ကရင်နီဒုက္ခသည်များ စိတ်ပိုင်းဆိုင်ရာ ဝေဒနာခံစားရဆဲ

ကရင်နီဒုက္ခသည်များ စိတ်ပိုင်းဆိုင်ရာ ဝေဒနာခံစားရဆဲ
by -
ကန္တာရဝတီတိုင်း(မ်)

လွန်ခဲ့သော ရ လက မီးလောင်သဖြင့် လူ ၄၀ ခန့်သေဆုံးပြီး အိမ်ခြေ ၂၀၀၀ ကျော်ပျက်စီးဆုံးရှုံးခဲ့သည့် ထိုင်းနယ်စပ် ကရင်နီဒုက္ခသည်စခန်းရှိ အမျိုးသမီးများသည် စိတ်ပိုင်းဆိုင်ရာဝေဒနာများ ဆက် လက်ခံစားနေကြဆဲ ဖြစ်သည်ဟု ကရင်နီအမျိုးသမီးအစည်းအရုံး KNWO က ပြောသည်။

လူဦးရေ ၃၀၀၀ ကျော်နေထိုင်သည့် ကရင်နီအမှတ် ၂ ဒုက္ခသည်စခန်းအတွင်း လွန်ခဲ့သည့်မတ်လ၂၂ ရက်နေ့၌ မီးလောင်ကျွမ်းခဲ့ရာတွင် ကလေးနှင့် ကိုယ်ဝန်ဆောင်မိခင်အပါအဝင် လူပေါင်း ၃၇ ဦးသေဆုံးပြီး ၂၀၀၀ ကျော် အိုးအိမ်မဲ့ဖြစ်ခဲ့ရသည့်အကျိုးဆက်ကြောင့် ယင်းကဲ့သို့ စိတ်ပိုင်းဆိုင်ရာဝေဒနာများ ခံစားနေကြရခြင်းဖြစ်သည်ဟု KNWO က ပြောသည်။

"တချို့ဆို သူတို့မိဘတွေကိုယ်တိုင်၊ တချို့ဆို သူတို့ခင်ပွန်းကိုယ်တိုင် အဲဒီမီးလောင်တဲ့အထဲမှာ အသက် ဆုံရှုံးသွားတာကြောင့် စိတ်ပိုင်းဆိုင်ရာကို ခံစားမှုတွေ ဖြစ်ရတယ်"ဟု KNWO ဥက္ကဌ နော်ပါလွဲက ပြောသည်။

ယင်းကဲ့သို့ စိတ်ပိုင်းဆိုင်ရာ ဝေဒနာများခံစားနေရသူများအား KNWO အနေဖြင့် စခန်းတွင်းရုံးသစ်များ ဖွင့်လှစ်ပြီး နှစ်သိမ့်ပညာပေးအစီအစဉ်များဖြင့် ကုစားပေးနေရသည်ဟု ဆိုသည်။

ထိုသို့စခန်းမီးလောင်ခဲ့မှုသည် သာမာန်မီးလောင်မှုမဟုတ်ကြောင်း စခန်းတစ်ခုလုံးက သံသယရှိနေကြ သည့်အတွက် ရှေ့ဆက်၎င်းတို့၏ လုံခြံုရေးအတွက် စိုးရိမ်နေကြရသည်မှာလည်း စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုဖြစ်သည်ဟု ဆိုသည်။

"ကျမတို့ စခန်းကော်မီတီအနေနဲ့တော့ အဖြေမှန်ရရှိဖို့အတွက် ကျမတို့ လုပ်ယူမယ်၊ ကြိုးစားမယ်ဆိုရင် ကျမတို့မှာ နည်းလမ်းဘာမှ မရှိဘူး၊ အပြင်နဲ့လည်း ဆက်သွယ်ရတာ ခက်ခဲတယ်ဆိုတော့ ဘာမှလည်း လုပ်လို့မရဘူး"ဟု အမှတ် (၂) ဒုက္ခသည် စခန်းကော်မီတီ ဥက္ကဌ နော်ရှယ်လီသန်းက ပြောသည်။

တတိယနိုင်ငံခြေချနေထိုင်ရေးအစီအစဉ်အရ ဒုက္ခသည် တစ်သောင်းကျော်သွားရောက်ရှိအခြေချခဲ့ပြီ ဆိုသော်လည်း လက်ရှိမယ်ဟောင်ဆောင်ခရိုင်အတွင်းရှိ အမှတ်-၁ နှင့် အမှတ် ၂ ကရင်နီဒုက္ခသည်စခန်း နှစ်ခုတွင် စစ်ပြေးဒုက္ခသည် နှစ်သောင်းဝန်းကျင် ကျန်ရှိနေသေးသည်။

ယခင်ကစစ်ပွဲများကြောင့် နယ်စပ်ရှိကရင်နီဒုက္ခသည်များ သောင်းနှင့်ချီကျန်ရှိနေသေးသော်လည်း စားနပ်ရိက္ခာထောက်ပံ့မှုများ လျော့ချလာနေသကဲ့သို့ ပြည်တွင်းပြန်ရန် ကိစ္စမှာလည်း မသေချာမရေရာ သေးသည့် အခြေအနေတွင် ရှိနေသည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နှင့်အစိုးရအကြား အပစ်ခတ်ရပ်စဲရေး ပြုလုပ်နိုင်ခဲ့သော်လည်း ပြည်တွင်းသို့ ပြန်လည်အခြေချနေထိုင်ရေးကိစ္စများတွင် ဒုက္ခသည်များအတွက် စိတ်ချလုံခြံုမှုမရှိ သေး ကြောင်း ပြောဆိုနေကြသည်။

Most read this week