လက်ရှိကျင့်သုံးနေသော ဖွဲ့စည်းပုံ အခြေခံဥပဒေကို နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား ပါတီများနှင့် လက်နက်ကိုင် များက ပြင်ဆင်ခြင်း သို့မဟုတ် အသစ်ရေးဆွဲခြင်း ပြုလုပ်နိုင်ရန် ဆောင်ရွက်နေသော်လည်း ယင်းဥပဒေကို ဦးစွာပြင်ဆင်ပြီးမှသာ ဖွဲ့စည်းပုံ အသစ်ရေးဆွဲနိုင်မည်ဖြစ်သည်ဟု တရားလွှတ်တော်ရှေ့နေ ဦးဌေးဦးက စက်တင်ဘာ ၂၅ တွင် မဇ္ဈိမသို့ပြောသည်။
လက်ရှိသုံးစွဲနေသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန်မှာ လွှတ်တော်အတွင်းတွင် တပ်မတော် သား များမှ ၂၅ ရာခိုင်နှုန်း နေရာယူထားသဖြင့် ဥပဒေနှင့် ကိုက်ညီမှုမရှိဘဲ အသစ်ရေး ဆွဲနိုင်ရန်ရည်ရွယ် ချက် များပါသည့် အပိုဒ်များအား ပြင်ဆင်သည့်ထဲတွင် ထည့်သွင်းပြီးမှသာလျှင် အသစ်ရေးဆွဲနိုင်မည်ဟု ဆိုလိုခြင်းဖြစ်သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၂)တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် ပြည်ထောင်စု လွှတ်တော်ရှိ လွှတ်တော်ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းက ထောက်ခံပါက ပြင်ဆင်မည့် မူကြမ်းကို တင်နိုင်ပြီး ကိုယ်စားလှယ် ရ၅ ရာခိုင်နှုန်းက ထောက်ခံမှသာ ပြင်ဆင်နိုင်မည်ဖြစ်သည်ဟု ပါရှိသည်။ ထို့အပြင် အခန်း ၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆၊ ၁၁၊ ၁၂ မှ ပြဋ္ဌာန်းချက်များကိုမူ ပြင်ဆင်လိုပါက ကိုယ်စားလှယ် ရ၅ ရာခိုင်နှုန်း ထောက်ခံ သည့် အပြင် ပြည်သူ့ ဆန္ဒခံယူပွဲကိုပါ ကျင်းပရမည်ဟုလည်း ပါရှိသည်။
ဦးဌေးဦးက “အသစ်ရေးဆွဲဖို့အတွက် အခြေခံတွေ ထည့်ထားမှ ရမယ်၊ အဓိက ကတော့ အသစ်ရေးဆွဲရင် တိုက်ရိုက်ရေးဆွဲဖို့က ၂၀၀၈ ဖွဲ့စည်းပုံအရရော၊ နိုင်ငံရေးအရရော အခြေအနေ မပေးပါဘူး၊ အဲဒါကြောင့် အသစ်ရေး ဆွဲမယ်ဆိုရင် လက်ရှိဖွဲ့စည်းပုံကို ပြင်ဆင်ရေးဆွဲမှရမယ်၊ ဖွဲ့စည်းပုံအသစ် တစ်ခုဖြစ်လာဖို့ လိုအပ်တဲ့ဥပဒေတွေ ထပ်ထည့်မှရမယ်၊ ကာလသက်တမ်း တစ်ခုရောက်တော့မှ အသစ်ရေးဆွဲလို့ရမှာပါ၊ အသစ်ရေးဆွဲဖို့ကတော့ လက်ရှိအချိန်မှာ အခြေအနေမပေးပါဘူး” ဟု သုံးသပ်ပြောဆိုသည်။
၎င်းက ဆက်လက်၍ “အသစ်ရေးဆွဲ ချင်တဲ့သူတွေတော့ တော်တော်များနေတယ်၊ ဒါပေမယ့် လက်တွေ့ ကတော့ အခြေအနေ မပေးဘူးလို့ ယူဆပါတယ်၊ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအရ တပ်မတော်က နေရာ တော်တော် ရယူထား တယ်၊ တကယ်လို့ လမ်းကြောင်းမဟုတ်တဲ့နေရာကနေ ရှေ့ဆက်တိုးမယ်ဆိုရင် တပ်မတော်နဲ့ ထိပ်တိုက်တိုးနိုင် ပါတယ်၊ လက်ရှိ ဖွဲ့စည်းပုံနဲ့လည်း ထိပ်တိုက် တိုးနိုင်တယ်၊ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးကိုလည်း မထိခိုက် ဖို့ သေသေသပ်သပ်နဲ့ တစ်ဆင့်ချင်းသွားမှ ရမယ်”ဟု ပြောသည်။
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) နှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA)အပါအဝင် ကျန်တိုင်းရင်းသား အဖွဲ့များ ပူးပေါင်းပြီး အခြေခံ ဥပဒေသစ် ရေးဆွဲမည်ဟု ပြီးခဲ့သည့် သြဂုတ်လကကျင်းပသည့် တိုင်းရင်းသားပေါင်းစုံ ညီလာခံတွင် ဆုံးဖြတ်ချက်ချ မှတ်ခဲ့ပြီး ထိုကိစ္စအတွက် ကော်မတီလည်း ဖွဲဲ့စည်းခဲ့သည်။ အဆိုပါ ဖွဲ့စည်းပုံအသစ်ကို လာမည့် နိုဝင်ဘာလတွင် အပြီးသတ်ရေးဆွဲမည် ဖြစ်သည်ဟု လည်း ၎င်းင်းတို့က ပြောကြားထားသည်။
UNA အဖွဲ့ဝင် ဦးအေးသာအောင်(ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် )မှလည်း လတ်တလော ကာလက လွှတ်တော်တွင် ဖွဲ့စည်းခဲ့သည့် ဖွဲ့စည်းပုံပြင်ဆင်ရေး ကော်မတီအား ပြင်ဆင်ရမည့် အချက်အလက် မည်မျှရှိသည်၊ မည်သို့ လုပ်ဆောင်နိုင်မည်ကိုစောင်ကြည့် သွားမည်ဖြစ်ပြီး၊ မိမိတို့အနေဖြင့် ရေးဆွဲနေသည့် ဖွဲ့စည်းပုံ အသစ်အားပြင်ပအမျိုးသား ညီလာခံမှသာလျှင်ထုတ်ပြသွားမည်ဟု မဇ္ဈိမအား ပြောဆိုထားသည်။
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ကိုဌေးကြွယ်က “လက်ရှိဖွဲ့စည်းပုံကနိုင်ငံသား တွေ အားလုံးကို အကျိုးမပြုဘူး၊ အသုံးမဝင်တော့ဘူးဆိုတာ သက်သေပြတာတွေ အများကြီးပါပဲ၊ အသွင်ကူး ပြောင်းရေး ကာလမှာ ဖွဲ့စည်းပုံကို ပြင်ကို ပြင်ရမယ်၊ မဟုတ်ရင် အသစ်ရေးဆွဲဖို့ လုပ်ငန်းစဉ်တွေလုပ်ရမယ်” ဟုလည်း မဇ္ဈိမသို့ ပြောဆိုထားခဲ့ဖူးသည်။
အခန်းရှစ်ခန်း၊ ပုဒ်မပေါင်း ၄၀၀ ကျော် ရှိသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ အသစ်ရေး ဆွဲရေး တို့နှင့် ပတ်သက်ပြီး နိုင်ငံရေးပါတီများကလည်း ဆောင်ရွက်နေကြပြီး လွှတ်တော်ကိုယ်စားလှယ်များ ပါ၀င်သော ၂၀၀၈ ဖွဲ့စည်းပုံ လေ့လာသုံးသပ်ရေးကော်မတီကိုလည်း ဖွဲ့စည်းထားသည်။
ယင်းအပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် အစီရင်ခံစာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် တိုင်းရင်းသား ပါတီများ ပူးပေါင်းကာ နိုဝင်ဘာလတွင် ထုတ်ပြန်မည်လည်း ဖြစ်သည်။