အသက်မွေးဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာဖူလုံရေးရန်ပုံငွေ LIFT မှMr.steve Dowall(LIFT)၊ Mr.Vincent (IRC) ၊ Mr.Ralf Nico Thill (IRC)၊ ဦးမြင့်စိန် (LIIT)၊ ဦးမိုးဝင်းအောင်(OCHA) တာဝန်ရှိပုဂ်္ဂိုလ်များက ရခိုင်ပြည်နယ် ဥပဒေချုပ်ရုံးတွင် ဦးလှသိန်းနှင့် အောက်တိုဘာ ၂၂ ရက်က တွေ့ဆုံကာ ထိုသို့ လှူ ဒါန်းမည့် အစီအစဉ်များကိုပြောဆိုခဲ့ကြခြင်းဖြစ်သည်။

ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းက “ရခိုင်ပဋိပက္ခတွေကြောင့် ဂီရိမုန်တိုင်းဒုက္ခသည်တွေ အရေးက မှိန်သွားတယ်။ လှူဒါန်းမှုတွေလည်း မရှိသလောက်ဖြစ်ခဲ့တယ်။ မုန်တိုင်းဒဏ်ခံရတဲ့သူတွေကတော့ ထူထောင်နိုင်မှု မရှိသေးဘူး” ဟု ပြောသည်။

အဆိုပါ လှူဒါန်းငွေများကို မြေပုံ၊ ပေါက်တော၊ ကျောက်ဖြူ၊ မင်းပြားဒေသများတွင် လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရန် အတွက် အခြေခံအဆောက်အအုံများ ဆောက်လုပ်ပေးခြင်း၊ ရေရရှိရေးအတွက် ရေတွင်း၊ ရေကန်များနှင့် ချောင်းပိတ်ရေထွက်စနစ်များကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ ငါးလုပ်ငန်း ကဏ္ဍာအနေဖြင့် ငါးဖမ်းလုပ်ငန်းများ၊ ရောင်းဝယ်ဖောက်ကားခြင်း လုပ်ငန်းများတွင် ကျွမ်းကျင်မှု အရည် အသွေးမြှင့်တင်ပေးခြင်း၊ စိုက်ပျိုးရေးကဏ္ဍာ အနေဖြင့် မျိုးကောင်းမျိုးသန့် စပါးမျိုးစေ့များ ဖြန့်ဖြူးပေးခြင်း၊ ဓာတ်မြေသြဇာဖြန်ဖြူးပေးခြင်း၊ နည်းပညာများ၊ သင်တန်းပေးခြင်း၊ အဟာရပြည့်ဝသော အစားအစာများ စားသုံးနိုင်ရန်အတွက် သီးနှံမျိုးစုံစိုက်ပျိုးထုတ်လုပ်ရေး အစီအမံများကို ဆောင်ရွက်ပေးမည်ဟုပြောကြား ခဲ့သည်ဟု ဦးလှသိန်းက ဆိုသည်။

ယင်းအပြင် ငွေကြေးဆိုင်ရာ ၀န်ဆောင်မှုအနေဖြင့် အိမ်ထောင်စုများ ၀င်ငွေတိုးတက်ရရှိစေရန် အသက် မွေးဝမ်းကျောင်း လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို ကူညီ ဆောင်ရွက်ပေးမည်ဖြစ်ပြီး ကျေးလက်နေ လက်လုပ်လက်စား လယ်သမားများ၊ ငါးဖမ်းသမားများဘဝမှ ကိုယ်ပိုင်အသေးစား စီးပွားရေးပိုင်ရှင်များအထိ ဖြစ်လာအောင်မြှင့်တင်ပေးမည်တို့ကိုလည်း ပြောကြားခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။

ကျောက်ဖြူ လူမှုကွန်ရက်မှ ဦးထွန်းလွင်က “လှူဒါန်းမှုတွေက ပြည်သူကို တကယ် ထိထိရောက်ရောက် ရောက်ရှိ လာရင်တော့ ကျွန်တော်တို့အတွက် ၀မ်းသာစရာပေါ့”ဟု မဇ္စျိမကို ပြောသည်။

၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ ၂၂ ရက်က ရခိုင်ပြည်နယ်အတွင်း ၀င်ရောက်ခဲ့သော ဂီရိမုန်တိုင်း ကြောင့် လူ ၄၅ ဦး သေဆုံးကာ လူပေါင်း ၂၆၀,၀၀၀ တို့ သဘာဝဘေးအန္တရာယ် ခံစားခဲ့ရသည်။

အသက်မွေးဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာဖူလုံရေးရန်ပုံငွေ LIFT ကို အလှူရှင်နိုင်ငံများ၏ မတည်ရန်ပုံငွေဖြင့် ၂၀၀၉ ခုနှစ်တွင် မြန်မာနိုင်ငံ၌် ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ရန်ပုံငွေကို မတည်သော အလှူရှင်များမှာ သြစတြေးလျ၊ ဒိန်းမတ်၊ ဥရောပသမဂ္ဂ၊ ပြင်သစ်၊ နယ်သာလန်၊ နယူးဇီလန်၊ ဆွီဒင်၊ဆွစ်ဇာလန်၊ ယူနိုက်တက်ကင်းဒမ်းနှင့် အမေရိကန်ပြည်ထောင်စုတို ့ဖြစ်ပါသည်။