NDF ဒေါ်ဘောက်ဂျာအမှု အကြိမ်ကြိမ်ရုံးထုတ်စစ်ဆေး

NDF ဒေါ်ဘောက်ဂျာအမှု အကြိမ်ကြိမ်ရုံးထုတ်စစ်ဆေး
by -
ကေအဲန်ဂျီ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ရဲစခန်းတွင် အမှု ၃ မူဖြင့် တရားစွဲဆို ဖမ်းဆီးခံထားရသော အမျိုးသား ဒီမိုကရေစီအင်အားစု NDF ပါတီ၏ ကချင်ပြည်နယ် ဥက္ကဌ ဒေါ်ဘောက်ဂျာကို ယခုလအထိ သက်သေ များအား အကြိမ်ကြိမ်ရုံး ထုတ်စစ်ဆေးနေဆဲဖြစ်ကြောင်း NDF  ဒု-ဥက္ကဌ ဦးသန်းဦးက KNG ကချင်သတင်း ဌာန သို့ပြောသည်။

ဦးသန်းဦးက“ရုံးချိန်းကတော့ ၂၀ ကြိမ်လောက်တော့ရှိပြီ။ အမှုတွဲတွေအားလုံး မပြီးဆုံးသေးဘူး၊ ပြီးဆုံးသွားတဲ့အခါမှ ဥပဒေတိုင်း စီရင်ချက်ချမှာ ဖြစ်တယ်။ ပုဒ်မ ၃ ခုရှိတယ် ပုဒ်မ ၁ ခု ၁ ခုကို တရားလိုပြ သက်သေ ရ ယောက် ၈ ယောက်ရှိတယ်၊ ပုဒ်မ ၃ ခုစလုံးရဲ့ သက်သေ အားလုံးစစ်ဆေးပြီးတဲ့အချိန်ကျမှ ဒေါ်ဘောက်ဂျာကို စီရင်ချက်ချမှာ ဖြစ်ပါတယ်” ဟု ပြောသည်။  

ထို့ပြင် ဒေါ်ဘောက်ဂျာ၏အမှုနှင့်ပတ်သက်၍ လတ်တလော ဆွေးနွေးပွဲအတွင်း အစိုးရဖက် အရာရှိများ ရောက်ရှိချိန် ဥပဒေအရာရှိများကိုသွားရောက်တွေ့ဆုံကာ ပြည်နယ်မှ တိုက်ရိုက်ကိုင်တွယ်ရန် လွှဲချခဲ့ကြောင်း လည်း သိရသည်။

“စီရင်ချက် ချဖို့တော့ ၂ ပတ် ၃ ပတ်လောက် ရုံးချိန်းကတော့လိုအုံးမလားပေါ့။ ကျနော်တို့က လွှတ်မယ် လို့တော့ မျှော်လင့်တာပေါ့။ ဒါမဲ့ မပြောတတ်ဘူး။ အပြင်လူတွေသွားရောက်တွေ့ဆုံ စကားပြောလို့ရတယ်။ ကျန်းမာရေး အခြေအနေကလည်း ကောင်းပါတယ်” ဟု NDF ပြည်နယ် စည်းကော်မတီ အတွင်းရေးမှူး ဦးမြတ်မိုးမြင့်က KNG ကချင်သတင်းဌာန သို့ပြောသည်။

အောက်တိုဘာ ၈၊ ၉၊ ၁၀ အတွင်းပြုလုပ်ခဲ့သော မြစ်ကြီးနားဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သော အစိုးရငြိမ်း ချမ်းရေးကိုယ်စားလှယ်များမှ NDF ပါတီ ဒု-ဥက္ကဌ ဦးသန်းဦးအဖွဲ့နှင့် ဝန်ကြီးဦးအောင်မင်း၊ ဝန်ကြီးဦးအုန်း မြင့်တို့ ပြည်နယ် ဥပဒေအရာရှိများနှင့် သွားရောက် တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဖားကန့်မြို့နယ် တရားရုံးက ဒေါ်ဘောက်ဂျာအား လူသေမှု ပုဒ်မ ၃၀၄ (က)၊ ဆေးထိုးအပ်ကိုင်သည့် အမှု ပုဒ်မ ၃၃ နှင့် မြန်မာနိုင်ငံ ဆေးဝါးအပ်ဥပဒေ အထူးပုဒ်မ ၄၁ ကို တရားလို ရဲအုပ်ကျော်မြဝင်းက အမှုစွဲဆို ခဲ့ခြင်းဖြစ်သည်။
 
ဒေါ်ဘောက်ဂျာကို ဇူလိုင်လ ၁၈ ရက်နေ့က မြစ်ကြီးနားမြို့နေအိမ်မှဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီး ဖားကန့်ရဲ စခန်းတွင် ထိန်းသိမ်းထားခြင်းဖြစ်သည်။

Most read this week