မနက်ဖြန်အောက်တိုဘာလ (၈) ရက်နေ့မှ စတင်၍ သုံးရက်ကြာ ကျင်းပမည့် KIO နှင့် အစိုးရ ကိုယ်စားလှယ် တို့၏ ဆွေးနွေးပွဲတက်ရောက်ရန်အတွက် အဖွဲ့ အစည်းအသီးသီး၏ ခေါင်းဆောင်များ မြစ်ကြီးနား မြို့သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သက်ဆိုင်ရာအဖွဲ့အစည်း ခေါင်းဆောင် များက ပြောသည်။
KIO အဖွဲ့ကို ဆရာဇွန်လွတ်ဂမ်က ဦးဆောင်၍ ဒုတိယ စစ်ဦးစီးချုပ်ဗိုလ်ချုပ် ဂွမ်မော်၊ ဗိုလ်မှူးကြီး လဖိုင် ဇော်ရော်၊ ဗိုလ်မှူကြီး ဇော်တောင်တို့ အပါအဝင် တွေ့ဆုံ ဆွေးနွေးရေး ကိုယ်စားလှယ် (၈) ဦးတို့ အပြင် အခြား အဆင့် ကိုယ်စားလှယ် များလည်း တက်ရောက် ကြမည် ဖြစ်သည်။
ထို့အပြင် ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် မစ္စတာ ဗီဂျေ နမ်ဘီးယားနှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် လက်ထောက် အကြံပေး အရာရှိ မစ္စစ် မာရီယန် ဟေဂန် တို့လည်း အဆိုပါ ဆွေးနွေးပွဲ တက်ရောက်ရန် အတွက် ယမာန်နေ့ ကပင် မြစ်ကြီးနားသို့ ရောက်ရှိနေပြီး တရုတ် နိုင်ငံမှ လေ့လာသူ ကိုယ်စားလှယ် (၅) ဦး တက်ရောက်မည် ဖြစ်သည်။
မြန်မာ့ ငြိမ်းချမ်ရေး စင်တာမှ တွေ့ဆုံဆွေးနွေးရေး အဖွဲ့ ခေါင်းဆောင် ပြည်ထောင်စု ငြိမ်းချမ်ရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မီတီ ဒု-ဥက္ကဋ္ဌ ဦးအောင်မင်းဦးဆောင်၍ ကာကွယ်ရေး ဦးစီးချုပ်၏ အထူး အာဏာလွှဲအပ်ခြင်း ခံရသူ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး အပါအဝင် ကိုယ်စားလှယ် (၂၆) ဦးတို့ ယနေ့တွင် မြစ်ကြီးနားသို့ လေကြောင်း ခရီးဖြင့် ရောက်ရှိ နေပြီ ဖြစ်ကြောင်း ဦးညိုအုန်းမြင့်က ပြောသည်။
ယခု တစ်ကြိမ် ပြုလုပ် ကျင်းပသည့် နှစ်ဖက် တွေ့ွဆုံပွဲအား ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အလုပ်အဖွဲ့မှ ဦးညိုအုန်းမြင့်က KIO နှင့် UPWC တို့၏ ပြည်ထောင်စု အဆင့်တွေ့ဆုံ ဆွေးနွေးပွဲ ဖြစ်သည်ဟု ပြောသည်။
သို့သော်လည်း KIO ၏ နည်းပညာ အထောက် အကူပြု အဖွဲ့ ပြောရေး ဆိုခွင့် ရှိသူ ဆရာဒေါင်းခါးမှ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မီတီနှင့် KIO တို့၏ ရရှိ ထားသော သဘော တူညီချက် များကို ပြန်လည် သုံးသပ်သည့် တွေ့ဆုံပွဲသာဖြစ်သည်ဟု ဆိုသည်။
ယခု အကြိမ် ဆွေးနွေး ပွဲသည် ပြီးခဲ့သည့် မေလ ကုန်၌ နှစ်ဖက် ကိုယ်စား လှယ်များ မြစ်ကြီးနား မြို့၌ တွေ့ဆုံ ခဲ့ကြစဉ် နှစ်ဖက် သဘောတူ ထားသည့် အချက် (၇) ချက်အား ပြန်လည် သုံးသပ်ဆွေးနွေး ကြမည်ဖြစ်ရာ အဓိက အကြောင်းအရာ (၅) ခု ဖြစ်သည့် နှစ်ဖက် တပ်နေရာ ချထားရေး၊ အပစ်အခတ် ရပ်စဲရေး စောင့်ကြည့်ရေး၊ ဒုက္ခသည် ပြန်လည် နေရာချထားရေး၊ နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပနိုင်ရေး၊ တစ်ပြည်လုံး အတိုင်းအတာ အပစ် အခတ် ရပ်စဲရေး ကိစ္စရပ် များအား သုံးသပ်ဆွေးနွေးရန် ရှိသည်။
ယင်းဆွေးနွေးပွဲသို့ အခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၁ ဖွဲ့အား တက်ရောက်ရန် ဖိတ်ကြား ထားသည့်အနက် အဖွဲ့ ၈ ဖွဲ့မှ ကိုယ်စား လှယ်များ မြစ်ကြီး နားသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ မြစ်ကြီးနား မြို့အခြေစိုက် တရားဝင် နိုင်ငံရေး ပါတီ (၉) ခုမှ ကိုယ်စားလှယ်များအားလည်း လေ့လာသူအဖြစ် တက်ရောက်ရန် ဖိတ်ကြား ထားသည်ဟု ဆရာ ဒေါင်းခါးက ပြောသည်။
မြန်မာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) မှ ဥက္ကဋ္ဌ ရဲဘော်သံခဲနှင့် မြောက်ပိုင်း ဥက္ကဋ္ဌ ဦးလာဆိုင်းသို့ တက်ရောက်မည် ဖြစ်ကြောင်း ကျောင်းသား တပ်မတော် မြောက်ပိုင်းမှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးမင်းဌေးက ပြောသည်။
ရှမ်းပြည်တောင်ပိုင်း တပ်မတော်မှ ဗိုလ်မှူးကြီး စိုင်းလနှင့် အခြား ကိုယ်စားလှယ်တစ်ဦး တက်ရောက်မည် ဖြစ်ကြောင်း ဗိုလ်မှူးကြီး စိုင်းလက ပြောသည်။
ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦးမှ စစ်ဦးစီးချုပ်နှင့် အခြား ကိုယ်စားလှယ်တစ်ဦး တက်ရောက်မည် ဖြစ်ကြောင်း အတွင်းရေးမှူး ဒုတိယ ဗိုလ်မှူးကြီး တားဘုန်းကျော်က ပြောသည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ (၁၁) ဖြစ်သည့် KNU, KNPP, CNF, NMSP, SSPP/SSA, RCSS/SSA, UWSP, NDAA (မိုင်းလား), PSLF/TNLA, PNLO, ABSDF အဖွဲ့များတို့ တက်ရောက်ရန်ရှိပြီး လေ့လာသူများ အပါအဝင် စုစုပေါင်း ကိုယ်စားလှယ် (၁၀၀) နီးပါး တက်ရောက် ကြမည် ဖြစ်သည်။
သို့သော်လည်း ယခု ဆွေးနွေးပွဲစတင်မည့် အချိန်အထိ KIA ထိန်းချုပ်ဒေသ ဗဟိုဌာနချုပ်ဂွင် တပ်မဟာ (၅) ဧရိယာနှင့် ဗန်းမော်ခရိုင် တပ်မဟာ (၃) ဒေသတို့၌ အစိုးရတပ်၏ စစ်ရေးလှုပ်ရှာ မှုများ ရှိခဲ့သဖြင့် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားခဲ့သည့်အခြေအနေများသည် ယခု ဆွေးနွေးပွဲ အတွက် စိန်ခေါ် ချက်များ ဖြစ်နိုင်သည်ဟု နယ်စပ် အခြေစိုက် စစ်ရေးသုံးသပ်သူ ဦးအောင်ကျော်ဇောက ဆိုပါသည်။
ယခု ဆွေးနွေး ပွဲသည် ပြီးခဲ့သည့် မေလကုန် ဆွေးနွေးပွဲမှ ရရှိ ထားသည့် သဘော တူညီချက်ကို ဒုတိယ အကြိမ် ပြန်လည် သုံးသပ်သည့် ဆွေးနွေးပွဲဟု KIO ဘက်က ဆိုပြီး ယခုအကြိမ် အပါအဝင် အစိုးရ ကိုယ်စားလှယ်များနှင့် တရားဝင် (၉) ကြိမ်နှင့် အလွတ် သဘော (၅) ကြိမ်ခန့် တွေ့ဆုံ ခဲ့ကြပြီး ဖြစ်သည်။