ရန်ကုန်မြို့တွင်း ယာဉ်စည်းကမ်းဖောက်ဖျက်ခြင်းနှင့်ဆိုင်သော နှစ်ဟောင်းမှ အရေးမယူရသေးဘဲကြွေး ကျန်နေ သည့် ရဲမှုရှစ်သိန်းကျော်ကို ပယ်ဖျက်ပေးလိုက်ကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူး ရုံးမှ ဒုတိယရဲမှူးကြီး လင်းထွဋ်က ပြောသည်။
၂၀၀၉ ခုနှစ်မှစတင်ကာ၂၀၁၂ခုနှစ် မတ်လအထိ ကျန်နေသေးသည့် ရဲမှုများကို ပယ်ဖျက်လိုက်ခြင်းဖြစ်ပြီး ၂၀၁၂ ခုနှစ် မတ်လနောက်ပိုင်း အမှုများကိုသာ အရေးယူတော့မည်ဖြစ်ရာ ယင်းရဲမှုများသည် ၂၀၀၉ ခုနှစ်မှ ယနေ့အထိ အမှုပေါင်း ကိုးသိန်းကျော်ရှိရာတွင် နှစ်သိန်းနီးပါး ကျန်ရှိနေသေးသည်။
“ယာဉ်အိုယာဉ်ဟောင်း အပ်နှံရေးအစီအစဉ်အရ နောက်ပိုင်းမှာ နှစ်ဟောင်းကြွေးကျန်တွေကျန်နေတယ်။ တချို့က လည်း မော်တော်ယာဉ်လက်လွှဲပြီးမှ အဆင့်ဆင့်ရောင်းသွားတာကျတော့ သူ့လက်ထက်မှာကျူး လွန်တာ မဟုတ်ဘူး။ တခြားလက်ထက်မှာ ကျူးလွန်တာရှိတဲ့အတွက် အခက်အခဲတွေ အများကြီး ရှိပါတယ်။ တိုင်းဒေသကြီးအစိုးရအဖွဲ့ သဘောတူညီချက်နဲ့ ဆောင်ရွက်တာဖြစ်တယ်”ဟု ဒု-ရဲမှူးကြီး လင်းထွဋ်က ပြောကြားခဲ့သည်။
အဆိုပါ ရဲအမှုများသည် ရပ်မျဉ်းကျော်ခြင်း၊ မီးနီဖြတ်ခြင်း၊ လမ်းပြောင်းပြန်မောင်းခြင်း၊ ဖြူနီကြား ရပ်ခြင်းနှင့် နှစ်ထပ် ရပ်ခြင်းတို့ ဖြစ်သည်။
“တချို့ကျတော့လည်း ရဲမှုကို လက်ပြောင်းလက်လွဲလုပ်ပြီးမှ ကညနမှာ သွားမစစ်ဖြစ်တာလည်းပါတယ်။ အရင်က ယာဉ်အိုယာဉ်ဟောင်း အပ်နှံရေးအစီအစဉ်အရ အမြန်ဆောင်ရွက်တဲ့အခါမှာ ရဲမှုကိုလာပြီးမစစ်ဘဲနဲ့ သက်တမ်းတိုး ပေးခဲ့တဲ့ အခြေအနေလည်း ရှိတယ်”ဟု ဒုရဲမှူးကြီးလင်းထွဋ်က ပြောကြားခဲ့သည်။
အငှားယာဉ်မောင်း အမျိုးသားတစ်ဦးက “မြန်မာနိုင်ငံမှာ မမိတဲ့အမှုဆိုတာ မရှိဘူး။ လိုင်စင်လုပ်ရင် အမှုတွေအားလုံး ပေါ်တာဘဲ။ တချို့အောက်ခြေမှာမိတယ်။ လာဘ်ပေးလာဘ်ယူလုပ်လိုက်တယ်။ အဲဒါနဲ့အမှုကကြာသွားတယ်။ ဖြေလျှော့တယ်ဆိုတာ အမှုကို မမိတော့လို့”ဟု သူ့အမြင်ကို ပြောသည်။
ယာဉ်အိုဟောင်းများ ဖျက်သိမ်းပြီး အစားထိုး လဲလှယ်သည့် စီမံချက်ကို ၂၀၁၁ ခုနှစ် စက်တင်ဘာလ၂၅ ရက်တွင် စတင်ခဲ့ခြင်း ဖြစ်သည်။
ရန်ကုန်မြို့တွင် ယာဉ်စည်းကမ်း မလိုက်နာသည့် ယာဉ်များအား အဖွဲ့၁၀ ဖွဲ့ ဖွဲ့စည်းကာ အရေးယူများကို ၂၀၁၃ ခုနှစ် သြဂုတ်လမှစတင်ကာ ဆောင်ရွက်နေပြီး မျဉ်းကြားတွင် အရှိန်လျှော့မမောင်းသည့်ယာဉ်များ ကိုလည်း အရေးယူ မှုများ ပြုလုပ်သွားမည်ဟု ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ ကြေညာပြီးဖြစ်သည်။