ကရင့်လက်နက်ကိုင်အဖွဲ့များ နှစ်သစ်ကူး ကော်မီတီ ဖွဲ့စည်း

ကရင့်လက်နက်ကိုင်အဖွဲ့များ နှစ်သစ်ကူး ကော်မီတီ ဖွဲ့စည်း
by -
ရွှေဟင်္သာ

လာမည့် ၂၇၅၃ ခုနှစ်အတွက် ကရင်နှစ်သစ်ကူးနေ့ ကျင်းပရေးကော်မီတီကို ကရင့်လက်နက်ကိုင် အဖွဲ့ အစည်း များက မြဝတီခရိုင်၊ ရွှေကုက္ကိုမြိုင် ကျေးရွာတွင် ယနေ့ စုပေါင်း ဆုံးဖြတ် ခဲ့ကြသည်ဟု ပြောရေး ဆိုခွင့် ရှိသူ အစိုးရ အမှတ် (၃) နယ်ခြားစောင့်တပ် ရုံးထိုင်မှူး ဗိုလ်မှူး မင်းဦးက ဆိုပါသည်။

သူက“ အခု ကျင်းပ တာက ဒုတိယ အကြိမ်ပါ။ ကျင်းပရေး ကော်မီတီ ကိုလည်း ဖွဲ့စည်း နိုင်ခဲ့တယ်။ သုံးတဲ့ ငွေကြေး ပမာဏ ကိုလည်း ဆုံးဖြတ် နိုင်ခဲ့တယ်။ အဖွဲ့ တော်တော်များ တက်ရောက် ပါတယ်။ စစ်ရေးပြ အခမ်းအနားပါ ကျင်းပ မယ်လို့ ဆုံးဖြတ် ထားတယ်။ ဒါပေမဲ့ အတည် မပြုနိုင် သေးဘူး” ဟု ဆိုပါသည်။

karen flag

ဆွေးနွေးပွဲ နာယက အဖြစ် KNU မှ ဗိုလ်ချုပ်ကြီး ဂျော်နီနှင့် နယ်ခြားစောင့်တပ် BGF ဗိုလ်မှူးချုပ် စောချစ်သူ တို့က ဆောင်ရွက် ခဲ့ရာ ကိုယ်စားလှယ်ပေါင်း (၁၃၀) ကျော် တက်ရောက် ခဲ့ပြီး၊ လွှတ်တော် အမတ် အပါ၀င်၊ ကရင်လူငယ် အဖွဲ့၊ သံတောင် မြောက်ခြမ်း ငြိမ်းချမ်းရေး အဖွဲ့၊ ဘာသာရေး အဖွဲ့ အစည်း ပေါင်းစုံမှ ပုဂ္ဂိုလ်များ၊ KNU၊ BGF ၊ KNLA-PC နှင့် ကရင် ငြိမ်းချမ်းရေး အဖွဲ့ (ဟောင်သရော KPF) တို့က တက်ရောက် ခဲ့ပါသည်။

ကျင်းပရေး ကော်မီတီ ဥက္ကဌကို ဗိုလ်မှူး စောအောင်ဝင်း (BGF) မှ ဦးဆောင်ပြီး၊ ဒုဥက္ကဌ ပဒို စောလှထွန်း၊ အတွင်းရေးမှူး ဦးမန်းအုန်းရွှေ၊ ဘဏ္ဍာရေးမှူး မန်းပြည်အေး၊ နှင့် စာရင်းစစ် ပဒိုအောင်မော်အေး တို့နှင့် ဖွဲ့စည်း ခဲ့ပြီး ဆပ်ကော်မီတီ (၁၉) ခု ရှိရာ ရံပုံငွေခန့်မှန်းငွေ ကျပ်ငွေ သိန်း (၅)ထောင်ခန့် သုံးစွဲမည် ဖြစ်ပြီး ထည့်ဝင် ငွေများနှင့် ကောက်ခံ ငွေများဖြင့် ရံပုံငွေ အဖွဲ့ ဖွဲ့စည်းကာ ကောက်ခံ သွားမည်ဟု ဆိုပါသည်။

ယခု အစည်း အဝေးသည် ပထမ အကြိမ် ဖွဲ့စည်း ခဲ့သော ဖြစ်မြောက်ရေး ကော်မီတီကို ဖျက်သိမ်းပြီး ယခု အစည်း အဝေးတွင် ကျင်းပရေး ကော်မီတီကို ဖွဲ့စည်း ခဲ့ခြင်းဖြစ်ရာ လာမည့် နိုင်ဝင်ဘာ (၁၅) ရက်နေ့တွင် တတိယ အကြိမ် ထပ်မံ ဆွေးနွေး သွားမည် ဖြစ်ပြီး ဆပ်ကော်မီတီ၏ အခန်း ကဏ္ဍနှင့် စစ်ရေးပြ ပါ၀င်မှုကို ဆုံးဖြတ် ကြမည် ဖြစ်သည်။

ကရင် လက်နက် ကိုင်များ ပူးပေါင်းသော ကရင် နှစ်သစ်ကူး အခမ်းအနားကို ကော့ကရိတ်၊ ဘားအံ၊ လှိုင်းဘွဲ၊ မြဝတီနှင့် ကြာအင်း ဆိပ်ကြီး မြို့နယ်များတွင် ကျင်းပ သွားမည် ဖြစ်ပါသည်။

၂၀၁၄ ခုနှစ် အတွက် ကရင် နှစ်သစ်ကူး နေ့ကို ကရင် လက်နက်ကိုင် အဖွဲ့အစည်း များ၏ ချစ်ကြည် ရေးကို အခြေခံပြီး ကျင်းပသည့် အတွက် ကရင် အဖွဲ့အစည်း ပေါင်းစုံမှ ကိုယ်စားလှယ် များက အားပေး ထောက်ခံ ခဲ့သည်ဟု ဆိုသည်။

သို့သော် ဤဆွေးနွေးပွဲသို့ တက်ရောက်ရန် နှစ်ကြိမ်တိုင် ဖိတ်ကြားခဲ့သော်လည်း ဒီမိုကရေစီ အကျိုးပြု ကရင့် တပ်မတော် DKBA မှ တက်ရောက်ခြင်း မရှိဟု ဆိုပါသည်။