အစိုးရနှင့်ကေအိုင်အိုတို့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်မည်ဟုပြော

အစိုးရနှင့်ကေအိုင်အိုတို့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်မည်ဟုပြော
by -
မဇ္ဈိမ

ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်းကော်မတီနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့ ဒုတိယနေ့အဖြစ် မြစ်ကြီးနားမြို့ တွင် ဆွေးနွေးမှုအတွင်း အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးရန် သဘောတူညီမှုအပါအဝင် သဘောတူညီချက် ငါးချက် အနည်းဆုံး လက်မှတ်ထိုးနိုင်မည်ဟု ဆွေးနွေးပွဲ တက်ရောက်ခဲ့သူ မြန် မာ့ငြိမ်းချမ်းရေးဂေဟာ၏ အကြီးတန်း အရာရှိ ဦးလှမောင်ရွှေက ပြောသည်။

“မနက်ဖြန်မှာ အနည်းဆုံး သဘောတူညီမှု ငါးခုလောက် လက်မှတ်ရေးထိုးနိုင်မယ်လို့ ထင်ပါတယ်။ အထူးသဖြင့်  ကေအိုင်အို ခေါင်းဆောင်များအနေနဲ့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးရေးကို ကေအိုင်အိုဘက်က ငြင်းဆိုတာမ ရှိသလို ဒါကို တက်ရောက်နိုင်ဖို့လည်း နည်းလမ်းတွေ ပြန်လည်ညှိနှိုင်း ပြီးတော့ ဆွေးနွေးပါ့မယ်လို့ ပြောတာတွေရှိတယ်” ဟု ပြောသည်။

ဆွေးနွေးပွဲတွင် တပ်ပိုင်းဆိုင်ရာ နေရာချထားရေးကိစ္စ၊ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲရေး၊ စစ်ပြေးဒုက္ခသည်များအရေးတို့အား ဆွေးနွေးခဲ့ရာ တိုးတက်မှု အများကြီးရှိသည်ဟုလည်း ဦးလှမောင်ရွှေက မဇ္ဈိမကို ပြောသည်။

စစ်ပြေးဒုက္ခသည် IDP များနှင့်ပတ်သက်၍ စီမံကိန်းဖြင့် ရွာလေးရွာတည်ဆောက်ရန် မူအားဖြင့်သဘော တူခဲ့ပြီး အသေးစိတ်အချက်အလက်များကို နှစ်ဖက်နည်းပညာ အထောက်အကူပြုအဖွဲ့များ ပြန်လည် ညှိနှိုင်းဆွေးနွေးကြဦး မည်ဖြစ်သည်။

“တပ်ပိုင်းဆိုင်ရာကိစ္စ၊ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာကိစ္စ၊ IDPကိစ္စနဲ့ အခြားကိစ္စရပ်များကို ဆွေးနွေးတယ်။ တပ်ပိုင်း ဆိုင်တဲ့ကိစ္စကိုတော့ သီးခြားနှစ်ဖက်ခေါင်းဆောင်တွေ အများစုဆွေးနွေးတယ်။စာပွဲဝိုင်းမှာတော့ တပ်ပိုင်းဆိုင်ရာကို ညှိနှိုင်းခဲ့ပြီးတော့ တိုးတက်မှုတွေ အများကြီးရတယ်။ တိုက်ပွဲတွေက ထပ်မံလျှော့ချ နိုင်ပြီးတော့ တိုက်ပွဲတွေ အားလုံး ရပ်ဆိုင်းဖို့ နည်းလမ်းတွေကိုလည်း နှစ်ဖက် ရှာဖွေခဲ့တယ်။ တိုးတက်မှု အများကြီးရတယ်လို့ နှစ်ဖက် ခေါင်းဆောင် တွေကတော့ တက်ရောက်လာသူတွေကို ရှင်းပြပါတယ်”ဟု ဦးလှမောင်ရွှေက ပြောသည်။

ယခုလ ၂၊ ၃ ရက်နေ့များတွင် နှစ်ဖက် နည်းပညာအထောက်အကူပြုအဖွဲ့များအနေဖြင့် အစိုးရနှင့် KIO တပ်တည်ရှိ မှု အနေအထားပြမြေပုံ မှတ်တမ်းတင်နိုင်ရေး ထည့်သွင်းဆွေးနွေးရန် ပါရှိသည်။ မေလ ဆွေးနွေးပွဲပြီးနောက်ပိုင်း နှစ်ဖက် တိုးတက်မှုအခြေအနေတွင် တိုက်ပွဲများ လျော့ကျသွားကြောင်းနှင့် ပူးပေါင်း စောင့်ကြည့်ရေးကော်မတီ (Joint Monitoring Committee) ဖွဲ့စည်းရေး ဆွေးနွေးခဲ့သည်။

ဆွေးနွေးမှုတွင် KIO ဘက်မှ ဆရာကြီး ဦးဆွမ်းလွတ်ဂမ်း ဦးဆောင်၍ စစ်ဘက်မှ ဗိုလ်ချုပ်ဂွမ်မော်တို့ အပါအဝင် ရှစ်ဦး တက်ရောက်ခဲ့သည်။ ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌဝန်ကြီး ဦးအောင်မင်း၊ ၀န်ကြီး ဦးအုန်းမြင့်၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငံဆိုင်း၊ စစ်တပ်ဘက်မှ ဒုဗိုလ်ချုပ် ကြီးမြင့်စိုး၊ မြောက်ပိုင်းတိုင်းစစ် ဌာနချုပ်မှူး ဗိုလ်ချုပ်ထွန်းထွန်းနောင်၊ အရှေ့မြောက်တိုင်းမှူး ဗိုလ်ချုပ် အောင်စိုး၊ ဒု-၀န်ကြီးချုပ် ဗိုလ်ချုပ်မောင်မောင်အုန်း၊ အထူးရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ကချင်ပြည်နယ် နယ်စပ်ဝန်ကြီးဗိုလ်မှူးကြီးသန်းအောင်၊ စစ်ရုံးချုပ် ဗိုလ်မှူးကြီးကျော်စိုးဝင်းနှင့် MPC အဖွဲ့ဝင်များ အပါ အဝင် ၁၇ ဦး တက်ရောက်ခဲ့သည်။

အလားတူ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဗီဂျေးနမ်ဘီယာ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ အထူးသံ အဖွဲ့၊ အခြား တိုင်းရင်းသား လက်နက်ကိုင်များဖြစ်သော ကရင်၊ ရှမ်း တောင်/မြောက်၊ ၀ ၊ မွန်၊ ကယား၊ ပအို၀့်၊ ချင်း၊ မိုင်းလား၊ ပလောင်နှင့် ABSDF စသည့် အဖွဲ့အစည်းမှ ကိုယ်စားလှယ်များနှင့် နိုင်ငံရေးပါတီ အချို့မှ ကိုယ်စားလှယ်များ တက်ရောက်နေသည်။