ချင်းအမျိုးသမီးများရဲ့ ဘဝ “ ဒုက္ခဘုံ” အစီရင်ခံစာ ထုတ်ဝေ

ချင်းအမျိုးသမီးများရဲ့ ဘဝ “ ဒုက္ခဘုံ” အစီရင်ခံစာ ထုတ်ဝေ
by -
ခိုနုမ်းထုန်

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ဒုက္ခသည်အဖြစ် ခိုလှုံနေကြသည့် ချင်းအမျိုးသမီးများ၏ ဘဝ ဒုက္ခအခြေ အနေကို တင်ပြ ထားသော “ ဒုက္ခဘုံ” ဟု အမည်ပေးထားသည့် အစီရင်ခံစာတစ်ခုကို နယူးဒေလီမြို့တွင် ယမန်နေ့က ထုတ်ဝေခဲ့သည်ဟု သိရသည်။

ယင်းမှတ်တမ်းအစီရင်ခံစာကို နယူးဒေလီအခြေစိုက် Pann Nu ဖောင်ဒေးရှင်းမှ ထုတ်ဝေခဲ့ခြင်းဖြစ်ပြီး နယူးဒေလီ တွင် ဒုက္ခသည်အဖြစ် ခိုလှုံယင်း အိန္ဒိယလူမျိုးများ၏ လိင်ပိုင်းဆိုင်ရာစော်ကားမှု ခံခဲ့ကြရသော မြန်မာနိုင်ငံက ချင်းအမျိုးသမီး အယောက် ၂၀ ယောက်တို့၏ အကြောင်းအရာကို အဓိကရေးသားထား သည်ဟုသိရသည်။

Pann Nu ဖောင်းဒေးရှင်း အကြံပေးပုဂ္ဂိုလ် Ko Kim က “ ဒုက္ခသည်တွေထဲမှာ အဓိက အမျိုးသမီးတွေက အခွင့်အရေး ချိုးဖောက်ခံရတယ်၊ အိမ်ရှင်တွေရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို ခံကြရတယ်၊ အလုပ်ခွင်မှာ လည်း အဲဒီတိုင်းဘဲ လိင်ပိုင်း ဆိုင်ရာစော်ကားမှုတွေရှိတယ်၊ အဲဒါတွေကြောင့် ဒီ Report ကိုလုပ်တယ်၊ ကျနော်တို့ UN နဲ့နိုင်ငံတကာသိအောင် ကာကွယ်မှုတွေများ များပေးဖို့၊ ဒီမှာသူတို့ကာကွယ် မှုမပေးနိုင်ယင် လည်း နိုင်ငံခြားမှာ resettlement ပေးဖို့ပါ’’ ဟုပြောသည်။

“ဒုက္ခဘုံ” အစီရင်ခံစာသည် အိန္ဒိယနိုင်ငံရှိ ချင်းဒုက္ခသည်အမျိုးသမီးများ၏ အခြေအနေကို တင်ပြထားသည့် ပထမဆုံးအစီရင်ခံစာလည်းဖြစ်သည်ဟုသိရသည်။

ယခုလက်ရှိ နယူးဒေလီမြို့တွင် မြန်မာနိုင်ငံသား ဒုက္ခသည် စုစုပေါင်း တစ်သောင်းဝန်းကျင်ခန့်ရှိကြောင်း သိရပြီး ၎င်းတို့ သည် စားဝတ်နေရေးအတွက် အခက်အခဲများရင်ဆိုင်ကြံုတွေ့လျက်ရှိကြောင်း Ko Kim ကပြောသည်။

“ဒီမှာအဓိကအခက်အခဲက စားဝတ်နေရေးပါ၊ မြန်မာနိုင်ငံကလာတော့ ပညာမတတ်ကြဘူး၊ လက်မှုပညာ မတတ်ကြ တော့ စက်ရုံအလုပ်ရုံတွေမှာအလုပ်လုပ်ရင် သူတို့က လစာအနည်း ဆုံးရတယ်၊ တလကို ၃၅၀၀ ရတာရှိတယ်၊ အလွန် ဆုံးရရင် ၄၀၀၀ ပေါ့၊ အိမ်ငှားခကိုက အခန်းကျဉ်းကျဉ်းလေးဆိုရင် လည်း ၃၀၀၀ ဖြစ်နေပြီ၊ အဲလိုမလုံလောက်တဲ့ အတွက်ကြောင့် ညစျေးတွေမှာ ဟင်းသီးဟင်းရွက်အကြွင်းအကျန်တွေ သွား ကောက်တဲ့အချိန်မှာ ကုလားတွေ က လိင်စော်ကားတာတွေ ရှိတယ်၊ ရိုက်တာတွေရှိတယ်၊နောက်အိမ်ရှင် ကလည်း အိမ်လခမပေးနိုင်ရင် လိင်စော်ကားဖို့ ကြိုးစားတာတွေရှိတယ်’’

ယခုအစီရင်ခံစာကို ပြုစုထုတ်ဝေသော Phan Nu ဖောင်းဒေးရှင်းအဖွဲ့သည် အိန္ဒိယတွင် တရားဝင်မှတ်ပုံတင် ထားသည့် အဖွဲ့တခုဖြစ်ပြီး အိန္ဒိယအရှေ့မြောက်ဒေသ နှင့် မြန်မာနိုင်ငံမှ အမျိုးသမီးများ၏ အခွင့်အရေးကာ ကွယ်ရေး၊ အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည့်အဖွဲ့ဖြစ်သည်။

Most read this week