အပစ်ရပ်အဖွဲ့များနှင့် ပြည်နယ်ကျန်းမာရေးဦးစီးဌာနတို့ ဒေသတွင်း ကျန်းမာရေး စောင့်ရှောက်မည်

အပစ်ရပ်အဖွဲ့များနှင့် ပြည်နယ်ကျန်းမာရေးဦးစီးဌာနတို့ ဒေသတွင်း ကျန်းမာရေး စောင့်ရှောက်မည်
by -
ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ်ဒေသတွင်း အပစ်အခတ်ရပ်အဖွဲ့ ၆ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော လူထုကျန်းမာရေး နှင့်ဖွံ့ဖြိုးရေးကွန်ယက် Civil Health and Development Network-CHDN အဖွဲ့နှင့် ပြည်နယ်ကျန်း မာရေးဦးစီးဌာနရှိ တာဝန်ရှိသူများ ပူးပေါင်းပြီး  ဒေသတွင်း ကျန်းမာရေးစောင့်ရှောက်မှု အဆင့်မြင့်တင်ရေး လုပ်ငန်းများကို စတင်ဆောင်ရွက်နိုင်ရန် အစီအစဉ်များ ရှိနေသည်ဟု CHDN မှ ဒါရိုက်တာ ဖိလစ်က ပြောသည်။

“လူထုကျန်းမာရေး လုပ်ငန်းဆိုင်ရာတွေကို ဆွေးနွေးခဲ့ကြတယ်။ မကြာခင် သင်တန်းတွေ စလုပ်တော့မယ်။ ကုသမှု တမျိုးတည်းဖြစ်အောင်ပေါ့။ အရင်ဆုံး TB နဲ့ ငှက်ဖျားကို လုပ်မယ်။ ဝန်ထမ်းတွေကို သင်တန်းလုပ်ပြီးတော့ ကွင်းဆင်းမယ်” ဟု CHDN မှ ဒါရိုက်တာ ဖိလစ်က ပြောသည်။

ကျန်းမာရေးဦးစီးဌာနနှင့် နည်းပညာဆိုင််ရာများ အကူအညီပေးရေးလုပ်ငန်းများ စတင်ဝင်ရောက်လုပ် ကိုင်နေသည့် IRC-International Rescue Committee  အဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် ပြီးခဲ့သည့် စက်တာဘာလ ၂၅ ရက်နေ့တွင် လွိုင်ကော်မြို့၌ CHDN အဖွဲ့ကိုယ်စားလှယ်များနှင့် ပြည်နယ်ကျန်းမာရေးဦးဌာနမှ တာဝန်ရှိသူများက ဒေသတွင်း ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများနှင့် ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

CHDN အဖွဲ့နှင့် ပြည်နယ်ကျန်းမာရေးဦးစီးဌာနတို့ အဓိကထားဆွေးနွေးထားကြရာတွင် AIDS ၊ TB ၊ငှက်ဖျားရောဂါ ၊ ငါးနှစ်အောက်ကလေးငယ်များနှင့် မိခင်များ သေနှုန်းလျှော့ချရေး ကိစ္စများပူးပေါင်း ဆောင်ရွက်သွားကြမည်ဟု ပြည်နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာမောင်မောင်ဦးက ပြောသည်။

“CHDN နဲ့ ကျနော်တို့နဲ့ IRC ရယ် သုံးခုပေါင်းပြီးတော့ ပူးပေါင်းဖို့ပါ။ တကယ်လုပ်မှာက သူတို့ပါ၊ ကျနော်တို့က နည်းပညာဆိုင်ရာပံ့ပိုးပါတယ်။ ကျနော်တို့ဌာနက လုပ်တာနဲ့ သူတို့ဌာနက လုပ်တာနဲ့ ထပ်တူထပ်မျှပေါ့ ဘက်ညီသွားအောင်လို့ပါ”  ဟု ဒေါက်တာမောင်မောင်ဦးက ပြောသည်။

ကျန်းမာရေးဦးစီးဌာနမှ အခြေခံကျန်းမာရေးဝန်ထမ်းများ ၊ ကျန်းမာရေးဝန်ထမ်းများကို မွမ်းမံသင်တန်းများ ပို့ချပေးခြင်း ၊ နည်းပညာဆိုင်ရာ အကြံအဉာဏ်များပေးခြင်းတို့ ပြုလုပ်ပေးသွားမည်ဟု သိရသည်။

CHDN အဖွဲ့သည် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ၊ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေးတပ်ဦး KNPLF ၊ ကယန်းပြည်သစ်ပါတီ KNLP၊ ကရင်နီအမျိုးသား စည်းလုံးညီညွတ် ရေးအဖွဲ့ KNSO၊ ကရင်နီအမျိုးသား ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးပါတီ KNPDP၊ ကယန်းအမျိုးသားကာကွယ် ရေးတပ် KNG တို့ ပူးပေါင်းဖွဲ့စည်းထားသည့် အဖွဲ့ဖြစ်သည်။