ပဋိပက္ခဖြစ်ပွားခဲ့သောသံတွဲမြို့တွင် သီတဂူဆရာတော် ငြိမ်းချမ်းရေးတရားဟော

ပဋိပက္ခဖြစ်ပွားခဲ့သောသံတွဲမြို့တွင် သီတဂူဆရာတော် ငြိမ်းချမ်းရေးတရားဟော
by -
နိရဥ္စရာ

သီတဂူဆရာတော်ကြီး ဒေါက်တာဉာဏိဿရသည် အောက်တိုဘာ ရ ရက်နေ့တွင် ရခိုင်ပြည်နယ် သံတွဲမြို့ သို့ ရောက်ရှိလာပြီးပဋိပက္ခများ ထပ်မံမဖြစ်ပွားရအောင်  ငြိမ်းချမ်းရေးတရားဟောကြားခဲ့သည်ဟု သတင်း ရရှိသည်။

သီတဂူ ဆရာတော်ကြီးသည် ရန်ကုန်မှသံတွဲသို့ ကမ္ဘောဇလေယာဉ်ဖြင့် ပဋိပက္ခဖြစ်ပွားပြီး ၈ ရက်အကြာ ယမန့်နေ့ နေ့လည် (၂) နာရီတွင် ကြွရောက်လာခဲ့ခြင်း ဖြစ်သည်။

ဓါတ်ပုံ- Arakan Nwetharki

ဆရာတော်ကြီးသည် သံတွဲမြို့ မြို့တော်ခန်းမတွင် ငြိမ်းချမ်းရေး တရားကို ဟောကြားခဲ့ခြင်း ဖြစ်ကြောင်း၊ စိတ်ရှည် သည်းခံရန်နှင့် ကောလဟလများကို မယုံကြည်ကြရန် ဟောပြောခဲ့ကြောင်း သံတွဲမြို့ အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့် ရှောက်ရေး ရဟန်းတော်များအဖွဲ့ ဥက္ကဌ နိရဥ္စရာသို့ မိန့်ကြားသည်။

ဦးကောသလက“ ဟောကြားသွားတာကတော့ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်ဖို့ဘဲ အဓိကဦးတည် ဟောကြားပါ တယ်။ ကောလဟလ တွေကို မယုံကြဖို့၊ ကောလဟလတွေကို ယုံကြည်လို့ရှိရင် ပြဿနာတွေ ကြီးထွား လာတတ်တယ်။ မငြိမ်းချမ်းဘူးပေါ့။ အဲလို ဆရာတော်က ဥပမာလေးတွေပေးပြီး ဟောကြားသွားတာ ဖြစ်ပါတယ်” ဟု ပြောသည်။

သံတွဲမြို့၊ မြို့တော်ခန်းမတွင် တရားပွဲတော်ကိုနေ့လည် ၃ နာရီခွဲမှ ညနေ ၅ နာရီခွဲထိ် ဟောပြောခဲ့ရာ တရားနာ ပရိတ်သတ်ခန်းမပြည့် လာရောက် နာကြားခဲ့ကြသည်ဟု သိရသည်။

ဆရာတော်ကြီးသည် သံတွဲမြို့နယ် ပဋိပက္ခအတွင်း ဒုက္ခရောက်ခဲ့ကြရသူများအားလည်း အလှူအတန်းများ ပေးဝေသွားမည်ဟု သိရသည်။

အလားတူ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ ဥက္ကဌ ဒေါက်တာအေးမောင်၊ လွှတ်တော် အမတ်များဖြစ် ကြသော ဦးဘရှိန်၊ ဦးဖေသန်း၊ ဦးထွန်းအောင်ကျော်၊ ပါတီဝင်များ ဖြစ်ကြသည့် ဦးသာထွန်းလှနှင့် ဦးစံကျော်လှတို့လည်း သံတွဲမြို့ကို ရောက်ရှိနေကြောင်း သိရသည်။

“ သံတွဲကိုလာတာက ကျနော်တိုု့လည်း ကျေညာချက် ထုတ်ပြန်ထားတာလည်း ရှိတယ်။ တစ်အချက်က သံတွဲကို တည်ငြိမ် အေးချမ်းတဲ့ ပတ်ဝန်းကျင်ကို ဖြစ်စေချင်တယ်။ သံတွဲမှာ အမျာအားဖြင့်ရခိုင်ရယ်။ ဒီဘက်မှာ အစ္စလာမ်ဘာသာ ကိုးကွယ်တဲ့သူတွေ ရှိပါတယ်။ တည်ငြိမ်အေးချမ်တဲ့ ပတ်ဝန်းကျင် ဖြစ်အောင် ကြိုးစားကြည့်တဲ့ သဘောပါ” ဟု RNDP ပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်က ပြောသည်။

ထို့အပြင် တည်ငြိမ်မူရှိရန် မတည်ငြိမ်မူများကို ဖြစ်စေသော အကြောင်းတရားများကို ဖေါ်ထုတ်ရန် လိုအပ် ကြောင်း သူက ပြောသည်။

“ ဖမ်းဆီး ခံထားရသူတွေကို နှစ်သိမ့်အားပေးဖို့ရယ်- တွေ့ဆုံဖို့ရယ်။ အပြစ်ရှိခြင်း- မရှိခြင်းကို ပြန်လည် စိစစ်ပေးဖို့နဲ့ တရားဥပဒေ စိုးမိုးမူအောက်က စီရင်ဆုံးဖြတ်ဖို့၊ သူတို့ရဲ့ အမှုတွေကို လေ့လာဆန်းစစ်ဖို့နဲ့ ဆေးရုံရောက်နေကြတဲ့ မိသားစုတွေကို ထောက်ပံ့ကူညီပေးဖို့ စတဲ့ ရည်ရွယ်ချက်တွေလည်း ပါ၀င်ပါတယ်” ဟု ဒေါက်တာ အေးမောင်က ပြောသည်။

ဒေါက်တာ အေးမောင်နှင့် အဖွဲ့သည် ပဋိပက္ခတွင် ပါ၀င်သည်ဟု စွပ်စွဲဖမ်းဆီးခံထားရသူ သံတွဲမြို့နယ် RNDP ဥက္ကဌ မိသားစုများအပါအဝင် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးမှ ပုဂ္ဂိုလ်များ၏ မိသားစုများ၊ နာရေး ကူညီမှု အသင်းနှင့် လူမှုကွန်ယက်အဖွဲ့မှ ဖမ်းဆီးခံထားရသူများ၏ မိသားစုများ၊ ဒဏ်ရာရရှိသူ မိသားစု များထံ သွားရောက် တွေ့ဆုံပြီး အားပေး စကားပြောကြား ခဲ့သည်ဟု သိရသည်။

Most read this week