ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မန်စီမြို့နယ်၊ မုန်းဒိန်ပါ ကျေးရွာ အနီးရှိ ကချင်စစ်ပြေး ဒုက္ခသည် စခန်းအား ဗန်းမော်အခြေစိုက် အစိုးရ တပ်များက လက်နက်ငယ် လက်နက်ကြီး များဖြင့် ပစ်ခတ်ပြီး ၀င်ရောက်သိမ်းပိုက် ခဲ့သည်ဟု ကချင်လွတ် လပ်ရေးတပ်မတော် (KIA) စစ်ရုံးချုပ်က အရာရှိ တစ်ဦးက ဆိုသည်။
၄င်းအရာရှိက “ ဗန်းမော်က အမှတ်(၂၁) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်က ဗျူဟာမှူး ကိုယ်တိုင် ဦးစီးပြီးတော့ ဒီနေ့ မနက် (၁၁) နာရီ မှာ လက်နက် ကြီးနဲ့ စတင် ပစ်ခတ် ပြီးတော့ (၂) နာရီ ခွဲလောက်မှာ ဒုက္ခသည် စခန်းကို တက်သိမ်း လိုက်တာပါ။ ထိခိုက်မှု ရှိနိုင် ပါတယ်။ အသေးစိတ် ကိုတော့ လောလောဆယ် မသိရ သေးဘူး” ဟု ဆိုပါသည်။
မုန်းဒိန်ပါ ဒုက္ခသည် စခန်းကို ၀င်ရောက် သိမ်းပိုက် ခဲ့သော အစိုးရ တပ်ဖွဲ့ များမှာ စကခ (၂၁) မှ နည်းဗျူဟာမှူး ဦးစီးပြီး ခလရ ၄၅ ၊ ခလရ ၅၆ ၊ ခမရ ၂၃၆ ၊ ခမရ ၂၄၀၊ ခမရ ၂၇၆ ၊ ခမရ ၆၀၁ နှင့် ခမရ ၆၀၂ တပ်ဖွဲ့များ ပါ၀င်သော စုစုပေါင်း အင်အား တစ်ထောင် ကျော်ဖြင့် စစ်ဆင် ခဲ့ခြင်း ဖြစ်သည်။
အစိုးရတပ်များစစ်ဆင်ရေးတွင် ယမန်နေ့ ပစ်ခတ်မှုအတွင်း မုန်းဒိန်ပါ ရွာသား နှစ်ဦး ဒဏ်ရာ အနည်းငယ် ရရှိ ခဲ့သော်လည်း ယနေ့တွင် ဒုက္ခသည် စခန်းကို ပစ်ခတ် ရှင်းလင်းခဲ့ရာ၌ ထိခိုက်မှု မသိရသေးဟု ဗန်းမော်မြို့ ဂရုဏာ လူမှု ကယ်ဆယ်ရေး အဖွဲ့မှ စီမံကိန်း ကြီးကြပ် ညွှန်ကြားသူ ကိုနော်ဒင်းမှ ဆိုပါသည်။
ယင်း မုန်းဒိန်ပါ ကျေးရွာ နားရှိ ဒုက္ခသည် စခန်းသည် မန်စီ မြို့နယ်ရှိ ကျေးရွာ များမှ စစ်ပြေး ဒုက္ခသည် အင်အား (၅၀၀) ခန့် ရှိပြီး၊ ၂၀၁၁ခု နှစ် အစိုးရ စစ်ဆင်ရေး စတင် ကတည်းက ထွက်ပြေး နေရသော ရွားသားများ ဖြစ်သည်ဟု KIO ထိန်းချုပ် နယ်မြေ တွင်းရှိ စစ်ပြေး ဒုက္ခသည် စခန်းကော်မီတီမှ ဦးဒွဲပီဇာက ပြောသည်။
ယင်းနေရာ သည်လည်း ယခင်က KIA တပ်ရင်း (၁၂) နေရာဟောင်း ဖြစ်ပြီး အစိုးရ စစ်ဆင် ရေးကြောင့် ဆုတ်ခွာ လိုက်သည်မှာ ၂၀၁၂ ခုနှစ် နှစ်လည် ကတည်း ကပင် ဖြစ်ပါသည်။ ဤကဲ့သို့ အချိန် ကြာမြင့်စွာ ဆုတ်ခွာ ခဲ့သော နေရာသို့ အနီး အနားရှိ ဒုက္ခသည် များက သွားရောက် အခြေချ ခဲ့ခြင်း ဖြစ်ပါသည်။
သို့သော် အဆိုပါ နေရာအား စကခ (၂၁) စစ်ဗျူဟာမှ ယနေ့ နေ့လည် ပိုင်းတွင် မော်တာ လက်နက်ကြီးများ ပစ်သွင်းပြီး တက်ရောက် စခန်းသိမ်း လိုက်ခြင်း ဖြစ်ပါသည်။
“ဒီနေရာမှာ KIA တပ်တွေ မရှိတာ ကြာပြီးလေ။ တကယ်ဘဲ KIA တပ်တွေ ရှိမယ် ဆိုရင် တိုက်ပွဲတွေ အကြီးအကျယ် ဖြစ်မှာပေါ့။ အရင် တုန်းက ဆိုရင် သူတို့ အဲဒီလို ပစ်ပြီးတော့ ဆုတ်ဆုတ် သွားတယ်လေ။ ဒီတပွဲ မှာတော့ ဒုက္ခသည် စခန်းကိုပါ တက်သိမ်း လိုက်တယ်။ ဒုက္ခသည် တွေကတော့ ဘယ်လို ဖြစ်သွား ကြတယ် ဆိုတာ ကတော့ မပြောတတ် သေးဘူး” ဟု ဆိုပါသည်။
စကခ(၂၁) စစ်ကြောင်း များသည် ၄င်းဒေသအား ပြီးခဲ့သည့် အောက်တိုဘာ (၈) ရက်နေ့ ကတည်းက စတင် စစ်ဆင် နေခဲ့ခြင်း ဖြစ်ပါသည်။ ယင်း စစ်ဆင် ရေးကြောင့် မန်စီ မြို့နယ်မှ နာအူကြီး ရွာသား (၂၀၀) ကျော်သည် ဖန်ခါးကုန်း နှစ်ခြင်းခရစ်ယာန် ကျောင်းတော်သို့ ထွက်ပြေး တိမ်းရှောင် ခဲ့ရ ပါသည်။ ထို့အပြင် အနီး အနား တဝိုက်က ကျေးရွာ လူထု များလည်း မြို့နှင့် နီးသော ကျေးရွာများ ဖက်သို့ ပြောင်းရွှေ့ ခဲ့ရ ပါသည်။
KIA သည် အစိုးရနှင့် ဆွေးနွေး နေသော ငြိမ်းချမ်းရေး အစီအစဉ်အား ထိခိုက်မည် စိုးသဖြင့် ဤကိစ္စ ထုတ်ဖေါ် ပြောကြားရန် ၀န်လေး နေကြ သည်ဟု ဆိုပါသည်။ အစိုးရ တပ်ဖွဲ့ များသည် ကချင် ဒုက္ခသည် စခန်းအား လက်နက် ကြီးဖြင့် ပစ်ခတ် ခဲ့ဘူး သော်လည်း ၀င်ရောက် စီနင်းမှု မရှိ ခဲ့ဟု KIA စစ်ရုံးချုပ် အရာရှိက ဆိုပါသည်။