ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) နှင့် မြန်မာအစိုးရ၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင် ရေး လုပ်ငန်း ကော်မီတီ တို့၏ တတိယ အကြိမ် ပြည်ထောင်စု အဆင့် ဆွေးနွေး ပွဲကို ကယားပြည်နယ်၊ ပြည်နယ် ခန်းမ၌ အောက်တိုဘာလ ၂၂ ရက်၊ နံနက်(၁၀) နာရီတွင် စတင် ဆွေးနွေး ခဲ့ရာ ညနေ အချိန်ထိ ဆုံးဖြတ်ချက် တစုံတရာ မချနိုင် သေးကြောင်း KNPP ဆွေးနွေးပွဲ ကိုယ်စားလှယ်ခေါင်းဆောင် ဒုတိယ ဥက္ကဌ ခူဦးရယ်က ဆိုပါသည်။
သူက “ ဒီနေ့တော့ မပြီး နိုင်ဘူး။ နက်ဖြန်ကျရင် တပ်ပိုင်း ဆိုင်ရာ ကိစ္စနဲ့ တပြည်လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးမယ့် ကိစ္စ အပေါ် KNPP ရဲ့ သဘော ထားကို ဆွေးနွေး ကြမှာပါ။ ဒီနေ့ မှာတော့ ကိစ္စ အတော် များများကို ဆွေးနွေး ခဲ့ပေမယ့် ဘာမှ မဆုံးဖြတ် နိုင်ကြဘူး” ဟုဆိုပါသည်။
ယင်း ဆွေးနွေး မှုများတွင် ပြည်တွင်း ရွှေ့ပြောင်း ဒုက္ခသည် (IDP) ကိစ္စ၊ Pilot project ကိစ္စ၊ မြေမြှုပ်မိုင်း ရှင်းလင်းရေး ကိစ္စ၊ ဒေသ ဖွံ့ဖြိုးရေး အတွက် လမ်းဖေါက် လုပ်ရေး ကိစ္စနှင့် မူးယစ် ဆေးဝါး တိုက်ဖျက်ရေး ကိစ္စ များကို ဆွေးနွေး ခဲ့ကြ ပါသည်။
ထို့အပြင် ပြည်သူ များ၏ အပစ်အခတ် ရပ်စဲရေး စောင့်ကြည့်ရေး အဖွဲ့ အပေါ် အစိုးရ သဘောထား ကိစ္စ၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး ကိစ္စ များကို ဆွေးနွေး ခဲ့ကြ ပါသည်။ အစိုးရ နယ်စပ် ရေးရာ ဒုတိယ ၀န်ကြီး ကမူ၊ ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်း များကို နိုင်ငံတကာနှင့် ပူးပေါင်း ဆောင်ရွက် နေကြောင်း၊ ၀န်ကြီး ဌာန စီမံကိန်းနှင့် သမ္မတမှ ချပေး ထားသော စီမံကိန်းများ ဆောင်ရွက်ရန် ရှိကြောင်း တင်ပြ ခဲ့ပါသည်။
KNPP သည် အစိုးရနှင့် စစ်ရေး ကိစ္စ ပြေလည် စေရန်နှင့် ယခင် သဘော တူညီချက် များမှ အကောင် အထည် ဖေါ်ရန် ကိစ္စ များကို ဆွေးနွေးလိုပြီး ဆုံးဖြတ် ရရန် လိုလား နေပါသည်။ ၄င်းတို့ အလုပ် အမှုဆောင် များ ရည်မှန်း ထားသည် မှာ (၁) တပ်ပိုင်းဆိုင်ရာကိစ္စမှ တပ်စွယ် (၁၀) ခုနေရာ ချထားရေး ကိစ္စ။ အစိုးရ၏ အမှတ် (၁၄) စစ်လေ့ ကျင့်ရေးကျောင်း ကိစ္စဧည့်သည်တပ်များပြန်လည် နေရာ ချထားရေး ကိစ္စ္စ (၂) တပြည်လုံးဆိုင်ရာအပစ်အခတ် ရပ်စဲရေး အပေါ်ကေအဲန်ပီပီသဘောထား. (၃) ဒေသ ကြီးကြပ် စောင့်ကြည့် ရေးနှင့်ပူးပေါင်း စောင့်ကြည့်ရေးကိစ္စစည်းမျဉ်းစည်းကမ်းရေးဆွဲရေးကိစ္စ - နည်းပညာအထောက်အကူပြု အဖွဲ့ (၄) ကယားပြည်နယ်အတွင်းလက်ရှိ ရင်ဆိုင်နေရသောပြဿနာအခက်ခဲ များ - အခွန် အကောက်ကိစ္စ - ဒေသဖွံ့ဖြိုးရေး - ကယားပြည်နယ်အစိုးရနှင့်ကိစ္စ (၅) အခြားအကြောင်း အရာများကိစ္စ - နိူင်ငံရေးအာမခံ ချက်နှင့်ဖယ်ဒရယ်တည်ဆောက်ရေး - တပ်ပိုင်းဆိုင်ရာလိုအပ်သည့်အချက်အလက် များကို ဆွေးနွေး လိုပြီး ဆုံးဖြတ် အကောင်အထည် ဖေါ်နိုင်ရန် လိုလား နေပါသည်။
သို့သော် ယနေ့ ဆွေးနွေး မှုများသည် တစုံတရာ မဆုံးဖြတ် နိုင်သဖြင့် တိုးတက်မှု အလားအလာ မရှိဟု ယူဆကြောင်း ဆိုပါသည်။
ယင်း ဆွေးနွေး ပွဲသို့ တက်ရောက်သော KNPP ကိုယ်စားလှယ် များမှာ ဒုတိယ ဥက္ကဌ ခူဦးရယ်က ဦးဆောင်ပြီး စစ်ဦးစီးချုပ် ဘီတူး၊ ဗိုလ်မှူးကြီး ဘုန်းနိုင်၊ အတွင်း ရေးမှူး(၂) ရွှေမျိုးသန့်၊ ဗဟို ကော်မီတီဝင် ညီးရယ်နှင့် ဒယ်နီရယ်တို့ ဖြစ်ပါသည်။
အစိုးရ ကိုယ်စားလှယ် များမှာ နိုင်ငံတော် လုံခြုံရေး ၀န်ကြီး ဦးအေင်မင်း ဦးဆောင်ပြီး၊ ၀န်ကြီး သန်းဌေး၊ ၀န်ကြီး ခင်မောင်စိုး၊ နယ်စပ် ရေးရာ ဒုတိယ ၀န်ကြီး ဦးမောင်မောင်ဘုန်း၊ တိုင်းမှူး ဗိုလ်ချုပ် စိုးထွဋ်၊ စကခမှူး၊ ပြည်နယ် ၀န်ကြီးချုပ်နှင့် ဒုတိယ ရှေ့နေချုပ် ဦးထွန်းထွန်းဦး အပါ၀င် ကိုယ်စားလှယ် (၁၅) ဦးခန့် တက်ရောက် ခဲ့သည်ဟု ဆိုပါသည်။
အစိုးရသည် ယခင် သဘော တူထားသည့် အချက် များကို အကောင်အထည် ဖေါ်ခြင်း မရှိဘဲ ဆက်လက် ဆွေးနွေး နေခြင်း ဖြစ်ပါသည်။ အစိုးရသည် သဘော တူညီချက် များကို အကောင် အထည် ဖေါ်ခြင်းထက် တပြည်လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးပွဲတွင် KNPP ပါ၀င် လာရေးကို စိတ်ဝင်စား ကြမည် ဖြစ်ပါသည်။ ဤသို့ကြောင့် ဆွေးနွေး ချက်များ ဆုံးဖြတ် နိုင်ခဲ့ခြင်း မရှိ ခြင်းပင် ဖြစ်ကြောင်း ယူဆ ရပါသည်။
KNPP နှင့် အစိုးရ တို့သည် ပြည်နယ် အဆင့်တွင် တကြိမ် ဆွေးနွေး ခဲ့ပြီး ပြည်ထောင်စု အဆင့်တွင် (၃) ကြိမ် ဆွေးနွေး ခဲ့ပြီး ဖြစ်ပါသည်။ ဤကဲ့သို့ ဆွေးနွေး သဘော တူခဲ့ သော်လည်း အကောင်အထည် ဖေါ်မှု မရှိ သဖြင့် KNPP ဖက်မှ စိတ်ပျက် မိသည်မှာ ကြာပြီ ဖြစ်သည်။ ၄င်းတို့သည် ၂၀၁၂ခုနှစ် မတ်လတွင် အပစ်အခတ် ရပ်စဲ ခဲ့ကြပါသည်။