ရွှေဝါရောင် (၆) နှစ်မြောက် အထိမ်းအမှတ် ရဟန်းတော် အပါး ၅၀ ကို စစ်တွေ မိဇံလူငယ်များ ဆွမ်းကပ်

ရွှေဝါရောင် (၆) နှစ်မြောက် အထိမ်းအမှတ် ရဟန်းတော် အပါး ၅၀ ကို စစ်တွေ မိဇံလူငယ်များ ဆွမ်းကပ်
by -
နိရဥ္စရာ

ရွှေဝါရောင် (၆) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို စစ်တွေမြို့တွင် မိဇံ ရပ်ကွက် လူငယ်များက ဆရာတော် အပါး (၅၀) ကို ပင့်ဖိတ် ဆွမ်းလောင်းပြီး ကုသိုလ် ဒါနပြုလုပ်ကာ ကျင်းပခဲ့ကြ သည်ဟု သတင်း ရရှိသည်။

အဆိုပါ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ခဲ့သူ စစ်တွေ သံယာ့ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့မှ ဆရာတော် ဦးပညာဝံသက နိရဥ္စရာကို ယခုလို မိန့်ကြားသည်။

“ ဒီအခမ်းအနားကို စစ်တွေ မိဇံရပ်ကွက်က ကျောင်းသား လူငယ်တွေက ဦးဆောင် ပြုလုပ်ကြတာ ဖြစ်ပါတယ်။ သူတို့က ရွှေဝါရောင်တော်လှန်ရေး အတွင်းမှာ ပြည်သူလူထုရဲ့  ဒုက္ခတွေကို မမြင်ရက်လို့ ပါ၀င်ကူညီရင်း ကျဆုံးသွားခဲ့ကြရတဲ့ ရဟန်းတော်တွေကို ရည်စူးပြီး နှစ်ပတ်လည်နေ့မှာ ဆွမ်းလောင်းလှူ ချင်တယ်လိုု့ ပင့်ဖိတ်တဲ့ အတွက် ဦးဇင်း အပါအဝင် ရဟန်းတော် အပါး (၅၀) တက်ရောက်ပြီး သူတို့ အလှူကို လက်ခံခဲ့ကြပါတယ်” ဟု ဆရာတော်က မိန့်ကြားသည်။

အခမ်းအနားကို ယနေ့ နံနက် ၉ နာရီကျော်တွင် ပြုလုပ်ခဲ့ပြီး ပြည်သူ တစ်ရာကျော်က ပါ၀င် ဆွမ်းလောင်းလှူခဲ့ကြသည်ဟု ဆိုသည်။

“ ဦးဇင်းတို့ကတော့ ဟောပြောပွဲတွေ မလုပ်ဖြစ်ပါ။ ဒါပေမယ့်လည်း တကာ တကာမတွေနဲ့ စုဝေးပြီးတော့ ရွှေဝါရောင် အရေးအခင်း အကြောင်းအရာတွေကိုတော့ ပြောဖြစ်ကြပါတယ်။ တခြား သိပ်ပြီးတော့ မပြောဖြစ်ပါ” ဟု ဆိုသည်။

ယခု ရွှေဝါရောင် နှစ်ပတ်လည်နေ့ အခမ်းအနားကို စီစဉ်သူများမှာ စစ်တွေ မိဇံရပ်ကွက်မှ ကျောင်းသား လူငယ်များ ဖြစ်ကြပြီး လူငယ်အများစုမှာ မိမိအသိစိတ်ဓါတ်ဖြင့် ပြုလုပ်ကြခြင်း ဖြစ်သည်ဟု စီစဉ်သူများထဲမှ လူငယ်ခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုအောင်နိုင်ချေက ဆိုသည်။

သူတို့၏ ရွှေဝါရောင် နှစ်ပတ်လည်နေ့ကို လုပ်ရသော ရည်ရွယ်ချက်မှာ ၎င်းအရေးအခင်း အတွင်း ကျဆုံးသွားခဲ့ကြသော ရဟန်းတော်များနှင့် ကျောင်းသား ပြည်သူများကို သူတို့နှင့် ထပ်တူ ရှိနေခြင်းကို ပြသလို၍ ပြုလုပ်ရခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။

ယနေ့ပြုလုပ်သော အခမ်းအနားကို အာဏာပိုင်များထံမှ ခွင့်ပြုချက် မယူဘဲ ပြုလုပ်ခဲ့ကြခြင်း ဖြစ်ကြောင်း၊ သို့သော်လည်း တစ်စုံတစ်ရာ နှောင့်ယှက်ဟန့်တားမူ မရှိ၍ အာဏာပိုင်များကို ကျေးဇူးတင်ကြောင်း၊ ယင်းပြင် အခမ်းအနားသို့ တက်ရောက်လာကြသည့် ရဟန်းတော်များ၊ အမျိုးသမီး ကွန်ယက် အဖွဲ့ဝင်များနှင့် ပါတီမှ ခေါင်းဆောင်များကိုလည်း ကျေးဇူးတင်ပါကြောင်း ကိုအောင်နိုင်ချေက ပြောသည်။

ရခိုင်ပြည်နယ် မြို့တော် စစ်တွေသည် ပြည်သူများအတွက် ကြီးမြှင့်လာသော ကုန်စျေးနုန်းကို ချပေးရေန် အစိးရကို ရဟန်းတော်များ စစ်တွေမြို့ လမ်းမများပေါ်တွင်စတင် ဆန္ဒပြ တောင်းဆိုခဲ့သော မြန်မာပြည်ထဲမှ မြို့ဖြစ်သည်။

Most read this week