သံတွဲပဋိပက္ခသည် သူ၏ခရီးစဉ်နှင့် ချိန်ကိုက်လုပ်ဆောင်သည်ဟု သမ္မတသံသယရှိ

သံတွဲပဋိပက္ခသည် သူ၏ခရီးစဉ်နှင့် ချိန်ကိုက်လုပ်ဆောင်သည်ဟု သမ္မတသံသယရှိ
by -
မဇ္စျိမ

သံတွဲမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများသည် သမ္မတ၏ ရခိုင်ခရီးစဉ်နှင့် အချိန်ကိုက်လုပ်ဆောင်ခဲ့သည်ဟု သံသယရှိကြောင်း သမ္မတ ဦးသိန်းစိန်က အောက်တိုဘာလ ၃ရက် နံနက်က သံတွဲမြို့ အဏ္ဏဝါရိပ်သာ၌ နှစ်ဘက် ရပ်မိရပ်ဖများနှင့် တွေ့ဆုံစဉ် ပြောကြားလိုက်သည်။

သံတွဲမြို့အနီးရှိ ကျေးရွာများကို လာရောက်မီးရှို့ ဖျက်ဆီးသူများသည် ထိုကျေးရွာသားများကိုယ်တိုင် မဟုတ်ဘဲ ပြင်ပကျေးရွာများမှ လာရောက်သူများဖြစ်ကြောင်း အထောက်အထားများ ရရှိထားသည်ဟုလည်း သမ္မတက ဆိုသည်။

"စစ်တွေ၊ မြောက်ဦး၊ ကျောက်တော်၊ မောင်တောနယ်မြေများသို့ မိမိရောက်နေချိန်တွင် သံတွဲမြို့နယ်အတွင်း သာမန် အငြင်းပွားမှုတစ်ခုမှ စတင်၍ ပဋိပက္ခအချို့ ပေါ်ပေါက်ခဲ့ကြောင်း၊ မိမိခရီးစဉ်နှင့် အချိန်ကိုက် လုပ်ဆောင်ခဲ့သည်ဟုပင် သံသယဖြစ်စရာ အကြောင်းများရှိသည်"ဟု သမ္မတက ပြောကြားခဲ့ကြောင်း သမ္မတရုံး ဝဘ်ဆိုက်တွင် ထုတ်ပြန်ထားသည်။

ထို့ကြောင့် သွေးထိုးလှုံ့ဆော်သူများနှင့် ပြစ်မှုကျူးလွန်သူများကို ဖော်ထုတ်ဖမ်းဆီးနိုင်ရန် အားလုံးပူးပေါင်း ဆောင်ရွက်မှသာ ပြဿနာ၏ အရင်းအမြစ်ကို ရှင်းလင်းနိုင်မည်ဖြစ်ပြီး ရခိုင်ဒေသတွင် တရားဥပဒေစိုးမိုးမှုရှိစေရန် ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပေးထားသည့် နည်းလမ်းအားလုံးကို အသုံးပြုကာ လူမျိုး၊ ဘာသာမခွဲခြားဘဲ တရားဥပဒေအတိုင်း ဆောင်ရွက်သွားမည်ဟု ပြောကြားလိုက်သည်။

စက်တင်ဘာ ၂၈ ရက်မှ စတင်ခဲ့သော ပဋိပက္ခကြောင့် ဖြစ်ပွားခဲ့သော သံတွဲပဋိပက္ခဖြစ်စဉ်တွင် နေအိမ် တစ်ရာခန့် ပျက်စီးပြီး အိမ်ထောင်စု ၄၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သဖြင့် ဒုက္ခသည်များကို ယာယီတဲများ ဆောက်လုပ်ပေးထားပြီး လုံခြံုရေးများချထားပေးကာ နေအိမ်များ ပြန်လည်ဆောက်လုပ်ရာတွင်အစိုးရအဖွဲ့ က ကူညီပံ့ပိုးပေးရန်လည်း  သမ္မတက ညွှန်ကြားခဲ့သည်ဟု သံတွဲမြို့ ပြည်နယ်လွှတ်တော်ကိုယ် စားလှယ် ဦးအောင်နိုင်ဦးက ဆိုသည်။

သံတွဲမြို့တွင် လက်ရှိ လုံခြံုရေးရဲအင်အား ၂၅၀ နှင့် စစ်တပ်အင်အား၂၀၀ ခန့်ချထားပြီး ဒေသတည်ငြိမ်လျှက် ရှိ သည်ဟု အစိုးရအဖွဲ့က ဆိုသည်။