ပြည်ထောင်စု ငြိမ်းချမ်းမှုဖော်ဆောင်ရေးကော်မတီနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့၏ မြစ်ကြီးနားမြို့တွင် သုံးရက်တာ ဆွေးနွေးမှုအတွင်း တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပွဲကို KIO တက်ရောက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်မည်ဟူသည့် ကတိကဝတ်ဖြင့် ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။
နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်နိုင်ရန် ပထမအဆင့်ဖြစ်သည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပွဲကို KIO တက်ရောက်နိုင်ရန် ကြိုးပမ်းမည်ဟူသည့် သတင်းသည် တိုင်းရင်းသားများ၊ မြန်မာပြည်သူများအတွက် မင်္ဂလာ သတင်းပင်ဖြစ်သည်။ တစ်နည်းဆိုရပါမူ မြန်မာ့ငြိမ်းချမ်းရေးအတွက် ရောင်ခြည်သမ်းလာပြီဟု ဆိုရမည်ဖြစ်သည်။
ဆွေးနွေးပွဲ၏ အပြုသဘောဆောင်သော ရလဒ်များအဖြစ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ညီလာခံကို KIO က ဦးဆောင်ကျင်းပမည့် အချက်အပါအဝင် နှစ်ဖက်ပစ်ခတ်မှုများ ထပ်မံမဖြစ်ပွားရန်၊ စစ်ပြေးဒုက္ခသည် များအရေး ဖြေရှင်းဆောင်ရွက်ရန်စသည့် ငြိမ်းချမ်းရေးအတွက်အရေးပါသော သဘောတူညီ ချက်များလည်း ရရှိခဲ့ကြသည်။
အစိုးရနှင့် KIO တို့ဆွေးနွေးမှုအပြီး မြန်မာ့ငြိမ်းချမ်းရေးဂေဟာ၏ အောက်တိုဘာ ၁၀ ရက် သတင်းထုတ် ပြန်ချက် တွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပွဲတွင် တိုင်းရင်းသားအားလုံး ပါ၀င်နိုင် မည်ဖြစ်ပြီး နှစ်ပေါင်း ၆၀ ကျော် ပြည်တွင်း ပဋိပက္ခများကို ပထမဆုံးအကြိမ်ရပ်တန့်နိုင်မည်ဟု ဆိုထားသည်။
နှစ်ပေါင်း ၆၀ ကျော် ပဋိပက္ခများ၊ မငြိမ်သက်မှုများကြောင့် မိမိတို့မြန်မာနိုင်ငံသည် ဒေသတွင်း နိုင်ငံများ နှင့်နှိုင်းယှဉ် ပါက အဘက်ဘက်တွင် နိမ့်ကျခြင်း၊ ဖွံ့ဖြိုးမှု နောက်ကျကျန်နေခဲ့ခြင်းစသည့် အဖုံဖုံသော ဆိုးကျိုးများကို ခံစားခဲ့ကြ ရပြီးဖြစ်ခြင်းကြောင့် “နှစ်ပေါင်း ၆၀ ကျော် ပြည်တွင်း ပဋိပက္ခများကို ပထမဆုံး အကြိမ်ရပ်တန့်နိုင်မည်”ဟူသည့် စကားစုသည်များစွာ ၀မ်းမြောက်ဖွယ်ပင်ဖြစ်သည်။
အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီးပါက နိုင်ငံရေးဆွေးနွေးပွဲစကားဝိုင်းသို့ တက်လှမ်းနိုင်ကြမည်ဖြစ်ရာ အထူးသဖြင့် တိုင်းရင်းသားလူနည်းစုတို့အတွက် ဖက်ဒရယ်ပြည်ထောင်စုအတွင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ စာပေ၊ သယံဇာတ ခွဲဝေရာတွင် မျှတမှုစသည့် တန်းတူနေထိုင်ရေး အာမခံချက် ပေးနိုင်မည့် နိုင်ငံရေးသဘောတူညီချက်များ ရရှိရန်လည်း လိုအပ်ပေလိမ့်မည်။ သို့မှသာ တစ်နိုင်ငံလုံး သဘောတူညီချက် စာချုပ်လက်မှတ်ထိုးပွဲသည် နိုင်ငံအတွက် ရေရှည်အနှစ်သာရရှိမည့်ပွဲ ဖြစ်ပေမည်။
တစ်တိုင်းတစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး သို့မဟုတ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရေးမှာ တိုင်းရင်းသား လူမျိုးစုများ ရပိုင်ခွင့် အခွင့်အရေးများ ရရှိမှုအခြေအနေအပေါ်တွင် များစွာမူတည်သည်ဟု မဇ္စျိမက ရှုမြင်သည်။ ထို့အပြင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အင်အားစုများအကြား မယုံသင်္ကာဖြစ် မှု၊ နာကျည်းမှု အစိုင်အခဲမှာ အပြန်အလှန်ဖြူစင်မှုအပေါ်တွင် အခြေခံကာ လျော့ပါးသွားနိုင်အောင်လုပ် ဆောင်ရန်လည်း လိုအပ်ပေမည်။
ဤသို့သော အချက်များအပေါ် အခြေခံကာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးမှု၊ နိုင်ငံရေး ဆွေးနွေးပွဲများသို့ တက်လှမ်းနိုင်မည်ဆိုပါက မြန်မာ့ငြိမ်းချမ်းရေးသည် အလှမ်းဝေးတော့မည် မဟုတ်ပေ။