ဆင်ခြေထောက်ရောဂါ ကာကွယ်ဆေး ခြောက်နှစ်ဆက်တိုက် အလှူရှင်ရရှိ

ဆင်ခြေထောက်ရောဂါ ကာကွယ်ဆေး ခြောက်နှစ်ဆက်တိုက် အလှူရှင်ရရှိ
by -
မဇ္စျိမ

ပြည်တွင်းတွင် ဆင်ခြေထောက်ရောဂါ ကာကွယ်ဆေး တိုက်ကျွေးနိုင်ရန်အတွက် ခြောက်နှစ်ဆက်တိုက် အလှူရှင်ရရှိ ထားပြီး ယင်းဆေးလှူမည့်ကုမ္ပဏီမှာ ဂျပန်နိုင်ငံမှ Eisia ကုမ္ပဏီဖြစ်သည်ဟု  ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့(WHO)၏ ကျွမ်းကျင်မှုအရာရှိ ဦးမျိုးမြင့်က စက်တင်ဘာ ၂၇ ရက်တွင် ပြောသည်။

အဆိုပါ ကာကွယ်ဆေးမှာ ငါးနှစ်ဆက်တိုက် ကျွေးရခြင်းဖြစ်ပြီး Eisia ကုမ္ပဏီအနေဖြင့် ၂၀၂၀ ခုနှစ်အထိ ခြောက်နှစ် စာ လှူဒါန်းသွားမည်ဖြစ်ကာ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တိုက်ကျွေးသွားမည်ဖြစ် ရာ ကုမ္ပဏီအနေဖြင့် လာမည့် ၂၀၁၄ ခုနှစ်မှ စတင် လှူဒါန်းသွားမည်ဖြစ်သည်။

ကုမ္ပဏီမှ လှူဒါန်းရာတွင် ဆင်ခြေထောက်ရောဂါ ကာကွယ်ဆေး ဒီအီးစီဆေးပြား ၂ ဒသမ၂ ဘီလီယမ် လှူဒါန်း သွားမည်ဖြစ်သည်ဟုလည်း ဦးမျိုးမြင့်က ပြောသည်။

၎င်းက “ဆေးကို ကိုယ်ဘာသာကိုယ် မဝယ်နိုင်မှာစိုးလို့ ဘတ်ဂျက်မလောက်မှာစိုးလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အနေနဲ့ ဖြန့်ပေးတာ။ ဒီဆေးက သေစေလောက်တဲ့ ဆိုးကျိုးတွေ မရှိပါဘူး”ဟု ပြောသည်။

ဆင်ခြေထောက်ရောဂါသည် မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှ ကိုးနိုင်ငံတွင် ဖြစ်ပွားသဖြင့် ဒီ အီးစီဆေး တိုက်ကျွေးနေရပြီး ယင်းရောဂါသည် မြန်မာနိုင်ငံတွင် စတုတ္ထအဆင့်တွင်ရှိနေသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သိရသည်။

ဆင်ခြေထောက်ရောဂါကာကွယ်ဆေးကို မြန်မာနိုိင်ငံတွင် လွန်ခဲ့သည့်၂၀၀၀ ခုနှစ်က စတင်တိုက်ကျွေး ခဲ့ခြင်းဖြစ်ကာ ဆင်ခြေထောက်ရောဂါကင်းဝေးရေး စီမံချက်အနေဖြင့် ဆေးတိုက်ကျွေးခြင်းများ ဆောင် ရွက်လျက်ရှိသည်။

လက်ရှိတွင် ရောဂါဖြစ်ပွားမှုရှိနေသဖြင့် ကာကွယ်ဆေးတိုက်ကျွေးရခြင်းဖြစ်ပြီး ၂၀၂၀ ခုနှစ်တွင် ဆင်ခြေ ထောက် ရောဂါ ကင်းဝေးအောင် လျှော့ချသွားမည်ဟုလည်း ကျန်းမာရေးပညာပေးဌာန၊ ကျန်းမာရေးဦး စီးဌာန၊ ဆင်ခြေထောက်ရောဂါ ကင်းဝေးစေရေးစီမံချက်မှ သိရသည်။ လူဦးရေ ၁၀၀၀ တွင် လူတစ်ဦးသာ ရောဂါပိုး တွေ့ရှိမှသာရောဂါ ကင်းဝေးမည် ဖြစ်သည်ဟုလည်း သိရသည်။

ကျန်းမာရေးပညာပေးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ဆင်ခြေထောက်ရောဂါ ကင်းဝေးစေရေး စီမံချက်မန် နေဂျာ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာနီနီအေးက “အရင်ကတည်းက ဒီဆေးကို နယ်တွေမှာ တိုက်ကျွေးလာတာ။ အရင်က ဆေးမှန်မှန်မရဘူး။ အခု ဆေးလှူတဲ့သူ ရှိလာလို့ ရန်ကုန်၊ မန္တလေးအထိ တိုက်ကျွေးတာပါ။ ၄၅ ခရိုင်ကို တိုက်ကျွေးသွားမယ်။ အခု ၁၉ ခရိုင် ကျန်နေသေးတယ်”ဟု ပြောသည်။

ဆင်ခြေထောက်ရောဂါလက္ခဏာသည် ရောဂါပိုးရှိသော်လည်း ရောဂါလက္ခဏာ လုံးဝမပြဘဲ ငုတ်နေ တတ်သည်ဟု လည်း ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး (ငြိမ်း) ဒေါက်တာဦးခင်မောင်လွင်က ပြောသည်။

ဆေးတိုက်ကျွေးခြင်းနှင့် ပတ်သက်ပြီး ၎င်းက “ဆေးတွေက အစစ်အမှန်တွေ ဖြစ်ပါတယ်။ ဆေးတိုက်ဖို့ လူဦးရေက ၄၁ ဒသမ ၉ သန်း ရှိနေပါတယ်။ ရာသီဥတုက ဒီလိုဖြစ်ပေါ်နေမယ်ဆိုရင် ဆင်ခြေထောက် ရောဂါ ကာကွယ်တဲ့ လုပ်ငန်း တစ်ခုကို ခိုင်ခိုင်မာမာ မလုပ်နိုင်ရင် ဒီထက် ပိုဆိုးမယ်။ အန္တရာယ်ကို ကာကွယ်ဖို့ လူတွေကို အသိပညာပေးဖို့ လိုတယ်” ဟု ပြောသည်။

ဆင်ခြေထောက်ရောဂါ ကင်းဝေးရေးအတွက် ဒီအီးစီဆေးနှင့် အယ်ဘန်ဒါဇိုးဆေး နှစ်မျိုးကိုပေါင်းပြီး တစ်ကြိမ်ထဲ တိုက်ခြင်းဖြစ်သည်။ ကူူးစက်မှုရှိသည့် ဒေသများတွင် နေထိုင်သူအားလုံးကို တစ်နှစ်လျှင် တစ်ကြိမ် ငါးနှစ်ဆက်တိုက် ဆေးတိုက်ကျွေးခြင်းဖြစ်သည်။ ယင်းဆေးကို အသက်နှစ်နှစ်အောက် ကလေး၊ ကိုယ်ဝန်ဆောင်၊ နှလုံး၊ သွေးတိုး၊ ဆီးချို၊ အသဲ၊ ကျောက်ကပ်၊ ပန်းနာ၊ ရောဂါတစ်ခုခုကြောင့် အိပ်ရာထဲ လဲနေသူနှင့် ဆေးသောက်နေရသူများကလွဲပြီး ကျန်အားလုံးကို တိုက်ကျွေးသည်။

အဆိုပါဆေးကို အစားအစာတစ်ခုခု စားပြီးမှ သောက်ရမည်ဖြစ်ကာ ဆေးသောက်ပြီးလျှင် အနားယူရ မည်ဖြစ်သည်။ ဆေးသောက်ပြီး လှုပ်ရှားမှုများလျှင် အနည်းငယ်မူးဝေခြင်း ဖြစ်ပေါ်နိုင်ပြီး ဆေးအာနိ သင်ကြောင့် ရောဂါပိုး သေသွား သည့်အခါ ယင်းဒဏ်ကြောင့်ဖျားခြင်း၊ ညောင်းညာကိုက်ခဲခြင်း ဖြစ်တတ် သည့် ရောဂါ လက္ခဏာသည် ရောဂါပိုး အမြောက်အမြား ရှိနေသူများ ပထမအကြိမ်သောက်စဉ်တွင် ဖြစ်ပေါ်လေ့ရှိသော်လည်း နောက်နှစ်များတွင် ဖြစ်လေ့ မရှိတော့ဟုလည်း ဒေါက်တာနီနီအေးက ပြောသည်။

ဆင်ခြေထောက်ရောဂါသည် သွေးကြောတွင်နေသော သန်ကောင်အမျိုးအစား ကပ်ပါးပိုးကြောင့် ဖြစ်သည်။ ဆင်ခြေထောက်ရောဂါပိုးကို သယ်ဆောင်သည့် ခြင်အမျိုးအစားမှာ ကျုးလက်စ်ဖြစ်သည်။ ယင်း ခြင်သည် ရေပုပ် ရေသိုးမြောင်းများ မလုံခြံုသော အိမ်သာကျင်းများတွင် ပေါက်ပွားလေ့ရှိသည်။

လက်ရှိ ဆင်ခြေထောက်ရောဂါကာကွယ်ဆေး တိုက်ကျွေးနေသော ဒီအီးစီဆေးကို Sanofi ဆေးကုမ္ပဏီမှ လှူဒါန်း ထားခြင်း ဖြစ်သည်။

Most read this week