ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ အသစ်ရေးဆွဲရေးနှင့် ပတ်သက်သည့် သဘောထားအမြင်များကို တိုင်းနှင့် ပြည်နယ် ငါးခုတွင် ကောက်ယူပြီးဖြစ်ရာ ၉၀ ရာနှုန်းခန့်မှာ ပြင်ဆင်ရန်သာ ဆန္ဒရှိကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ သဘောထားအမြင် လိုက်လံကောက်ယူသူများက မဇ္ဈိမကို ပြောသည်။
“ကရင်မှာ ကောက်တဲ့ ခရိုင်ငါးခုလုံးမှာ အကုန်လုံး ပါတီတွေရော၊ အဖွဲ့အစည်းတွေရော လာကြတယ်၊ အဲ့မှာ သူတို့ အကုန်လုံးက ပြင်ဆင်ချင်တဲ့ဘက်ကို ပိုပြီးများတယ်၊ ပြောရရင် ကရင်ပြည်နယ် တစ်ခုလုံးနီးပါးပဲလို့ ပြောလို့ရတယ်” ဟု ကရင်ပြည်နယ်တွင် ဆန္ဒကောက်ခံသူ ဦးဌေးဦးက ပြောသည်။
မန္တလေးဒေသသို့ ဆန္ဒကောက်ခံသူ ဦးအောင်သိန်းက “မန္တလေးခရိုင်အားလုံးကို သွားပြီး ဖွဲ့စည်းပုံနဲ့ပတ် သတ်တာတွေ ရှင်းပြတယ်၊ အဲ့မှာ သူတို့အားလုံးက ပြင်ဆင်ဖို့အတွက်ကိုပဲ အားသန်ကြတယ်၊ အားလုံးနီးပါးပဲ၊ အသစ်ရေးဆွဲ ချင်တဲ့သူက နည်းတယ်၊ ရမည်းသင်းလောက်မှာ ငါးဦးလားပဲ ရှိတယ်၊ ချင်းပြည်နယ်လည်း ထို့အတူပဲ အသစ်ရေး ချင်တယ်ပြောတာ ၂၀ ရာနှုန်းပဲ ရှိပါတယ်၊ ကချင်ကိုတော့ ၂၇ ရက်နေ့ မှ ဆက်ကောက်မယ်”ဟု ပြောသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ သဘောထားကောက်ယူမှုများကို မန္တလေးတိုင်း၊ ချင်းပြည်နယ်၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်နှင့် ရန်ကုန်တိုင်းတို့တွင် ကောက်ယူပြီးဖြစ်ပြီး ပြင်ဆင်ရေးအား ထောက်ခံ သူ ၈၀ ရာခိုင်နှုန်းနှင့် ၉၀ ရာခိုင်နှုန်းအကြား ရှိသည်။ အသစ်ရေးဆွဲရန် ဆန္ဒပေးသူမှာ ၂၀ ရာခိုင်နှုန်းခန့်သာ ရှိသည်ဟု သိရသည်။
ဆန္ဒလိုက်လံကောက်ယူရာတွင် ကွင်းဆင်းတာဝန်ယူ ကောက်ယူသူများက ပြည်နယ်/တိုင်း/ ခရိုင်/ မြို့နယ် ကိုယ်စားလှယ်များအား ဖွဲ့စည်းပုံနှင့်ပတ်သက်၍ ပြည်သူများအား အခြေခံဥပဒေနှင့် ပတ်သက်၍ ရှင်းလင်းမှုများ ပြုလုပ်ကာ သဘောဆန္ဒ ရယူခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် အောက်တိုဘာလ၂၂ ရက်၌ ဆက်လက် ကောက်ယူသွားမည်ဖြစ်ပြီး ကချင်ပြည်နယ်တွင်လည်း အောက်တိုဘာလ ၂၇ ရက်တွင် ကောက်ယူမည်ဖြစ်သည်။
ထိုသို့ ကောက်ခံရရှိမှုများကို အောက်တိုဘာ လကုန်ပိုင်းလောက်တွင် အပြီးကောက်ယူသွားမည်ဖြစ်ပြီး နိုဝင်ဘာလ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ ပြန်လည် တင်ပြမည်ဖြစ်သည်။ ထိုမှတစ်ဆင့် လွှတ်တော်ရှိ ၁၀၉ ဦးကော်မတီ သို့ တင်ပြသွားမည်ဟု ဆိုသည်။