၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး (သို့) အသစ် ရေးဆွဲရေးအတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ဦးဆောင်ပြီး ရန်ကုန်တိုင်း အရှေ့ပိုင်း ခရိုင်အတွင်း ပြည်သူ့ဆန္ဒ သဘောထားများ ကောက်ယူရာ ၉၀ ရာခိုင်နှုန်းခန့်က ပြင်ဆင်လိုသည်ဟု NLD ပါတီမှ ဖွဲ့စည်းထားသည့် အခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီဝင် ဦးကိုနီက အောက်တိုဘာ ၁၃ ရက်တွင် ပြောသည်။
ယင်းသို့ ဆန္ဒသဘောထား ကောက်ယူခြင်းကို ရန်ကုန်တိုင်းတွင် အောက်တိုဘာ ၁၂ ရက်မှစတင်ခဲ့ခြင်း ဖြစ်ကာ အများစုသည် လွှတ်တော်တွင်း လမ်းကြောင်းမှ ပြင်ဆင်လိုခြင်းမဟုတ်ကြောင်း၊ ဆန္ဒကောက်ခံရာတွင် ၉၀ ရာခိုင်နှုန်းက ပြင်ဆင်လိုပြီး ၁၀ ရာခိုင်နှုန်းက အသစ်ရေးဆွဲလိုကြောင်းလည်း ဦးကိုနီက ပြောသည်။
ဦးကိုနီက “လွှတ်တော်တွင်းကနေ ပြင်မယ့် ပုဒ်မ ၄၃၆ ကို ပြောချင်တာ မဟုတ်ဘူး။ အဲဒီလိုနဲ့လည်း ပြင်လို့ မလွယ်ဘူး၊ တပ်မတော်သားတွေနဲ့ အခက်အခဲ ရှိတယ်ဆိုတာ သူတို့သိတယ်၊ ပြည်သူတွေက ဥပဒေကို နားလည်တဲ့ သူတွေ မဟုတ်ဘူး၊ အဲဒီတော့ သူတို့ဆီက ရလာတဲ့အချက်အလက်တွေအရ ဒီဖွဲ့စည်းပုံကို ပြင်ချင်တယ်၊ အထဲက အချက်တွေ အကုန်လုံးကို ပြင်ချင်တယ်၊ ဒါပေမယ့် လွှတ်တော်မှာက ပြင်လို့ မရဘူးဆိုတာလည်း သူတို့ နားလည်လို့ လွှတ်တော်ကနေ ပြင်ချင်တာ မဟုတ်ဘူး၊ ပြင်လို့ရမယ့် နည်းတွေနဲ့ ပြင်ချင်တယ်"ဟု ပြောသည်။
ရန်ကုန်တိုင်း၊ အရှေ့ပိုင်းခရိုင် ကိုယ်စားပြု၍ မြောက်ဥက္ကလာတွင် ဟောပြောပွဲပြုလုပ်ပြီး ဆန္ဒကောက်ခံခဲ့ရာ ပြင်ဆင်လိုသည့် ဆန္ဒ ၈၅ ရာခိုင်နှုန်းရရှိခဲ့ပြီး ၊ တောင်ဒဂုံတွင် ကောက်ခံခဲ့ရာ ပြင်ဆင်လိုသူ ၉၀ ရာခိုင်နှုန်း ရှိခဲ့သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကောက်ယူခဲ့သည့် စာရင်းများအရ သိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အခြားပြည်နယ်နှင့်တိုင်းများတွင်လည်း ဖွဲ့စည်းပုံနှင့်ပတ်သတ်၍ ရှင်းလင်း ပြောပြ ခြင်းများ၊ ဆန္ဒ ကောက်ယူခြင်းများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ပြီး အောက်တိုဘာ တတိယအပတ်အတွင်းတွင်ပင် ဒလ၊ ဆိတ်ကြီး ခနောင်တို မြို့နယ်များသို့ ဆက်လက် ကောက်ခံရန် ရှိသည်ဟုလည်း ဦးကိုနီက ပြောသည်။
ဦးကိုနီက " လွှတ်တော်နဲ့ပြင်မယ်ဆိုရင် ခက်မယ်၊ ဘယ်လိုမှ ပြင်လို့ မရအောင် လုပ်ထားတယ်၊ ဒါကို ပြည်သူတွေ ရော၊ ဥပဒေနားလည်သူတွေ၊ နိုင်ငံရေးသမားတွေအကုန် သိပြီးသားပါ၊ အဲ့လိုဆိုရင် အခြားပြင်ဖို့ နည်းလမ်းအဖြစ်နိုင်ငံရေးနည်းလမ်းတွေ ရှိပါတယ်"ဟုု ဆိုသည်။
ယင်းသို့ ဖွဲ့စည်းပုံ ပြင်ဆင်ရာတွင် လွှတ်တော်ပြင်ပမှ ပြင်ဆင်လိုသည် ဆိုခြင်းနှင့် ပတ်သက်ပြီး လွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ဖွဲ့စည်းပုံ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီမှ အဖွဲ့ဝင် ဦးအောင်ကြည်ညွန့်က "အခု ပြောနေကြတဲ့ ပြင်ချင်တယ်၊ ပြင်တာကိုလည်း လွှတ်တော်တွင်းမှာ မပြင်ချင်ဘူး၊ အပြင်မှာ ပြင်ချင်တယ် ဆိုတဲ့ ပြင်မယ်ဆိုတဲ့ ပြည်သူတွေရဲ့ အသံတွေက ကျွန်တော်တို့ ကော်မတီကို ရောက်မလာသေးဘူး၊ အဲဒီတော့ ဘယ်လို နည်းလမ်းနဲ့ လုပ်လို့ ရမယ်၊ ဘယ်လို သုံးသပ်ရမယ်ဆိုတာ ကျွန်တော်တို့ လွှတ်တော်ကော်မတီအနေနဲ့လည်း ဘာမှ ပြောလို့ မရသေးဘူး "ဟု ဆိုသည်။
NLD မှ ဆန္ဒ ကောက်ယူရာတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ကောက်ယူပြီးသည်နှင့် ပဲခူးတိုင်းသို့ အောက်တိုဘာ လ ၁၅ ရက်နေ့ နောက်ပိုင်းတွင် သွားရောက်၍ ဖွဲ့စည်းပုံနှင့် ပတ်သက်ပြီး ရှင်းလင်းပြော ကြားခြင်း၊ ဆန္ဒကောက်ခံခြင်း များ ပြုလုပ်မည် ဖြစ်သည်။
ဖွဲ့စည်းပုံနှင့်ပတ်သတ်၍ အလုပ်သမားရေး၊ လယ်သမားရေး ၊အမျိုးသမီးရေး လုပ်ဆောင်သူများ၊ နိုင်ငံရေးသမား အချို့ကိုလည်း အောက်တိုဘာ ၁၃ ရက်တွင် မဇ္စျိမက မေးမြန်းကြည့်ရာ ဖွဲ့စည်းပုံနှင့် ပတ်သတ်၍ ပြင်ဆင်ရေးသည် ပိုမိုလွယ်ကူမည်ဟု သတ်မှတ်ပြီး ပြင်ဆင်ရေးသည် ဖွဲ့စည်းပုံတွင်ပါရှိသည့် ပုဒ်မ ၄၃၆ နှင့်ပြင်ဆင်လိုခြင်း မဟုတ်ဟူ၍
လည်း ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ တွင် ဖွဲ့စည်းပုံရှိ အခန်းအချို့မှ ပြဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် အားလုံး၏ ရ၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူ လက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည် ဖြစ်သည်။
ယင်းအပြင် လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအရ အချို့ ပြဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် အားလုံး၏ ရ၅ ရာခိုင်နှုန်းကျော်၏ ထောက်ခံမဲဖြင့်သာ ပြင်ဆင်ရမည်ဖြစ်သည်။