KIA ထိန်းချုပ်နယ်မြေအတွင်း အစိုးရတပ်လှုပ်ရှားမှုများ ခေတ္တငြိမ်သက်

KIA ထိန်းချုပ်နယ်မြေအတွင်း အစိုးရတပ်လှုပ်ရှားမှုများ ခေတ္တငြိမ်သက်
by -
ကေအဲန်ဂျီ

လတ်တလော ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA တပ်ချထား သော နယ်မြေများတွင် အစိုးရတပ်ဖက်မှ လှုပ်ရှားမှုများ အရှိန်လျော့နည်းလာကြောင်းသိရသည်။

ထိုသို့ အစိုးရတပ်ဖက်မှ လှုပ်ရှားမှုများ ခေတ္တငြိမ်သက်နေသည်ဟုဆိုသော်လည်း တပ်ဆုတ်သွားခြင်းမရှိ သေးပဲ KIA တပ်ချထားသည့် နေရာအနီးတွင် အသင့်ရှိနေခြင်းဖြစ်သည်ဟု နှစ်ဖက်တင်းမာမှုရှိခဲ့သော ရှမ်းပြည်မြောက်ပိုင်း တပ်မဟာ (၄)ဖက်မှ တပ်ခွဲမှူး ဇော်ဆိုင်းကပြောသည်။

“အခုတလော တော့ သိပ်ထူးထူးခြားခြားမရှိသေးဘူး။သူတို့ဖက်က လှုပ်ရှားမှု လုံးဝ မရှိတော့တာမဟုတ်ဘူး။ အရင်ကလို လှုပ်ရှားတာမျိုးမရှိတာ။ အစိုးရတပ်တွေဖက်က ထိုးစစ်ဆင်ဖို့ပြင်ဆင်နေတာကြားပေမယ့် ခုချိန်အတွင်းမှာတော့ ရှမ်းပြည်ဖက်မှာတော့ ငြိမ်နေပါတယ်”

နှစ်ဖက်တိုက်ပွဲများသည် အစိုးရတပ်များက ၄င်းတို့နေရာမှာ KIA တပ်နယ်မြေများသို့လှုပ်ရှားလာချိန် ဖြစ်ပွားနေခြင်းဖြစ်ပြီး ယခုအချိန်တွင်မူ မိမိတပ်နေရာတွင် မိမိစောင့်ကြပ်နေပြီး အကယ်၍ KIA တပ်ရှိရာသို့ မည်သည့်အကြောင်းနှင့်မဆို လှုပ်ရှားမှုများတစုံတရာရှိလာပါက ပစ်ခတ်ရန်အသင့်ဖြစ်ကြောင်းသိရသည်။

“အခု နှစ်ဖက်အခြေအနေကို နားထောင်ကြည့်ရင်တော့ လာမဲ့ အောက်တိုဘာလဆန်းမှာ တွေ့ဆုံဆွေး နွေးပွဲရှိတယ် ဆိုတော့ စစ်ရေးတိုးချတာမျိုးတွေမလုပ်ခိုင်းပဲ တနိုင်ငံလုံးအတိုင်းအတာ လက်နက်ကိုင်အဖွဲ့ တွေနဲ့ သဘောတူ လက်မှတ်ထိုးနိုင်ဖို့  ပြင်ဆင်နေတာကြောင့်လို့ မြင်ပါတယ်” ဟုတပ်ခွဲမှူးဇော်ဆိုင်း KNG ကချင်သတင်းဌာန သို့ပြောသည်။

ရှမ်းပြည်မြောက်ပိုင်း KIA တပ်မဟာ (၄) နယ်မြေတွင် ပြီးခဲ့တဲ့ မေလ ကုန်ပိုင်း အစိုးရနှင့် KIOမြစ်ကြီးနား တွင် တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်နေချိန် တိုက်ပွဲများဖြစ်ပွားသော နေရာလည်းဖြစ် သည်။

နှစ်ဖက် တွေ့ဆုံဆွေးနွေးမှုများတွင် စစ်ရေးအရှိန်လျှော့ရန် သဘောတူညီမှုများ တဖက်တွင် အခြေအနေအရ တိုက်ပွဲငယ်များဆက်လက်ဖြစ်ပွားမှုရှိနေသော်လည်း  အဆိုပါတင်းမာမှုများကြောင့် ဆွေးနွေးပွဲကို ရပ်သွားစေသည့် အခြေအနေထိ ဖြစ်မလာနိုင်ဟု အစိုးရ ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးလှမောင်ရွှေ ပြောသည်။

တိုက်ပွဲများသည် သြဂုတ်လကုန်ပိုင်းမှ စက်တင်ဘာလဆန်းထိ ပူတာအိုခရိုင်နှင့် ပန်ဝါဒေသ ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် တင်းမာမှုများရှိခဲ့သော်လည်း ယခုချိန်တွင် ပြန်လည်ငြိမ်သက်နေသည်ဟုပဋိပက္ခများ ကိုကြားဝင်ညှိနှိုင်းနေသော ငြိမ်းချမ်းရေးအကျိုးတော်ဆောင် PCG မှ ဦးလမိုင်ဂွမ်ဂျာပြောသည်။

“အခု ပူတာအိုဖက်ကမှာလည်း ဘာမှသတင်းမကြားတော့ဘူး။ ဘာမှအကြောင်းပြန်မကြားတော့ဘူးဆိုတော့ အားလုံးငြိမ်သွားပါပြီ။ ဘယ်မှာမှတိုက်ပွဲဖြစ်နေတယ်ဆိုတာ မကြားသေးပါဘူး။ ဖြစ်ရင်တော့ကျွန်တော် တို့သိရမှာပါ”

ယခုချိန် အစိုးရနှင့် KIO နှစ်ဖက်တွေ့ဆုံဆွေးနွေးရေးအဖွဲဲ့များသည် လာမည့် လတွင်တွေ့ဆုံဆွေးနွေးမည့် ကိစ္စအတွက်ပြင်ဆင်နေပြီး KIO ဖက်မှာလည်း တက်ရောက်မည့်သူများကို ရွေးချယ်နေဆဲဖြစ်ကြောင်း သိရသည်။

Most read this week