အပစ်အခတ်ရပ်စဲပြီးနောက် ငြိမ်းချမ်းရေးကြိုးပမ်းစဉ်ကာလအတောအတွင်း လူငယ်များအရေး ဆောင်ရွက်ရာတွင် ယခင်ကထက် ပိုမိုလွတ်လပ်စွာသွားလာလှုပ်ရှားနိုင်ပြီး ပြောရဲဆိုရဲရှိလာသည့် အခြေအနေသို့ ရောက်ရှိလာပြီဖြစ်ကြောင်း Youths Network for Kayah ကယားပြည်နယ် လူငယ်ကွန်ယက်တာဝန်ခံ ပိုးရယ်ခူးတလေက အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ ဂုဏ်ပြုပွဲ အခမ်းအနားကျင်းပခဲ့စဉ် ပြောကြားခဲ့သည်။
“ကျနော်တို့တွေလည်း အရင်ကလိုမျိုး တားဆီးပိတ်ပင်တာတွေလည်း သိပ်မရှိတော့ဘူးပေ့ါ။ အဲဆိုတော့ ကျနော်တို့ ဒီအပစ်အခတ်ရပ်စဲကာလမှာတော့ အရင်ကထက်တော့ အခြေအနေကောင်းနေပြီပေ့ါ”
စက်တင်ဘာလ (၂၁) ရက်နေ့ တွင်ကျရောက်သော အပြည်ပြည်ဆိုင်ရာငြိမ်းရေးနေ့ ဂုဏ်ပြုပွဲ အခမ်းအနားတရပ်ကို လွိုင်ကော်မြို့တော်ခန်းမတွင် ကယားပြည်နယ်လူငယ်ကွန်ယက်အဖွဲ့က ဦးဆောင်ကျင်းပခဲ့ခြင်း ဖြစ်သည်။
ငြိမ်းချမ်းရေးဖြစ်စဉ် လုပ်ငန်းများအတွင်းတွင် လူငယ်ထုများ ပါဝင်လာ နိုင်စေရန် ရည်ရွက်ချက်ဖြင့် ယခုလို အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ကို ဦးဆောင်ကျင်းပရခြင်းဖြစ်သည်ဟု သိရသည်။
ငြိမ်းချမ်းရေးသည် ပြည်သူတရပ်လုံးနှင့် ဆိုင်သောကြောင့် မိမိပတ်ဝန်းကျင်၊ ဒေသ၊ အသိုင်းအဝန်းများ ငြိမ်းချမ်းမှုရှိမှသာလျှင် ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မှာဖြစ်ကြောင်း၊ အထူးသဖြင့် လူငယ်တွေအကြားမှာ ငြိမ်းချမ်းမှု၏ အဓိပ္ပာယ်ကို သိရှိစေလိုကြောင်း ကယားလူငယ်ကွန်ယက်ကော်မတီမှ ဆက်သွယ်ရေးတာဝန်ခံ ခန့်ထူးခိုင်က အခုလိုပြောပါသည်။
“ငြိမ်းချမ်းရေးရအောင် ဘယ်လိုလုပ်မှာလဲ အဲလိုဘဲ လူငယ်တွေကကို ထူးထူးဆန်းဆန်း လေ့လာစူးစမ်းပြီး သိရှိတဲ့ အသိမျိုးကို လူငယ်တွေအားလုံးလုပ်ပေးကြရင် စစ်မှန်တဲ့ ငြိမ်းချမ်းရေးကတော့ ဖြစ်ပေါ်လာမယ်”
အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ ကျင်းပပြီးနောက် လူငယ်များအကြား ငြိမ်းချမ်းရေးအသိပညာ စွမ်းရည်မြင့်တင်ရေးသင်တန်းများကိုလည်း ဆက်လက်လုပ်ဆောင်သွားရန်ရှိကြောင်း သိရသည်။
ပြည်နယ်၏ ငြိမ်းချမ်းရေးကြိုးပမ်းစဉ်ကာလတွင် စစ်မှန်သော ငြိမ်းချမ်းရေးကို အခိုင်အမာ တည်ဆောက်နိုင် ရန် နိုင်ငံရေးအဖွဲ့အစည်းများနှင့်အတူ လူငယ်အဖွဲ့အစည်းများ၏ လှုပ်ရှားမှုများသည် ယခင်ကထက် သိသာထင်ရှားလာနေပြီဖြစ်ကြောင်း ပိုးရယ်ခူးတလေက ဆက်ပြောသည်။
ကယားလူငယ်ကွန်ယက်မှ ပထမဆုံးအကြိမ် အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ကို ဦးဆောင်ကျင်းပခဲ့ခြင်း ဖြစ်ပြီး ၎င်းအခမ်းအနားတွင် ပြည်နယ် ဝန်ကြီးများ၊ အစိုးရ ဌါနဆိုင်ရာများ၊ ဘာသာရေး၊ လူမှုရေးအဖွဲ့ အစည်းများ၊ ပါတီများ၊ အပစ်ခတ်ရပ်စဲရေးအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြပါသည်။