မွန်ပြည်သစ်ပါတီ၏ပုံမှန်ဗဟိုကော်မီတီ အစည်းအဝေးကို စက်တင်ဘာလ (၁)ရက်နေ့မှာ စတင်ကျင်းပပြီး၊ (၃) ရက်နေ့မှာ ပြီးဆုံးသွားပါသည်။ ဤအစည်းအဝေးကို မွန်ပြည်သစ်ပါတီဗဟိုဌာနချုပ် ဖြစ်သည့် ရေးချောင်းဖျားဒေသ၌ ကျင်းပခဲ့ခြင်း ဖြစ်ပါသည်။
စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်သွားပြီးနောက်ပိုင်း ပထမအကြိမ်ကျင်းပခဲ့ခြင်း ဖြစ်ပါသည်။ ဤသို့ဆိုလျှင် ယခု(၃)ရက်ကြာကျင်းပပြီးစီးသွားသည့် မွန်ပြည်သစ်ပါတီ၏ ဗဟိုကော်မီတီ အစည်းအဝေးမှာ ဘာများဆုံးဖြတ်ခဲ့ပါသလဲ။ ကာယကံရှင် ဗဟိုကော်မီတီတချို နှင့် တွေ့ဆုံမေးမြန်းပြီးတင်ပြသွားမည်ဖြစ်ပါ သည်။
မွန်ပြည်သစ်ပါတီသည်၊ ပြီးခဲ့သည့် ၂၀၁၀ခုနှစ် အောက်တိုဘာလမှစပြီးအပစ်အခတ်ရပ်စဲရေး ပျက်ပြယ် သွားပြီးဟု နအဖ၏ အရှေ ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးဟောင်း ဗိုလ်မှူးချုပ် သက်နိုင်ဝင်းက တရားဝင်ပြောကြားခဲ့ပါသည်။သို့သော်လည်း၂၀၁၁ ခုနှစ် သြဂုတ်လအထိ နှစ်ဖက်စလုံးက နားလည်မှု ထားရှိပြီးမြို ့ပေါ်က မွန်ပြည်သစ်ပါတီ ဆက်ဆံရေး ရုံးများမှာလည်း ကိုယ်စားလှယ်များထားရှိခဲ့ပါသည်။ ယခုအချိန်၌ ထိုနားလည်မှုကို မွန်ပြည်သစ်ပါတီက တဖက်သတ်ရပ်စဲလိုက်ပြန်ပြီး ဖြစ်ပါသည်။ မြို ့ပေါ်က ဆက်ဆံရေးရုံး အားလုံးမှကိုယ်စားလှယ် များကိုလည်း ရုတ်သိမ်းခဲ့ပြီး ဖြစ်ပါသည်။
ဤအချိန်မှစပြီး မွန်ပြည်သစ်ပါတီသည်၊ မိမိတို့တပ်ဖွဲ့ဝင် အားလုံးဆီသို့အမိန့်တရပ် ထုတ်ပြန်ခဲ့ပါသည်။ယင်းအမိန့်မှာ သြဂုတ်လမှစပြီး၊ စစ်အစိုးရနှင့်ဂတိပေးထားသည့် အချက်မှန်သမျှ တရားမဝင်တော့ကြောင်း ၊ သတ်မှတ်ထားသည့်လှုပ်ရှားဂွင် အပြင်ဖက်ကို ထွက်ပြီးမိမိတို့ လုပ်သင့်လုပ်ထိုက်သောလုပ်ငန်းကို လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်ပြီး ဖြစ်ကြောင်း၊စစ်အစိုးရတပ်မှ လာနှောက်ယှက်ပါက ပစ်ခတ်နိုင်ကြောင်း၊ သို့သော် မိမိဘက်မှအရင်ပစ်ခတ်မှုများ လုပ်၍ မရသေးကြောင်း ဆိုသည့်အမိန့်ပင် ဖြစ်သည်ဟုဗဟိုအလုပ် အမှုဆောင် တဦးထံမှသိရပါသည်။
“ကျနော်တို့မူကတော့ အရင်ပစ်မှာတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့အရင်သဘောတူထားတဲ့ ကန့်သတ်ချက် တွေကိုတော့ ဖျက်လိုက်ပြီးလေ။ ဒါပေမဲ့ ခက်တာကညွှန်ကြားသလို ဖြစ်မလာဘူး။ ဒါကြောင့် ဗဟိုကော်မီ တီပုံမှန်အစည်း အဝေးကျင်းပချိန်လည်း ရောက်နေပြီးဆိုတော့ ကျနော်တို့က အစည်းအဝေး ခေါ်လိုက်တာပါ” ဟူ၍ မွန်ပြည်သစ်ပါတီ ဗဟိုအ လုပ်အမှုဆောင် တဦးက ပြောခဲ့ပါသည်။
မွန်ပြည်သစ်ပါတီ ဗဟိုကော်မီတီအစည်းအဝေးကို (၃)ရက် ကျင်းပခဲ့ပြီးဖြစ်ပါသည်။ ဘာများဆုံးဖြတ် ခဲ့ကြပါသလဲ။ (၁) ယခုကမ်းလှမ်းလာသည့် စစ်အစိုးရ၏ခြိမ်းချမ်းရေး ကမ်းလှမ်းချက်ကို တဖွဲ့ချင်း မဆွေးနွေးတော့ဘဲ တိုင်းရင်းသားအဖွဲ ့ အားလုံး ပါ၀င်သောအဖွဲ ့မှ ဆွေးနွေးရန်နှင့် တပြည်လုံးအပစ် အခတ်ရပ်စဲရေးကိုရမှ လက်ခံသွားစေရန်ဆိုသည့် UNFC ( United Nationalities Federal Council )၏ မူကိုအတည်ပြုခြင်း။ (၂) အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်ပြီးနောက်ပိုင်း လုပ်ငန်းစဉ်သစ်များ ချမှတ်ခြင်းနှင့် ပါတီကွန်ကရက်ကျင်းပရန်ပြင်ဆင်မှုများအတွက် ဆွေးနွေးခဲ့သည်ဟု ဗဟိုအလုပ်မှုဆောင် တဦးကပြောကြားခဲ့ပါသည်။
မွန်ပြည်သစ်ပါတီ၏ တပ်ဖွဲ ့ဝင်များသည် အလစ်အငိုက်မမိစေရန်တပ်လှန့်ထားပြီး ဖြစ်သည့်အပြင် တိုက်ပွဲအတွက် နေရာ ယူထားပြီးလည်းဖြစ်ပါသည်။ယခုဗဟိုကော်မီတီအစည်းအဝေးမှ ဆုံးဖြတ်လိုက်သည့် အစီစဉ်သစ်သည်၊မွန်ပြည်သစ်ပါတီ နယ်မြေ၌ တိုက်ပွဲများဖြစ်လာရန်ရှိနေသည်ဟု မွန်စစ်ရေးအကဲခတ် များက ခန့်မှန်းနေပါသည်။ စစ်အစိုးရသည် နိုင်ငံရေး အရတိုင်းရင်းသားများကို အမျိုးမျိုး သွေးခွဲပြီး လိမ်ညာခဲ့သည့်အတွက်ငြိမ်းချမ်းရေးကိစ္စကို တဖွဲ့ချင်း ဆွေးနွေးသည်ထက်အားလုံးပါ၀င်သည့် ဆွေးနွေးမှုသည်သာ အဖြေမှန်ဖြစ်နိုင်သည်ဟု မွန်နိုင်ငံရေးသမားများကဆိုပါသည်။
မွန်ပြည်သစ်ပါတီသည်၊ စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေးလက်ခံပြီးသည့်နောက် တဖြည်းဖြည်း အင်အား ကျဆင်းလာခဲ့ ပါသည်။ ဗဟိုပါတီတွဲဖက်အတွင်းရေးမှူးမှသည် ဗဟိုကော်မီတီများ၊ တပ်မှူးများ၊ ပါတီဝင်များနှင့်ရဲဘော်များအပါ၀င် အင်အား သုံးပုံနှစ်ပုံခန့် အနားယူသွားခဲ့သည်ဟုမွန်ပြည်သစ်ပါတီ ဗိုလ်မှူးကြီးဟောင်း တဦးက ပြောပါသည်။ အနားယူသူအများစုသည်လည်း စစ်အစိုးရ၏ လိမ်ညာနေမှုကို အားမရသည့်အတွက် မကျေနပ်ခြင်းဖြစ်ပါသည်။ ဤအခြေအနေအတိုင်း ဖြစ်ရိုးအမှန်ဆိုလျှင် မွန်ပြည်သစ်ပါတီ၊ဗဟိုကော်မီတီ၏ လက်ရှိဆုံးဖြတ်ချက်သည်၊ အနားယူသွားသည့်အဖွဲ့ဝင်ဟောင်းများကို ဆွဲဆောင်နိုင်မလား စောင့်ကြည့်ရလိမ့်မည် ဖြစ်ကြောင်းပါတီဝင်များက ဆိုပါသည်။
မွန်ပြည်သစ်ပါတီသည်၊ လက်နက်ခဲယမ်းမီးကျောက်ပြသနာ ရှိနေခဲ့ပါသည်။ဤသို့ကြောင့်ပင် အပစ်အခတ် ရပ်စဲရေးပျက် သော်လည်း စစ်ရေးလှုပ်ရှားမှုကိုချက်ချင်း အကောင်အထည် မဖေါ်နိုင်သေးဘဲ နိုင်ငံရေး နည်းပရိယာယ်ကိုအခြေအနေအပေါ် ကစားနေရကြောင်း ဗဟိုကော်မီတီဝင် တဦးက ပြောပါသည်။ သို့သော်မွန်ပြည်သစ်ပါတီသည်၊ UNFC ( United Nationalities Federal Council ) အဖွဲ့ဝင်လည်း ဖြစ်ပါသည်။ ထူးခြားလာသည်မှာ UNFC မှ တပြည်လုံး အပစ် အခတ်ရပ်စဲရေးကို လက်ခံမှ စစ်အစိုးရနှင့် ဆွေးနွေးမည်ဆိုသည့်ပေါ်လစီဖြစ်လာပြီးနောက်ပိုင်းမှာ မွန်ပြည်သစ်ပါတီ၏ ကြပ်တည်းနေသည့်လက်နက်ခဲ ယမ်း မီးကျောက်ပြသနာမှာလည်း ပြေလည်လာခဲ့သည်ဟု သိရပါသည်။ထို့ကြောင့် UNFC ၏ ပေါ်လစီသည် ယခင်တပ်ပေါင်းစုများ ပေါ်လစီထက်ပိုမိုသွေးစည်းနေကြသည်ဟု ပြောနိုင်ပါသည်။
“မွန်ပြည်သစ်ပါတီကတော့ နောက်ဆုံးတော့ လက်နက်ချမှာဘဲ၊ သူ့လူတွေဟာစီးပွားရေးသမားတွေ ဖြစ်ကုန်ပြီး၊ လူကြီးတွေကိုလည်း ကြည့်စမ်းပါပွနေကြပြီးပေါ့ ၊ မြို ့ပေါ်က အဆောက်အဦးတွေလည်း အခိုင်အမာ တည်ဆောက်ထားတယ်လေ၊ သူတို့စွန့်လွှတ် နိုင်ကြပါ့မလား” ၊ ဆိုသည့် ဆိုသည့်ဝေဖန်မှုပေါင်း များစွာကြောင့် ပါတီဝင်များစွာသည် တွေဝေ မှုများရှိခဲ့သည်မှာ အမှန်ပင် ဖြစ်ပါသည်။ ယခုတော့ ဤအမြင်များကို ပြန်လည်စုစည်းရန်အတွက် ပါတီညီလာခံကို ခေါ်သင့် နေပါပြီး၊တွေဝေနေသောခေါင်း ဆောင်ပိုင်းနှင့် တက်ကြွနေသည့် တက်သစ်လူငယ်များအကြား ယုံကြည်မှုတည်ဆောက် ရန်ဖြစ်ပါသည်။
ထို့ကြောင့် မွန်ပြည်သစ်ပါတီ၏ ယခုပြီးဆုံးသွားသည့်ဗဟိုကော်မီတီအစည်းအဝေးသည်၊ အခြေအနေနှင့် အချိန်အခါအရ သင့်တော်ပြီး၊ဆုံးဖြတ်ချက်အရ မှန်ကန်သည့် အခြေအနေ ဖြစ်သည်ဟု ယုံကြည်မိပါသည်။ သို့သော်အကြီးဆုံးတာဝန်မှာ ပြောင်းလဲလာသည့် ခေါင်းဆောင်ပိုင်း အသစ်များသည်တော်လှန်ရေးကို အစဉ်အလာ ဦးဆောင်မှု ပေးလာပြီး၊ အပစ်အ ခတ်ရပ်စဲရေးကိုထိန်းကြောင်းပေးလာခဲ့သည့် ယခင်ခေါင်းဆောင်ဟောင်းများလို ဦးဆောင်မှုပေးနိုင်ပါ့မလားဆိုသည့် မေးခွန်းပင် ဖြစ်ပါသည်။ ဤမေးခွန်းသည်၊ မွန်ပြည်သစ်ပါတီဝင်တိုင်း ၊ မွန်အမျိုးသားတိုင်းက မေးချင်နေကြသည့် မေးခွန်း မျိုးဖြစ်နေမည်ဟု ကျမယုံကြည်ပါသည်။