ရခိုင်ပြည်နယ် သံတွဲမြို့တွင် ဖြစ်ပွားသော ပဋိပက္ခတွင် ကျူးလွန်သူများကို ထိရောက်စွာ အရေးယူရန် သမ္မတ ဦးသိန်းစိန်က အောက်တိုဘာ ၂ ရက်တွင် တိုက်တွန်းပြောကြားခဲ့ကြောင်း သမ္မတနှင့် တွေ့ဆုံခဲ့သူ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်လှိုင်က မဇ္ဈိမကို အတည်ပြုပြောကြားသည်။
သမ္မတ ဦးသိန်းစိန်၏ ရခိုင်ပြည်နယ် ခရီးစဉ် ဒုတိယမြောက်နေ့အဖြစ် အောက်တိုဘာ ၂ ရက်တွင် ပဋိပက္ခ များဖြစ်ရာ သံတွဲမြို့သို့ ရောက်ရှိခဲ့ပြီး ယင်းသို့ပြောကြားခြင်းမှာ ငပလီကမ်းခြေအနီး အဏ္ဏဝါ တည်း ခိုရိပ်သာတွင် ဖြစ်သည်။
သမ္မတရောက်ရှိသည့်နေ့တွင်မူ သံတွဲမြို့၏ အခြေအနေမှာ တည်ငြိမ်လျက်ရှိသည်ဟု ပြည်နယ်အစိုးရအဖွဲ့ဝင် များက ပြောသည်။
ဦးမြင့်လှိုင်က “အိမ်ခြေ ၁၀၀ မီးလောင်ပြီး အိမ်ထောင်စု ၄၂၀ အိုးမဲ့အိမ်မဲ့ဖြစ်သွားတယ်၊ ကျူးလွန်တဲ့သူတွေ ကို ထိထိရောက်ရောက်အရေးယူဖို့ သမ္မတက တိုက်တွန်းတယ်”ဟု မဇ္ဈိမကို ပြောသည်။
စက်တင်ဘာ ၂၈ ရက်က စတင်ဖြစ်ပွားခဲ့သော ဖြစ်စဉ်သည် အောက်တိုဘာ ၁ ရက်တွင် ပြင်းထန်စွာဖြစ်ပွား ခဲ့ပြီး အိမ်ခြေ ၁၀၀ မီးလောင်ခဲ့ကာ အိမ်ထောင်စု ၄၂၀ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သည့်အပြင် လူငါးဦး သေဆုံးခဲ့ပြီး လေးဦးဒဏ်ရာရရှိခဲ့သည်ဟုလည်း ပဋိပက္ခဖြစ်ပွားရာ ကျေးရွာများသို့ ကာကွယ်ရေးဝန်ကြီးနှင့်အတူ သွားရောက် စာရင်းကောက်ယူခဲ့သူ သံတွဲမြို့ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လှိုင်က ပြောသည်။
ယင်းအပြင် သံတွဲတွင် လတ်တလော ဖြစ်ပွားနေသော ပဋိက္ခကို အမြန်ဆုံး ဖြေရှင်းနိုင်ရေးအတွက် တရားဥပဒေစိုးမိုးရေးကို အဓိကထား ဆောင်ရွက်ရန် လိုအပ်သည်ဟုလည်း သမ္မတက သံတွဲမြို့ အာဏာပိုင်အဖွဲ့အစည်းများကို တိုက်တွန်းခဲ့သည်ဟု သံတွဲမြို့နယ် ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းဝေက မဇ္ဈိမကိုပြောသည်။
၎င်းက “အခြားတော့ ဘာမှ မပြောသေးဘူး။ တရားဥပဒေစိုးမိုးရေးကို ထိထိရောက်ရောက် ဆောင်ရွက်ဖို့ပဲ ပြောတယ်”ဟု ဦးထွန်းဝေက ပြောသည်။
သမ္မတ ဦးသိန်းစိန်သည် အောက်တိုဘာ ၂ ရက်က စစ်တွေမြို့ရှိ အစိုးရအဖွဲ့တာဝန်ရှိသူများ၊ မြို့မိမြို့ဖ များနှင့် တွေ့ဆုံစဉ်ကလည်း တရားဥပဒေစိုးမိုးရေး အဓိက ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားခဲ့သည် ဟု ရခိုင်ပြည်နယ် ပြန်ကြားရေး တာဝန်ခံ ဦးဝင်းမြိုင်က မဇ္ဈိမကိုပြောသည်။
သမ္မတက တိုက်တွန်းခဲ့ခြင်းနှင့် ပတ်သက်ပြီး “ရခိုင်မှာဖြစ်တဲ့ကိစ္စဟာ တစ်နိုင်ငံလုံးနဲ့ဆိုင်တဲ့ ကိစ္စဖြစ်တယ်။ ဒါကြောင့် အစိုးရအဖွဲ့အနေနဲ့ တရားဥပဒေစိုးမိုးရေးကို အဓိကဆောင်ရွက်ဖို့ တိုက်တွန်းခဲ့တယ်” ဟု ဦးဝင်းမြိုင်ကပြောသည်။
သမ္မတဦးသိန်းစိန် သံတွဲမြို့ရောက်ရှိနေချိန်တွင် ပြည်ထဲရေးဝန်ကြီးဌာန ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊ သံတွဲမြို့ လွတ်တော်ကိုယ်စားလှယ် ဦးမြင့်လှိုင်နှင့်အတူ မီးရှို့ခံရသော ကျေးရွာများသို့ သွားရောက်ကာ ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ခဲ့သည်ဟုလည်း ဦးမြင့်လှိုင်က မဇ္ဈိမကို ပြောသည်။
လက်ရှိဖြစ်ပွားခဲ့သော ပဋိပက္ခတွင် သံတွဲမြို့နယ် နေအိမ်များမီးရှို့ခံခဲ့ရသည်မှာ မဲကျွန်းကျေးရွာတွင် ၁၀ လုံး၊ ပေါက်တော ကျေးရွာတွင် ၃၆ လုံး၊ သပြုချိုင် ကျေးရွာတွင် ၅၁ လုံးနှင့် သံတွဲမြို့တွင်းရှိ ရပ်ကွက်များတွင် ၄ လုံး၊ ဓာတ်ဆီဆိုင် တစ်ဆိုင်နှင့် ဗလီနှစ်လုံး ဖျက်ဆီးခံရသည်ဟုလည်း ဦးမြင့်လှိုင်က မဇ္ဈိမကို ပြောသည်။
ယင်းအပြင် အဆိုပါ ယင်းကျေးရွာများသို့ ကာကွယ်ရေးဝန်ကြီးနှင့်အဖွဲ့က သွားရောက်ခဲ့ပြီး အိုးမဲ့အိမ်မဲ့ဖြစ် သွားသူ ဒုက္ခသည်များကို ရွက်ဖျင်တဲနှင့် အဝတ်အထည်၊ စားသောက်စရာများ ပေးအပ်ခဲ့သည်ဟုလည်း ၎င်းဆိုသည်။
သံတွဲမြို့၏ လက်ရှိအခြေအနေမှာ တည်ငြိမ်လျက်ရှိပြီဟု သံတွဲမြို့အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။ စျေးများနှင့် ကျောင်းများကိုမူ ပိတ်ထားဆဲဖြစ်သည်ဟုလည်း ဒေသခံများက ဆိုသည်။
ထို့အတူ သံတွဲမြို့တွင် ဖြစ်ပွားသော အခြေအနေများနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ပေးခဲ့ပြီး ယင်းသတင်းကို အောက်တိုဘာ ၂ ရက် ည ရှစ်နာရီသတင်းတွင် ကြေညာခဲ့သည်။
ထုတ်ပြန်ချက်တွင် “နှစ်ဖက်စလုံးမှ ထိခိုက်ဒဏ်ရာရ သေဆုံးမှုအချို့ရှိသကဲ့သို့ အိုးအိမ်အချို့ ပျက်စီးဆုံးရှုံး ခဲ့ရသည်ကိုတွေ့ရှိရပါသည်။ အဆိိုပါ ထိခိုက်နစ်နာဆုံးရှုံးမှုနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတအနေဖြင့် ထိခိုက်နစ်နာခဲ့သည့်ပြည်သူများနှင့်ထပ်တူ ၀မ်းနည်းစိတ်မကောင်းဖြစ်ရပါသည်”ဟု ပါရှိသည်။