လိုင်ဇာ ထိပ်သီးဆွေးနွေးပွဲနှင့် ငြိမ်းချမ်းရေး မျှော်လင့်ချက်

လိုင်ဇာ ထိပ်သီးဆွေးနွေးပွဲနှင့် ငြိမ်းချမ်းရေး မျှော်လင့်ချက်
by -
မဇ္ဈိမ

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ ဌာနချုပ်ဖြစ်သော လိုင်ဇာတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ထိပ်သီး ဆွေးနွေးပွဲကို အောက်တိုဘာလကုန်တွင် ကျင်းပရန်ရှိနေသည်။ ဤဆွေးနွေးပွဲသည် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ၏ ပထမဆုံးသော ထိပ်သီးဆွေးနွေးပွဲလည်း ဖြစ်ပေလိမ့်မည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အပစ်အခတ်ရပ်စဲရေး လက်မှတ်မထိုးမီ တိုင်းရင်းသား လက်နက်ကိုင်များအားလုံး ကြိုတင်ပြင်ဆင်သည့်အနေဖြင့် KIO က ကမကထလုပ်ကာ ဆွေးနွေးမည့် ဆွေးနွေးပွဲလည်းဖြစ်သည်။

ဆွေးနွေးမှုများအတွင်း လက်နက်ကိုင် တိုင်းရင်းသားတို့၏ ဘုံသဘောတူညီမှုရရှိရန် ဆွေးနွေးချက်များ ပါ၀င်မည် ဖြစ်သကဲ့သို့ အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်မထိုးမီ ဦးစွာ သဘောတူထားရမည့် အချက်များ၊ စာချုပ်တွင် ပါ၀င်ရမည့် အချက်များကိုလည်း ထိပ်သီးဆွေးနွေးပွဲတွင် ထည့်သွင်းဆွေးနွေး ကြမည်ဖြစ်သည်။

KIO သည် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ၁၇ နှစ်ကြာ ပြုလုပ်ခဲ့ပြီးနောက် ငြိမ်းချမ်းရေးပျက်ပြယ်သွားခဲ့ရ သည့် အဖွဲ့အစည်းတစ်ခုလည်းဖြစ်သည်။ ယခုတစ်ဖန် အပစ်အခတ်ရပ်စဲရေးအတွက် ပြန်လည် ဆွေးနွေးကြသည့်အခါ လွန်ခဲ့သည့် ၁၇ နှစ်အကြာက အတွေ့အကြံုကောင်းများ ယူဆောင်လာကာ ခိုင်မာသည့် အပစ်အခတ်ရပ်စဲရေး ဖြစ်ပေါ်လာရန် သဘောတူညီချက်များနှင့် ပြင်ဆင်မှုများ လိုင်ဇာ ထိပ်သီးဆွေးနွေးပွဲတွင် ပြုလုပ်နိုင်လိမ့်မည်ဟု ယုံကြည်သည်။

အလားတူပင် ညီညွတ်သောတိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ UNFC ၏ အဖွဲ့ဝင်များဖြစ်သော KIO အပါအဝင်၊ ကရင်အမျိုးသား အစည်းအရုံး၊ မွန်ပြည်သစ်ပါတီ၊ ချင်းအမျိုးသားတပ်ဦး၊ ရှမ်းပြည်တပ်မတော် စသည့် အဖွဲ့အစည်း များ ပါ၀င်ဆွေးနွေးကြမည်ဖြစ်ရာ တိုင်းရင်းသားအားလုံး၏ အထွေထွေသော အမြင်များ၊ လိုအင်ဆန္ဒများကို ထိပ်သီး ဆွေးနွေးပွဲတွင် ဆွေးနွေးဖလှယ်ကာ ခိုင်မာသည့် အပစ်အခတ်ရပ်စဲရေးသို့ တက်လှမ်းနိုင်ရန် လိုအပ်ပါလိမ့်မည်။

အပစ်အခတ်ရပ်စဲပြီးနောက် ဖွံ့ဖြိုးမှု နောက်ကျကျန်နေခဲ့သော တိုင်းရင်းသားဒေသများတွင် ဖွံ့ဖြိုးရေး လုပ်ဆောင် နိုင်မည်ဖြစ်သကဲ့သို ပညာရေး၊ ကျန်းမာရေးမှအစ၊ လမ်းပန်းဆက်သွယ်ရေးအဆုံး လုပ်ဆောင်ရန် အချက်များစွာ ရှိနေပါသေးသည်။ ထို့ကြောင့် အပစ်အခတ်ရပ်စဲကာ ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ပြီး နိုင်ငံရေးဆွေးနွေးပွဲများ ဆက်လုပ်ဆွေးနွေးနိုင်ပါစေကြောင်း ဆန္ဒပြု တိုက်တွန်းရေးသား အပ်သည်။