တောင်ငူခရိုင်၊ သံတောင်မြို့နယ်တွင် ကရင်အမျိုးသားအစည်းအရုံး KNU ၏ တပ်သားနှစ်ဦးကို အောက်တို ဘာ ၁ရက်နေ့က မြန်မာအစိုးရစစ်တပ်ဖမ်းဆီးခေါ်ဆောင်သွားရာ ယခုအချိန်အထိ ပြန်မလွှတ်ပေးသေး ကြောင်း KNU တောင်ငူခရိုင်တာဝန်ရှိ သူများက ပြောသည်။
တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခြေမြန်တပ်ရင်း(ခမရ-၄၄၀)၏ ဒုရင်းမှူးရဲထွန်း ဦးဆောင်သော စစ်ကြောင်းသည် KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း ၅ မှ တပ်သားစောအောင်ကိုလတ်နှင့် စောနေမူးတို့ကို သံတောင်မြို့နယ်၊ သံမိုးတောင်လမ်းခွတွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ကေအဲန်ယူ၊ တောင်ငူခရိုင် ဥက္ကဌ ပဒိုစောအယ်ဝါးက “သူတို့နှစ်ယောက်ဟာ အထက်ကညွှန်ကြားချက်၊ ခွင့်ပြုချက်နဲ့ အခွန် ကောက်ဖို့ လမ်းမှာ ယာယီဂိတ်ဖွင့်ထားတယ်။ ဂိတ်ဆိုတာက လူနဲ့ပဲလမ်းမှာစောင့်ပြီး ဖာလာရောင်းဝယ်သူတွေထံက အခွန် ကောက်တာပေါ့။ အဲဒါကို အစိုးရတပ်ဘက်က သွားဖမ်းပြီး တောင်ငူအမှတ်(၃) ရဲစခန်းကို သွားအပ်လိုက်တယ်”ဟု ကေအိုင်စီ သို့ ပြောသည်။
မည်သည့်အကြောင်းကြောင့် အစိုးရတပ်ဖမ်းဆီးသည်ကိုမသိရှိကြောင်းနှင့် KNU အနေဖြင့် တပ်တွင်းလို အပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရန် မူပေါ်လစီအရလုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ KNU တပ်မဟာ(၂) စစ်ဆင်ရေးမှူးက တောင်ပိုင်းတိုင်းစစ်ဌာ နချုပ်၊ သစ်တောဌာနနှင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးဌာနထံ ပြီးခဲ့သည့် သြဂုတ်လက ကြိုတင်အကြောင်းကြားထားခဲ့သည်ဟု ဆိုသည်။
KNU တာဝန်ရှိသူများနှင့် ၎င်းတို့၏ဆွေမျိုးသားချင်းများက တောင်ငူအမှတ်(၃) ရဲစခန်းသို့ ဖမ်းဆီးခံရသည့် KNLA တပ်သားနှစ်ဦးကိစ္စအား သွားရောက်မေးမြန်းစုံစမ်းရာ တောင်ငူထောင်သို့ ပို့လိုက်ပြီဖြစ်ကြောင်း ပဒိုစောအယ်ဝါးက ပြောသည်။
တောင်ငူခရိုင်၌ လက်ရှိ ဖာလာပေါက်စျေး တစ်ပိဿာ ငွေကျပ်နှစ်သောင်းကို ကျပ်နှစ်ရာနှုန်းဖြင့်ကေအဲန် ယူမှ အခွန်ကောက်ခံလျှက်ရှိပြီး မကောက်ခံမှီစာရွက်စာတမ်းများနှင့်တကွ ရှင်းပြထားသည်ဟုလည်း ပဒိုစောအယ်ဝါးက ဆက်ပြောသည်။
ထိုဒေသတွင် KNU အနေဖြင့် အခွန်ဂိတ်ကြီး သို့မဟုတ် အခွန်ပေးဆောင်ရသည့် နေရာတစ်ခုခုကို သတ်မှတ် လိုက်ပါက အခွန်သွားရောက်ပေးဆောင်ရန် အဆင်မပြေနိုင်သဖြင့် လမ်းများတွင် ယာယီဂိတ်ဖွင့်၍ အခွန်ကောက်ခံခြင်းကို ဖာလာကုန်သည်နှင့် ပွဲစားများကကျေနပ်မှုရှိကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။
အလားတူ ပြီးခဲ့သည့်သြဂုတ်လ ၂၆ ရက်နေ့တွင်လည်း ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့ရှိ ဒီမိုကရေစီ ကရင်အကျိုးပြုတပ်မတော်(ဒီကေဘီအေ) ဌာနချုပ်လက်အောက်ခံ အထူးစစ်ကြောင်းတပ်ဖွဲ့မှ ဒုဗိုလ်အဆင့် ရှိသူတစ်ဦးကို မြန်မာအစိုးရတပ်က ဖမ်းဆီးခဲ့ပြီး ယခုအထိ ပြန်လွှတ်ပေးခြင်း မရှိသေးပေ။