ရန်ကုုန်တိုုင်းစစ်ဌာနချုပ်သိမ်းဆည်းမြေများပြန်ပေးရန် ရန်ကုန်မြို့လယ်တွင်သပိတ်စခန်းဖွင့်ဆန္ဒပြ

ရန်ကုုန်တိုုင်းစစ်ဌာနချုပ်သိမ်းဆည်းမြေများပြန်ပေးရန် ရန်ကုန်မြို့လယ်တွင်သပိတ်စခန်းဖွင့်ဆန္ဒပြ
by -
မဇ္စျိမ

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ မိကျောင်းကန် အပိုင်း ၁၊ ၂၊ ၃ မြေများ သိမ်းယူမှု အတွက် လူအင်အား ၆၀၀ ခန့်တို့သည် ရန်ကုန်မြို့လယ် မဟာဗန္ဓုလပန်းခြံအနီးတွင် စက်တင်ဘာ ၂ ရက် နေ့လည်ပိုင်းမှစ၍ သပိတ်စခန်းဖွင့်ကာ ဆန္ဒပြလျက်ရှိသည်။

သပိတ်စခန်းဖွင့်ကာ ဆန္ဒပြတောင်းဆိုနေသူများက ညှိနှိုင်းမှုမရမချင်း သပိတ်စခန်းကို ရုပ်သိမ်းမည်မဟုတ် ဟုလည်း ဆိုသည်။

“ကျွန်တော်တို့ ဘိုးဘွားပိုင်မြေနေရာ ပြန်လည်ရရှိဖို့ သပိတ်စခန်းဖွင့်တာပါ။ မိကျောင်းကန်ပြည်သူတွေကို ကျေနပ် လောက်အောင် အဖြေလာမပေးမချင်း သပိတ်စခန်းဖွင့်လှစ်သွားမယ်”ဟု ဆန္ဒပြသူ ဦးစိန်သန်းက ပြောသည်။

သပိတ်စခန်းဖွင့်ပြီးနောက် ရန်ကုန်တိုင်းဒေသကြီး လုံခြံုရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဦးတင်ဝင်းသည် မြို့တော်ခန်းမအတွင်း၌ မိကျောင်းကန်မှ မူလပိုင်ရှင်များနှင့်ညှိနှိုင်းရာတွင် တိုင်းဒေသကြီး ၀န်ကြီးအပါအဝင် သက်ဆိိုင်ရာတာဝန်ရှိသူများနှင့် သပိတ်စခန်းဖွင့်ထားသူ ၁၀ ဦးတို့ တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

“ကျူးကျော်ဆိုလို့ သိမ်းတာပါလို့ ပြောတယ်။ ဂရမ်တင်ပြပေးပါတဲ့။ တစ်ချိန်က မိဘဘိုးဘွားတွေက စာမတတ်၊ ပေမတတ်တွေ ရှိပါတယ်။ အိမ်နံပတ်ရပြီးဆိုရင် အိမ်ပိုင်ပါပြီးဆိုပြီး ၀မ်းသာကြသူတွေပါ။ ဆွေးနွေးပြီးတော့ သပိတ်စခန်းကို ဖြုတ်သိမ်းပေးပါတဲ့။ မသိမ်းရင် အရေးယူသွားမယ်လို့ ပြောတယ်”ဟု ဆွေးနွေးရာတွင် ပါ၀င်သူ ကိုအောင်မျိုးဝင်းက ပြောသည်။

၀န်ကြီး ဦးတင်ဝင်းက“သက်ဆိုင်ရာ အထောက်အထားယူလာခဲ့၊ တင်ပြချင်တဲ့ကိစ္စတွေကို ရေးသားပြီး တင်ပြပေး။ ဆက်ပြီး တင်ပြပေးမယ်။ ဥပဒေမဲ့ ကိစ္စတွေ မလုပ်ပါနဲ့ ခွင့်ပြုချက်တောင်းရင် ဥပဒေနဲ့အညီ ခွင့်ပြုပေးနေတာ။ ဥပဒေဘောင်ကဆိုရင် ၀ိုင်းကူပေးမယ်။ ဥပဒေအပြင်ကဆိုရင် ၀ိုင်းကူလို့မရဘူး။ ဥပဒေအကြောင်း နားလည်သူ၊ အိုးအိမ်၊ မြေယာအဖွဲ့တွေပါတယ်။ ပိိုင်ဆိုင်မှု ရှိရင်ပြန်စစ်ပေးရမှာပေါ့။ အရင်က ရထားမြေဧရိယာဖြစ်တယ်။ ဂရမ်မရှိသူတွေလည်း တချို့တစ်ဝက်ရှိပါတယ်” ဟု ဆိုသည်။

ယင်းသို့ သပိတ်စခန်းဖွင့်လှစ်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး မိကျောင်းကန် အပိုင်း ၁၊၂၊ ၃ မှ မူလပိုင်ရှင် များမြေနေရာ ပြန်လည်ရရှိရေးအတွက်  ဆန္ဒဖော်ထုတ်မှုကို ခုနစ်ကြိမ် ပြုလုပ်ခဲ့ပြီး ဖြစ်သည်။

မိကျောင်းကန်အပိိုင်း ၁၊၂၊၃ မြေနေရာများကို ယခုဆန္ဒပြသည့် မူလပိုင်ရှင်များထံမှ ၁၉၉၁ ခုနှစ်တွင် ရန်ကုန်တိုင်း စစ်ဌာနချုပ်က သိမ်းယူခဲ့ပြီး သီးပင်၊ စားပင် စိုက်ပျိုးသူများကို အငှားချထားပေးခဲ့သည်။

ယင်းအငှားချထားသူများကို ပြီးခဲ့သည့် ဇွန်လအတွင်းက နေရာပြောင်းရွှေ့ခိုင်းရာတွင် အင်အားသုံး ဖြေရှင်းခဲ့သည့်နောက် တပ်စည်ပင်က လွဲပြောင်းယူခဲ့ပြီး ခြံစည်းရိုးများကာထားခဲ့သည်။