အစိုးရနှင့်ကချင်ပြည်နယ် လွတ်လပ်ရေးအဖွဲ့ KIO နည်းပညာ အထောက်အကူပြုအဖွဲ့တို့သည် အောက်တိုဘာ ၈ ရက်မှ ၃ ရက်ကြာပြုလုပ်မည့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် အကြိုဆွေးနွေးပွဲ တစ်ရပ် ကို အောက်တိုဘာ ၂ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။
မြစ်ကြီးနားမြို့ KIO ဆက်ဆံရေးရုံးတွင် ပြုလုပ်သည့် ယင်းဆွေးနွေးမှုအတွင်း စစ်ပြေးဒုက္ခသည်များအရေး၊ တပ်ပိုင်းဆိုင်ရာကိစ္စများ၊ နိုင်ငံရေး ဆွေးနွေးမှုများတွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲ ကိစ္စဟူ၍ အပိုင်းနှစ်ပိုင်း ဆွေးနွေးရန်နှင့် အထွေထွေကိစ္စများ ဆွေးနွေးရန် စသည့်အချက် ငါးချက် ဆွေးနွေးခဲ့ကြသည်ဟု မြန်မာငြိမ်းချမ်းရေးစင်တာ MPC မှ ဦးလှမောင်ရွှေက ပြောသည်။
KIO ပြောရေးဆိုခွင့်ရှိသူ ဆရာဒေါင်ခါးက “နှစ်ဖက် တိုးတက်မှု အခြေအနေ၊ IDP ကိစ္စကို မူတခုကျအောင် လုပ်မယ်။ တပ်ပိုင်းဆိုင်ရာကိစ္စမှာ Join Minitoring Committee ပါမယ်။ ဖွဲ့စည်းပုံပါမယ်။ တပ်နေရာ ဆွေးနွေးမယ်။ နိုင်ငံရေး ဆွေးနွေးပွဲကို လုပ်သွားမယ်ဆိုတဲ့အထဲမှာ တစ်နိုင်လုံး အပစ်အခတ်ရပ်စဲ လက်မှတ်ထိုးမယ်ဆိုတာနဲ့ အခြားကိစ္စတွေ ဆွေးနွေးဖို့ ပြင်ဆင်ထားပါတယ်” ဟု ပြောသည်။
ယမန်နေ့ နံနက် ၁၀ နာရီခွဲမှ ညနေ ၄ နာရီချိန်အထိကျင်းပခဲ့သော ယင်းတွေ့ဆုံဆွေးနွေးပွဲသို့ MPC မှ ဦးလှမောင်ရွှေ ဦးဆောင်သော ကိုယ်စားလှယ်များ၊ ကချင်ပြည်နယ် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး နိုင်အောင်တို့ အပါအဝင် ခုနစ်ဦး တက်ရောက်ခဲ့ပြီး KIO ဘက်မှ ဗိုလ်မှူးကြီးလအောင် ဦးဆောင်သော ကိုယ်စားလှယ်ရှစ်ဦး တက်ရောက် ဆွေးနွေးခြဲ့ကသည်။
အစိုးရတပ်၏ တပ်တည်နေရာပြမြေပုံနှင့်ပတ်သက်၍ လာမည့်ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တွင် အသေးစိတ်ဆွေးနွေးရန် အစိုးရဘက်မှ ပြောဆိုလာမှုကို KIO ကလည်း သဘောတူခဲ့ကြသည်ဟု ဆရာဒေါင်ခါးက ပြောသည်။
လာမည့် နို၀င်ဘာလအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲသို့ KIO အနေဖြင့် တက်ရောက်ရန် ရှိမရှိအား မေးမြန်းမှုအပေါ် ယခုအချိန်မပြောနိုင်သေးကြောင်း ဆရာဒေါင်ခါးက မဇိ်္စျမကို ပြောသည်။
“သူတို့ရဲ့ agenda ပေါ်မှာ မူတည်မှာပါ။ အခုအချိန်မှာ ဘာမှမပြောချင်ပါဘူး။ ဒါက နိုုင်ငံတကာအနေနဲ့ ညှိနှိုင်းနေတဲ့ ကိစ္စ ဖြစ်တယ်။ တစ်နိုင်ငံလုံးအနေနဲ့ အထူးအလေးထားပြီးတော့လုပ်နေတဲ့ ကိစ္စဖြစ်တယ်။ ကေအိုင်အို အနေနဲ့ လည်း ဒါကို carefully watch လုပ်နေတယ်။ အခုအချိန်မှာ တစ်စုံတစ်ရာ feedback မပေးချင်ပါဘူး” ဟု သူက မဇိ်္စျမကို ပြောသည်။
၂၀၁၁ ခုနှစ် ဇွန်လမှစတင်၍ KIO နှင့်အစိုးရ အပစ်ရပ်စဲမှုပျက်ပြယ်သည့် ၂ နှစ်တာကာလအတွင်း နှစ်ဖက်ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ၁၃ ကြိမ်တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် ပြီးခဲ့သည့်မေလတွင် ကျင်းပသော မြစ်ကြီးနားမြို့ဆွေးနွေးပွဲ၌ နှစ်ဖက်စစ်ရှိန်လျှော့ချရန်နှင့်စစ်မှန်သောငြိမ်းချမ်းရေးရရှိရန်ဦး တည်၍ အချက် ရ ချက်ပါ သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်သည်။
အဆိုပါသဘောတူညီချက်အရ လိုအပ်သောလုပ်ငန်းစဉ်များညှိနှိုင်းဆောင်ရွက်နိုင်ရန် KIO ကိုယ်စားလှယ်နှင့် အလုပ်အဖွဲ့ Technical Team ကို မြစ်ကြီးနားမြို့တွင် ဖွင့်လှစ်ထားရှိခဲ့ခြင်း ဖြစ်သည်။
KIO ကချင်လွတ်မြောက်ရေးအဖွဲ့သည် ၂ဝ၁၁ ခုနှစ်တွင် အစိုးရနှင့်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည့် နောက်ပိုင်း ဆွေးနွေးမှုများအကြိမ်ကြိမ် ပြုလုပ်ဆောင်နိုင်ခဲ့သော်လည်း အပစ်အခတ်ရပ်စဲရေးစာချုပ်ကို လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးပေ။