“လာဘ်ယူ၍ အာဏာအလွဲသုံးသည်”ဟု ပြည်နယ်လွှတ်တော်အမတ် ၁၄ ဦးက စွပ်စွဲထားသည့် ရခိုင်ပြည်နယ် တရားလွှတ်တော် တရားသူကြီးဒေါ်စီစီကို ၎င်း၏သဘောဆန္ဒအရ ရာထူးမှ နုတ်ထွက်ခွင့်ပြု လိုက်သည်ဟု
အောက်တိုဘာ ၂၂ ရက်က သမ္မတရုံး အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။
ရခိုင်ပြည်နယ်လွှတ်တော် ခုနစ်ကြိမ်မြောက် ကျင်းပသော သြဂုတ် ၃၀ ရက်က ပြည်နယ်လွှတ်တော်ရှိ အမတ်စုစုပေါင်း ၏ လေးပုံတစ်ပုံဖြစ်သည့် အမတ် ၁၄ ဦးက ဒေါ်စီစီသည် ဆန်စပါးအရောင်းအဝယ်ကိစ္စဖြင့် ငွေလိမ်ထားသူတစ်ဦးကို လာဘ်ယူ၍ အကာအကွယ်ပေးသည်ဟု ဆိုကာ စွပ်စွဲခဲ့ကြခြင်းဖြစ်သည်။
ထိုအမှုကို စုံစမ်းစစ်ဆေးရန် ပြည်နယ်လွှတ်တော်အမတ် ငါးဦးဖြင့် စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ်ကို လွှတ်တော်က စက်တင်ဘာ ၂ ရက်က ဖွဲ့စည်းပေးခဲ့သည်။
အမှုဖြစ်စဉ်မှာ “မြောက်ဦးမြို့မှ အမျိုးသမီးတစ်ဦးက ဆန်စပါးရောင်းဝယ်သည့် ကျပ်သိန်း ၄၃၀၀ ကျော်ကို လိမ်လည် ခဲ့သည်ဆိုကာ ဒေသခံလူ ၉၀ ကျော်က မြို့နယ်တရားရုံး၌ တရားစွဲစဉ် ပြည်နယ်တရား လွှတ်တော် တရားသူကြီး ဒေါ်စီစီက လာဘ်ယူ၍ အမှုကို ပယ်ချခဲ့သည်ဟု တရားလိုများဘက်က ပြည် နယ်လွှတ်တော်သို့ တိုင်တန်းလာ သောကြောင့် လွှတ်တော်၌ စွပ်စွဲပြစ်တင်သည့် အဆိုတင်သွင်းခဲ့ရခြင်း” ဟု စုံစမ်းရေးကော်မရှင် အဖွဲ့ဝင်တစ်ဦးဖြစ်သူပြည်နယ်အမတ် ဦးအောင်မြကျော်က စက်တင်ဘာလ အတွင်းက မဇ္ဈိမကို ပြောဆိုထားသည်။
၎င်းတို့ တစ်လကျော်ကြာ စုံစမ်းမှုအရ “မလျော်သြဇာ သုံးတဲ့အပိုင်းကို တွေ့ရတာပေါ့”ဟု ဦးအောင်မြကျော်က အောက်တိုဘာ ၂၂ တွင် မဇ္ဈိမသို့ ပြောသည်။
၎င်းက “မြို့နယ်ရုံးမှာက ဒီအမှုနဲ့ပတ်သက်ပြီး လက်ခံတယ်။ တရားပေးတာပေါ့။ တရားခံကို တရားစွဲခွင့် ပေးတယ်။ အဲ့မှာ တရားခံကနေ ပြည်နယ်အဆင့်ထိ တက်ပါတယ်။ ဒီ ဒေါ်စီစီအဆင့်ထိ တက်ပါတယ်။ သူက အပေါ်ကနေပြီး ပယ်ချပေးတယ်။ အဲ့ဒီတော့ သူ့ပါ၀ါကို အပေါ်ကနေပြီး ထိထိမိမိ ပယ်ချလိုက်တဲ့ အတွက်ကြောင့် တရားစွဲလို့ မရတော့ဘူး ဖြစ်သွားတာပေါ့။ အဲ့ဒါဆိုတော့ အပေါ်က သူ့ရဲ့လုပ်ပိုင်ခွင့်ကို မလျော်သြဇာသုံးပြီး အဲ့ဒီ့အမှုကို ပိတ်တဲ့ သဘော ဖြစ်တဲ့အတွက်ကြောင့်မို့လို့ မလျော်သြဇာသုံးတယ်လို့ ပြောရတာပါ”ဟု ပြောသည်။
တရားလိုနှင့် တရားခံနှစ်ဖက်ကို စုံစမ်းစစ်ဆေးမှုအရ ယင်းကဲ့သို့ သိရှိရခြင်းဖြစ်ပြီး တွေ့ရှိမှု အစီရင်ခံစာကို လည်းအောက်တိုဘာ ၁၆ ရက်က ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌထံသို့ တင်ပြထားသည်ဟုလည်း ဦးအောင်မြကျော်ကပြောသည်။ သို့သော် အောက်တိုဘာ ၂၂ တွင်မူ ၎င်း၏ သဘောဆန္ဒအလျောက် နုတ်ထွက်ခွင့် ပြုလိုက်ခြင်းဖြစ်သည်။
“အခုက သူ့ဟာသူ နုတ်ထွက်သွားတယ်ဆိုတော့ ကျွန်တော်တို့ အစီရင်ခံစာလည်း အကျုံးဝင်တော့မှာ မဟုတ်ပါဘူး” ဟု သူက ပြောသည်။
ပြီးခဲ့သည့်၂၀၁၁ခုနှစ် မတ်လမှစ၍ ပြည်နယ်တရားသူကြီးအဖြစ် တာဝန်ယူခဲ့သည့် ဒေါ်စီစီနှင့်ပတ်သက်၍ စစ်တွေမြို့ မှ ရှေ့နေဒေါ်အေးနုစိန်က “ကျွန်မနဲ့ မရင်းနှီးလို့ ကျန်တဲ့အပိုင်းတွေ မသိပေမယ့် ဥပဒေ ပညာရပ်အပိုင်းမှာတော့တွေ့ဖူးသမျှ တကယ် ထက်မြက်တဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်”ဟု မဇ္ဈိမကို စက်တင် ဘာလအတွင်းက ပြောဆိုထားသည်။ ရာထူးမှနုတ်ထွက်သွားသူ ဒေါ်စီစီကိုမူ မဇ္ဈိမက ဆက်သွယ်မေး မြန်း၍ မရရှိခဲ့ပါ။
၂၀၀၈ ခုနှစ် အခြေခံဥပဒေပုဒ်မ ၃၁၁ တွင် ပြည်နယ်တရားသူကြီးတစ်ဦးသည် နိုင်ငံတော်သစ္စာဖောက်လျှင်၊ အခြေခံ ဥပဒေဖောက်ဖျက်လျှင်၊ အကျင့်သိက္ခာပျက်ပြားခြင်း၊ အရည်အချင်းပျက်ယွင်းလျှင်၊ ဥပဒေအရ ပေးထားသည့် တာဝန်မကျေပွန်လျှင် ပြည်နယ်အမတ်များက စွပ်စွဲပြစ်တင်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။