မြန်မာနိုင်ငံတွင် ခုတလောဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်၍ ဆွေးနွေးပြောဆို သံများ ပို၍ကြားလာရသည်။ ၂၀၁၅ ခုနှစ်၊ ပါတီစုံ ရွေးကောက်ပွဲကြီး နီးလာသောကြောင့်လည်း ဖြစ် နိုင်သည်။ သို့မဟုတ် တိုင်းရင်းသားအင်အားစုများနှင့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ပြုလုပ်မည်၊ နိုင်ငံရေး အဆင့်ဆွေးနွေးပွဲများ သို့ တက်လှမ်းမည်ဆိုသောကြောင့်လည်း ဖြစ်နိုင်ပါသည်။ သို့မဟုတ် ပို၍ လွတ်လပ်ပွင့်လင်းစွာ ပြောရေးဆိုခွင့် ရှိသောကြောင့်လည်း ဖြစ်နိုင်ပါသည်။
မြန်မာနိုင်ငံတွင် ခုတလောဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်၍ ဆွေးနွေးပြောဆို သံများ ပို၍ကြားလာရသည်။ ၂၀၁၅ ခုနှစ်၊ ပါတီစုံ ရွေးကောက်ပွဲကြီး နီးလာသောကြောင့်လည်း ဖြစ် နိုင်သည်။ သို့မဟုတ် တိုင်းရင်းသားအင်အားစုများနှင့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ပြုလုပ်မည်၊ နိုင်ငံရေး အဆင့်ဆွေးနွေးပွဲများ သို့ တက်လှမ်းမည်ဆိုသောကြောင့်လည်း ဖြစ်နိုင်ပါသည်။ သို့မဟုတ် ပို၍ လွတ်လပ်ပွင့်လင်းစွာ ပြောရေးဆိုခွင့် ရှိသောကြောင့်လည်း ဖြစ်နိုင်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်က “ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာဟာ လူတွေက လုပ်ထားတဲ့ အရာတစ်ခုပါ။ အဲဒါကို ကျွန်မတို့က မကိုင် ရဲဘူးမထိရဲဘူးဆိုလို့ရှိရင် ကျွန်မတို့သက်ရှိ ပြည်သူ ပြည်သားတွေဟာ သက်မဲ့စာကြောင်းတစ်ခုကို ကြောက် နေရာမရောက်ဘူးလား” ဟု သြဂုတ်လ ၈ ရက်က မေးခွန်း ထုတ်ခဲ့သည်။ သူကပင် “ဖွဲ့စည်းပုံ အခြေခံဥပဒေ မပြောင်းလဲလျှင်လာမည့် ရွေးကောက်ပွဲသည် တရားမျှတစရာ အကြောင်းမရှိ” ဟုဆိုခဲ့သလို၊ “မြန်မာနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖွဲ့စည်းပုံအခြေခံ ပြုပြင်ပြောင်းလဲ ရေးသည်အခရာကျ သည်” ဟုလည်း ဆိုခဲ့သည်။ တိုင်းရင်းသား အင်အားစုအချို့ကလည်း မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြုပြင်နေရန်အကြောင်းမရှိ၊ အသစ်ပြင်ဆင်ရေးဆွဲရတော့မည်ဟုဆို နေကြသူများ လည်းရှိပါ သည်။ အထူးသဖြင့်ပြီးခဲ့သည့် ၈-လေးလုံး ၂၅ နှစ်၊ နှစ်ပတ်လည် အခမ်းအနားမှစ၍ ဤသို့ တောင်းဆိုသံများ ပို၍ကျယ်လောင်လာခြင်းလည်း ဖြစ်သည်။ လွှတ်တော်ကိုယ်၌ပင်လျှင် ဖွဲ့စည်းပုံအခြေ ခံဥပဒေ၌ အဖုအထစ်များ၊ မချောမွေ့သည်များကို မြင်ထားပုံရသည်။ အဖွဲ့ဝင် ၁၀၉ ဦး ပါ၀င်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်လည် စိစစ် သုံးသပ်ရေး ပူးတွဲကော်မီတီတစ်ရပ်ကို ဖွဲ့စည်းထားခဲ့ပြီး၊ ယခုနှစ် ဒီဇင်ဘာလ ၃၁ ရက်တွင် တွေ့ရှိချက်များကို လွှတ်တော်သို့ ပြန်လည်တင်ပြပေးရမည်ဟု ဆုံးဖြတ်ထား သည်။
သို့ဆိုလျှင် မေးခွန်းများရှိလာခဲ့သည်။ မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ်တွင် အခြေတည် သည့်ဝါဒ၊ တစ်နည်း constitutionalism ရှိနေပါပြီလား။ ခိုင်မြဲနေပါပြီလားဟု မေးစရာရှိလာသည်။ constitutionalism ခေါ် “ဖွဲ့စည်းပုံ အခြေခံ ဥပဒေအခြေခံတည် ၀ါဒ” ဆိုသည်မှာ အစိုးရတစ်ရပ်၏ အာဏာဆင်းသက်လာရာ လမ်းကြောင်း နှင့် ပတ်သက်သည့်အခြေခံမူများ၊ ၎င်းအာဏာကို အခြေခံ ဥပဒေသဘောအရ ကန့်သတ်ထားမှု အကြောင်းများ စသည့် ထွေပြားသောအယူအဆ၊ အမူအကျင့်များ နှင့်ပတ်သက်၍ ဆိုလိုခြင်း ဖြစ်ပါသည်။ လူနည်းစုများ အပါအဝင် နိုင်ငံသားများ၏ လွတ်လပ်ခွင့်၊ အခြေခံ အခွင့်အရေးများ၊ အကျိုးစီးပွားများကို ကာကွယ်မှုပေးရန် အာဏာကိုမည်သို့ ထိန်းချုပ်မည်နည်းဟူသည့် ယန္တရားလုပ်ငန်းစဉ်များလည်း အပါအဝင် ဖြစ်သည်။ ပို၍ ရှင်းအောင်ပြောရလျှင် နိုင်ငံတော်အတွင်းရှိ အင်အားစုများက အာဏာရရှိရေးအတွက် ဤဥပဒေအခြေခံမူဘောင်များ အတွင်းမှသာဆောင်ရွက်ကြ မည်လော အငြင်းပွားမှုများကို ၎င်းမူဘောင်များအတွင်းမှသာ ရှင်းကြမည်လော။ အထူးသဖြင့် အာဏာကိစ္စ နှင့် ပတ်သက်၍ အခြားနည်းလမ်းများဖြင့် မကြံစည်ဤဥပဒေက ပြဋ္ဌာန်းထားသည့် နည်းလမ်းမူ ဘောင်များ အတိုင်းသာ ရရှိရေးအတွက်လုံးပမ်းကြမည်လော။ အစိုးရ၏လုပ်ပိုင်ခွင့်က ပြည်သူများ၏ လွတ်လပ်ခွင့်၊ အကျိုးစီးပွားများ မထိခိုက်မဆုံးရှုံးရလေအောင် မည်သို့ကန့်သတ်ထားပါသနည်း။ နစ်နာချက်များကို ပြည်သူများက လည်း မည်သို့တင်ပြမည်နည်း။ မည်သို့ ကုစားပေးကြမည် နည်းစသည့် အချက်များပါ၀င်ပါ သည်။ ယေဘုယျအားဖြင့် constitutionalism (ဖွဲ့စည်းပုံအခြေခံဥပဒေ အခြေတည် ၀ါဒ) ဟုဆိုလျှင် အနောက်တိုင်းဆန်သည့် လစ်ဘရယ် ဒီမိုကရေစီ အယူအဆလွှမ်းမိုးမှုအဖြစ်သာ လက်ခံ ထားကြပါသည်။
အချို့ပညာရှင်များကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေများသည် စာသား (text) များ ထက်ကို ကျော်လွန်၍ ကြည့်ရန် လိုအပ်သည်ဟု ဆိုပါသည်။ အချို့အခြေခံဥပဒေက စာသားများသာ ဖြစ်နေနိုင်သည်။ နိုင်ငံရေး၊ လူမှုရေး လက်တွေ့ ပကတိအခြေအနေများကို မထင်ဟပ်ပဲလည်း ရှိနေနိုင်သည်ဟု ထောက်ပြကြပါ သည်။ ထိုအခါ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို သုံးသပ်လေ့လာသူများက အမှန်တကယ်လက်တွေ့ မည်သို့ အကောင်အထည်ဖော်နေသနည်း ဟူသည့် ကိစ္စကိုပါ ပြန်၍မေးခွန်းထုတ်ကြပါ သည်။ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဖြစ်ပေါ်လာရသည့် နောက်ခံစဉ်းစားချက်နှင့် ဤစာသားများ နောက်ကွယ်က သီအိုရီအပေါ်ပါပြန် ၍ ဆန်းစစ်လေ့ရှိကြပါသည်။ ဆိုလိုသည်မှာ နိုင်ငံတစ်ခု ဖြစ်တည်လာရာ လမ်းကြောင်း၊ သမိုင်းကြောင်း နှင့် ထိုနိုင်ငံခေါင်းဆောင်များ၏ အယူဝါဒရေးရာ၊ မြော်မြင်ချက်များ စသည်တို့ အကျုံးဝင်ပါသည်။ အချို့ ပညာရှင်များက ဖွဲ့စည်းပုံအခြေခံဥပဒေဆိုသည်မှာ နိုင်ငံတစ်ခု၏ “ကိုယ်တိုင်ရေး သမိုင်းရုပ်ပုံ” (autobiography) ဟု ပင် ဆိုကြပါသည်။
မိမိတို့ အိမ်နီးချင်းနိုင်ငံများကို ကြည့်ကြပါစို့။ ထိုင်းနိုင်ငံဆိုလျှင် ၁၉၃၂ ခုနှစ်၊ စည်းမျဉ်းခံ ဘုရင်စနစ် ပြဋ္ဌာန်းသည့် အချိန်မှစ၍ ဖွဲ့စည်းပုံအခြေခံဥပဒေကို ၁၈ ကြိမ် ပြင်လာခဲ့ရသည်။ စစ်တပ်ကလည်း အကြိမ် ကြိမ်အာဏာထဲ ၀င်ရောက် စွက်ဖက်ခဲ့ကြသည်။ ဖိနပ်ကတခြား၊ ခြေထောက်က တခြားဖြစ်ခဲ့သည့် အခြေအနေများရှိခဲ့သည်။ ဖိနပ်နှင့်မတော်၍ ဖနောင့်ကို လှီးခဲ့ရသည်များ ရှိခဲ့သည်ဟုလည်း ပညာရှင် အချို့က ဥပမာပေးကြပါသည်။ မည်သို့ပင် ဖြစ်စေ၊ ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်၊ ဘုရင် စနစ်နှင့် ဘာသာရေးကအရေးပါသည့် အခန်းကဏ္ဍမှာ ရှိနေသည်။ အိမ်နီးချင်း မလေးရှားနိုင်ငံ၏ ဖွဲ့ စည်းပုံအခြေခံဥပဒေက ၁၉၅၇ ခုနှစ်၊ စတင်ပြဋ္ဌာန်းချိန်မှစတင်၍ ဤတစ်ခုတည်းသာ တည်မြဲလာခဲ့သည်။ သို့ဆိုလျှင် တည်ငြိမ်သည့် ဖွဲ့စည်းပုံ၊ ကောင်းမွန် သင့်မြတ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေဟု ဆိုနိုင်ပါပြီ လော။ သူတို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မလေးများ နှင့် ဆာဘားပြည်နယ်၊ ဆာရဝတ်ပြည်နယ်သား များကို အလေးပေးထားသည်။ လွတ်လပ်ခွင့်များကို တင်းကျပ်ကန့်သတ်မှုများရှိနေသည်။ လူမျိုးရေးအရ၊ ဘာသာရေးအရ ခွဲခြားသည့် ပြဋ္ဌာန်းချက်များလည်း ပါ၀င်နေသေးသည်။ ထိုမျှမက အစ္စလမ်ဘာသာနှင့် ဘာသာရေး ကျင့်သုံးမှုများကို အလေးပေးပြီး၊ အခြားကိုးကွယ် ယုံကြည်မှုများ ပြန့်ပွားရေးကိစ္စများကို ထိန်းချုပ်ထားသည်ကို တွေ့ရလိမ့်မည်။ မလေးနိုင်ငံ ဖွဲ့စည်းပုံက ဖက်ဒရယ် စနစ်ကို အခြေပြုသည် ဆို သော်လည်းအုပ်ချုပ်မှုစနစ်တွင် စော်ဘွားများနှင့် အုပ်ချုပ်သူကောင်စီများကို အသားပေး ထားသည်ကို လည်းတွေ့ရပါလိမ့်မည်။ ဖိလစ်ပိုင်နိုင်ငံ၏ ၁၉၈၇ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်ကြည့်ပါက လည်း၊ ဖိလစ်ပိုင်အမျိုးသားရေးဝါဒကို ဖော်ကျူးထားသည်ကို တွေ့ရပါလိမ့်မည်။ ထို့အပြင် မိသားစုဘဝ၊ ကလေးဖျက်ချမှုနှင့် လင်မယား ကွာရှင်းပြတ်စဲခြင်း တို့ကိုဆန့်ကျင်သည့် အချက်များလည်း ထူးထူးခြားခြား ဖော်ပြထားပါသေးသည်။ ဖိလစ်ပိုင် လူမှုအဖွဲ့အစည်းနှင့်သမိုင်းကို တစ်နည်းတစ်ဖုံ ထင်ဟပ်နေသည် ဟုလည်း ယူဆစရာရှိပါသည်။ သို့သော် နောက်ပိုင်းဖွဲ့စည်းပုံအခြေခံဥပဒေ အများအပြားတွင်တော့ နိုင်ငံတကာစံတန်ဖိုး များနှင့် ဂလိုဘယ်လိုက်ဇေးရှင်းကို ထင်ဟပ်ဖော်ပြလာခြင်းများကိုလည်း တွေ့နေရပါ သည်။ အထူးသဖြင့် ကောင်းမွန် သည့် အစိုးရစနစ် (good governance) ကိစ္စများ ထည့်သွင်းလာခြင်း ပင် ဖြစ်ပါသည်။
သို့ဆိုလျှင် မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စများတွင်လည်း ဤအချက်များကို ပြန်၍ စဉ်းစား ရခြိမ့်မည် ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေသုံးခုရှိခဲ့ဖူးသည်။ ၁၉၄၇၊ ၁၉၇၄ နှင့် ယခု ၂၀၀၈ ဥပဒေတို့ပင် ဖြစ်ပါသည်။ အမေရိကန်လို နိုင်ငံများတွင်တော့ တစ်ချိန်ကခေါင်းဆောင် ကြီးများ၏ မြော်မြင်ချက်များ ကို အလေးထားစဉ်းစားလေ့ရှိကြပါသည်။ ကျွန်တော်တို့၏ ဘိုးဘေးများ (our great great gandfathers) က မည်သို့မျှော်မှန်းခဲ့ကြသည်ဟု ကိုးကားပြောလေ့ရှိကြပါသည်။ ခေတ်သစ်မြန်မာနိုင်ငံတော် ပေါ်ထွန်းသည့်အချိန်က ခေါင်းဆောင်များ၏ မြော်မှန်းချက်အိပ်မက်များကို ကြည့်မည်ဆိုလျှင်ဖြင့် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိချိန်တွင် ရေးထိုးခဲ့သည့် “မြန်မာ့လွတ်လပ်ရေး ကြေ ညာစာတမ်း” နှင့် ၁၉၄၇ ခုနှစ်၊ ပင်လုံစာချုပ်တို့ကို ကြည့်ရလိမ့်မည် ဖြစ်ပါသည်။ “ငါတို့သည် တစ်မျိုး ဘာသာတစ်စိတ်တစ်ဒေသ၏ ကောင်းကျိုးချမ်းသာကို မလိုလား။ ကျောသား ရင်သား သူကား ငါကား ခွဲခြားခြင်းကို အလိုမရှိ။ ငါတို့ နိုင်ငံတော်ကြီးသည် မည်သူတစ်ဦးတစ်ယောက် တစ်ဖွဲ့ တစ်သင်း၏ အမွေ အနှစ်မဟုတ်။ မည်သူတစ်ဦးတစ်ယောက် တစ်ဖွဲ့တစ်သင်း၏ ပုဂ္ဂလိကအပိုင်ပစ္စည်းမဟုတ်။ မည်သူ တစ်ဦးတစ်ယောက် တစ်ဖွဲ့တစ်သင်းက ချုပ်ကိုင်အနိုင်သိမ်းယူအကျိုးခံစားအပ်သော နိုင်ငံမဟုတ်။ အတိတ်ကာလကလည်းကောင်း၊ ယခု မျက်မှောက်တွင်လည်းကောင်း၊ နောင်လာလတ္တံ့သော အနာဂတ် ကာလ၌ လည်းကောင်း၊ ငါတို့ ပြည်ထောင်စုကြီးအတွင်း၌ မှီတင်းနေထိုင်ကြသော ကြီးငယ်ဝေးနီး ကျား-မ မခြား သစ္စာတော်ခံ နိုင်ငံသားဟူသရွေ့တို့၏ အမွေအနှစ်အပိုင်ပစ္စည်း အကျိုးခံစားရာဖြစ်သည်ဟူသော လူ့ဘာသာ၊ လူ့တရားနှင့်အညီ ကမ္ဘာဦးကာလ လူတို့၏စည်းရုံးမှု၌ လူအပေါင်းတို့၏ သဘောဆန္ဒအရ လူအဝန်း၏ အကျိုးကို ကောင်းစွာဆောင်ရွက်နိုင်အံ့သော ပုဂ်္ဂိုလ်ကို ရွေးကောက်၍သမ္မတ တင်မြှောက် ကြသောမဖောက်မပြန် မစွန်းမငြိပကတိ သန့်ရှင်းဖြူစင်သော မူလလူ့ဝါဒနှင့် လျော်စွာစည်းကမ်းဥပဒေ သေချာထင်ရှားစွာ ပိုင်းခြားသတ်မှတ် တူညီသော တရား၊ တူညီသောအခွင့်အရေး၊ တူညီသော အဆင့် အတန်းအားဖြင့် ကမ္ဘာအရှည်တည်စိမ့်သောငှာ လူအပေါင်း တို့၏ ဆန္ဒသာလျှင်အဓိကဖြစ်သော၊ သမ္မတ မြန်မာနိုင်ငံတော်တည်းဟူသော မြတ်သောအဖြစ်ကို လက်ဆုပ် လက်ကိုင် ငါတို့ပိုင်ပြီ”ဟု ဖော်ကျူးထား ခဲ့ကြသည်။ သို့သော် ၁၉၄၇ ခုနှစ် အခြေခံဥပဒေတွင် ပြည်ထောင်စုသဘော ထက် တစ်ပြည်ထောင် သဘောပိုကဲနေသည်ဟု ဝေဖန်ပြောဆိုသူများလည်း ရှိခဲ့ပါသည်။