တရုတ်နယ်စပ် မူစယ်မြို့၌ ဓားဖြင့်ခုတ် ဆိုင်ကယ် လုယူမှုဆက်တိုက်ဖြစ်ပွားပြီးနောက် ဒေသခံများ ညအချိန် အပြင်မထွက်ရဲတော့ကြောင်း ဒေသတွင်း သတင်းအရ သိရှိရသည်။
“ည ရ နာရီခွဲလောက်ဆိုရင် လမ်းမကြီးကလွဲရင် လမ်းကြိုလမ်းကြားတွေမှာ လူမရှိတော့ဘူး။ မနက် အစောကြီး ထပြီးလည်း အပြင်မထွက်ရဲကြဘူး။ ကိုယ့်လုံခြုံရေးအတွက် စိုးရိမ်နေရတယ်” ဟု မူစယ်ဒေသခံ စိုင်းလိတ် က ပြောသည်။
ဓားပြတိုက်မှုဆက်တိုက်ဖြစ်ပွားနေသည့် အတောအတွင်း စက်တင်ဘာ ၂၆ မှ ၂၉ ထိ ၄ ရက်ဆက် တိုက် မီးပျက်ကြောင်း၊ စျေးအနီးရှိ အိမ်တအိမ်မှာ စက်တင်ဘာ ၂၇ ရက် ည ၁၁ နာရီ၌တကြိမ်၊ ၂၈ ရက် မနက် ၂ နာရီ၌ နောက်ထပ်တကြိမ် ဖောက်ထွင်းခံရကြောင်း ဆို၏။
“အိမ်ရှင်က အနီးပတ်ဝန်းကျင်ကို အကူအညီ လှမ်း တောင်းတယ်။ မှောင်မဲနေတော့ ဘယ်သူမှ အကူအညီမပေးမရဲကြဘူး။ အိမ်ရှင်လည်း အာဏာပိုင်တွေကို ဖုန်းဆက် အကူအညီတောင်းတယ်။ အာဏာပိုင်တွေ ရောက်လာ တော့ ဖောက်ထွင်းသမားတွေလည်း မရှိတော့ဘူး။ ပစ္စည်းတော့ မပါသွားဘူး” ဟု စျေးသည် တစ်ဦးက ပြောသည်။
စက်တင်ဘာ ၂၀ ရက်နေ့ ဆရာဝန်တင်ယင့်အား လူ ၂ ဦးက အိမ်ထဲသို့ဝင်ရောက်ကာ ဓားဖြင့်ခုတ်သည့် ဖြစ်ရပ်တခု ဖြစ်ပွားပြီးနောက် စက်တင်ဘာ ၂၃၊ ၂၄၊ ၂၅ - ၃ ရက်ဆက်တိုက် လမ်းသွားလမ်းလာများအား ဓားဖြင့်ခုတ်ကာ ဆိုင်ကယ်လုယူမှု ထပ်မံဖြစ်ပွားခဲ့သည်။